ကုလ လူ့အခွင့်အရေးအစီရင်ခံစာအပေါ် စိုးရိမ်ကြောင်း စစ်ကောင်စီပြော
2023.03.08
ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာဟာ ကျိုးကြောင်းဆင်ခြင်မှုနဲ့ အချက်အလက်တွေကို စိစစ်ခြင်းမရှိဘဲ ကောက်ချက်ချမှုတွေ ဖြစ်လို့ ဒီအပေါ်စိုးရိမ်ပူပန်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကနေတစ်ဆင့် နိုင်ငံတကာရာဇဝတ် တရားရုံးဆီကို ညွှန်းပို့ဖို့ မဟာမင်းကြီးရုံးရဲ့ အကြံပြုချက်ကိုလည်း ပြင်းထန်စွာကန့်ကွက် သလို အစီရင်ခံစာပါ စွပ်စွဲချက် အားလုံးဟာ ပြည်တွင်းရေးနဲ့သာ အဓိကသက်ဆိုင်တယ်လို့ ဆိုပါတယ်။
လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC မှာ တင်သွင်းနိုင်ရေး အဆင့်ဆင့်လုပ်ဆောင်ဖို့နဲ့ လက်ရှိ စုံစမ်းစစ်ဆေးနေတဲ့ ကန့်သတ်မှုပါတဲ့ နိုင်ငံဖြတ်ကျော် စုံစမ်းစစ်ဆေးမှုတွေကိုပါ ခုံရုံးကိုတင်သွင်းနိုင်ဖို့ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အကြံပြုထားတာပါ။
"လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားရှိနေတဲ့အတွက် ဗမာပြည် ပြဿနာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ မလွယ်ပါဘူး”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ ကုလရဲ့အစီရင်ခံစာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေက မပူးပေါင်းဘဲ လက်တွေ့အလုပ်ဖြစ်တာမျိုး မတွေ့ဖူးဘူးလို့ RFA ကို ပြောပါတယ်။
“အဲဒါတွေကတော့ အရင်ကတည်းက လုပ်ထားတဲ့ဟာတွေလည်း ရှိတာကိုး။ ရခိုင် ဘက်က ဘင်္ဂါလီအရေး ကိစ္စတွေမှာလည်း တရားစွဲတာတွေ ဘာတွေရှိတော့ အဲဒါတွေ ကတော့ ရေလည်းရေရှည်ပေါ့ဗျာ။ ရေရှည်သွား ရမှာ။ နောက်တစ်ခုက ဒါတွေက သက်ဆိုင်ရာနိုင်ငံကိုယ်တိုင်က လိုလိုချင်ချင် မပူးပေါင်း မဆောင်ရွက်ဘဲနဲ့တော့ အဲဒီဟာတွေက အလုပ်ဖြစ်တာ မတွေ့ဖူးဘူး ကျနော်တော့”
ကုလကိုယ်စားလှယ်တွေရဲ့ အစီရင်ခံစာတွေကို မြန်မာအစိုးရအဆက်ဆက် တစ်ခါမှ သဘောမတူခဲ့ပေမယ့် ကုလ ဘက်ကလည်း သူတို့ဆုံးဖြတ်ချက်အတိုင်း ဆက်သွားနေ မှာပဲလို့ ဦးရဲထွန်းက ဆိုပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလရဲ့ စွပ်စွဲချက်တွေဟာ ခိုင်လုံတဲ့ သက်သေ အထောက်အထားမရှိတဲ့အပြင် ဒီကိစ္စတွေဟာ ပြည်တွင်းရေးသာဖြစ်လို့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်မှာ ထည့်သွင်းပြောထား ပါတယ်။
ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ မတ်လ ၃ ရက်နေ့ နှစ်ပတ်လည် အစီအရင်ခံစာထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ကုန်ထိ စစ်အာဏာသိမ်းနှစ်နှစ်အတွင်း လူပေါင်း ၃၀၀၀ နီးပါး အသတ်ခံရပြီး တစ်သောင်းရှစ်ထောင်နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေပြီး ၂၀၂၁ ခုနှစ်မှာ လေကြောင်း တိုက်ခိုက်မှု (၁၂၅) ကြိမ်သာ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်ထဲမှာ (၃၀၁) ကြိမ်၊ ၂၀၂၁ မှာ လက်နက်ကြီး ပစ်ခတ်မှု (၃၇၆) ကြိမ်ရှိခဲ့ရာ ၂၀၂၂ မှာ (၇၅၆) ကြိမ်၊ ၂၀၂၁ မှာ နိုင်ငံတစ်ဝန်း ရွာမီးရှို့ခံရမှု (၂၈၂) ကြိမ်ကနေ ၂၀၂၂ ခုနှစ်မှာ (၁၃၅၅) ကြိမ်ထိ ငါးဆ နီးပါး မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။
ကုလရဲ့ အစီရင်ခံစာတွေဟာ ကျင့်ဝတ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို လိုက်နာရပြီး ထုတ်ပြန်ရလို့ အကုန်လုံး မမှန်ကန်ဘူးလို့ ပြောလို့မရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။
“အစီရင်ခံစာမှာ စွပ်စွဲမှုတွေ လုပ်တယ်ဆိုတာဟာ များသောအားဖြင့်တော့ သက်သေ သာဓကမရှိဘဲနဲ့ စွပ်စွဲလို့ မသင့်တော်ဘူးပေါ့။ ဒါက ကျင့်ဝတ်နဲ့ဆိုင်တဲ့ကိစ္စပေါ့။ ဒါက Report တွေရေးရင်၊ အစီရင်ခံစာ တွေရေးတယ်ဆိုရင် ကျနော်တို့က လိုက်နာရမယ့် ကျင့်ဝတ်တွေရှိတယ်။ အဲဒါက အဲလိုကျင့်ဝတ်တွေနဲ့ များသောအားဖြင့် UN လို အဖွဲ့အစည်းတွေမှာ အဲလိုကျင့်ဝတ်တွေနဲ့ ထိန်းထားပြီးတော့ မှန်ကန်မှု ရှိအောင် ထိန်းကျောင်းကြတာမျိုး ရှိပါတယ်။ အဲဒီအတွက်ကြောင့် UN မှာ အစီရင်ခံစာ တင်သွင်းတဲ့ဟာမှန်သမျှ အကုန်လုံးက မမှန်ကန်ဘူးဆိုပြီးတော့ ပြောလို့ရတဲ့ ကိစ္စတော့ မဟုတ်ဘူး”
ရိုဟင်ဂျာအရေး၊ ကချင်ပြည်နယ်အရေးတွေမှာ ကုလရဲ့ စွပ်စွဲချက်တွေ မမှန်ကန်ဘူးဆိုပြီး လက်ရှိ စစ်ကောင်စီတင်မဟုတ်ဘဲ NLD အစိုးရလက်ထက်မှာတောင် ငြင်းဆိုခဲ့တဲ့ သက်သေတွေရှိခဲ့တယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ဆိုပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂအင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ကုလကိုယ်တိုင် ပြဿနာတစ်ရပ်အပေါ် ရှုမြင်ပုံခြင်း မတူညီတာကြောင့် ဘယ်လို အစီရင်ခံစာတွေ မဆို လက်တွေ့ အခြေအနေနဲ့ ကိုက်ညီရဲ့ လားဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“အထူးသဖြင့် UN ကိုယ်တိုင်က နိုင်ငံတကာလို့ ပြောနေကြပေမယ့် အနောက်အုပ်စုနဲ့ အင်မတန်နီးစပ်တဲ့အခါမှာ သူတို့လိုချင်တဲ့ဟာဆိုရင် သူတို့ အမြင်တစ်မျိုးနဲ့ မြင်တယ်။ ဆိုလိုတာက သူတို့အကျိုးစီးပွားနဲ့ ထိစပ်လာရင် သူတို့ လိုချင်တဲ့ အမြင်နဲ့မြင်တယ်။ သူတို့ အကျိုးစီးပွားနဲ့ မဆက်စပ်ဘူး၊ သူတို့ အကျိုးစီးပွားကို မလိုက်နာဘူး ဆိုရင် တခြားအမြင်မျိုးနဲ့ မြင်တတ်တယ်။ ပြဿနာက ဘယ်လိုပဲ အစီရင်ခံစာတွေ ထုတ်ထုတ်၊ ဘယ်လိုပဲ လေ့လာချက်တွေ ပြောပြော တကယ်ရော လက်တွေ့အခြေအနေနဲ့ ကိုက်ညီပါရဲလားဆိုတာ အမြဲတမ်း မေးခွန်း ထုတ်စရာရှိတယ်”
လူ့အခွင့်အရေးအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေထံ လူသားချင်းစာနာမှု အကူအညီတွေ အရောက်ပေးပို့နိုင်ဖို့ စတာတွေ ပါဝင်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ကုလသမဂ္ဂမှာ တရုတ်နဲ့ ရုရှားရှိနေတာ ကြောင့် မြန်မာပြည် အရေးနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ မလွယ်ဘူးလို့ သုံးသပ်ပါတယ်။
“သူက ကမ္ဘာသိအောင် ကြေညာပြောဆိုပေးတဲ့အတွက်တော့ ကျနော်တို့ ကျေးဇူးတင်ရ ပါတယ်။ နိုင်ငံတကာရဲ့ စာနာထောက်ထားမှု ကျနော်တို့ NUG အစိုးရနဲ့ ကျနော်တို့ PDF နဲ့ EAO တွေ အတွက်က တော့ ဒါကတော့ အကျိုး ရှိတဲ့ဘက်ပေါ့ဗျာ။ ပြည်သူထောက်ခံမှု ရနိုင်တဲ့ဘက်ဖြစ်တဲ့အတွက် အဲဒီလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေး ကောင်စီမှာ တရုတ်နဲ့ ရုရှားရှိနေတဲ့အတွက် ဗမာပြည် ပြဿနာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ မလွယ်ပါဘူး”
ကုလရဲ့ အစီရင်ခံထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ အကြမ်းဖက် အဖွဲ့တွေကြောင့် ကလေး ၁၅၀ ဦး၊ ပြည်သူ ၁၂၉ ဦး၊ ဆရာ/ ဆရာမ ၆၉ ဦး၊ ကျန်းမာရေး ဝန်ထမ်း ၁၅ ဦးနဲ့ အုပ်ချုပ်ရေးမှူး ၇၃၂ ဦး အပါအဝင် စုစုပေါင်း ၅၁၅၅ ဦး သေဆုံးခဲ့တာကို မဖော်ပြထားဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကက ဝေဖန်ထားပါတယ်။
ဒီအကြမ်းဖက်လုပ်ရပ်တွေကို သေချာစွာမှတ်တမ်းတင်ထားပြီး ရန်ကုန်မြို့မှာရှိတဲ့ သံရုံးတွေအားလုံးနဲ့ ကုလသမဂ္ဂ အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အမှုဆောင်ညွှန်ကြားရေးမှူးရုံးတို့ထံ ပုံမှန်ပေးပို့နေတယ်လို့လည်း စစ်ကောင်စီက တုံ့ပြန်ထားပါတယ်။