မြန်မာ့လူ့အခွင့်အရေးအခြေအနေ ပိုဆိုးလာကြောင်း ကုလ လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.09.24
မြန်မာ့လူ့အခွင့်အရေးအခြေအနေ ပိုဆိုးလာကြောင်း ကုလ လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က ရှမ်းပြည်နယ် လားရှိုးမြို့တွင်စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်အဆောက်အဦများအားတွေ့ရစဉ်။
AFP

စက်တင်ဘာလ ၂၄ ရက် မနေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယ မဟာမင်းကြီး နာဒါ အယ်လ် နာရှစ် က မြန်မာနိုင်ငံက လက်ရှိ အခြေအနေတွေနဲ့ မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းဖို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အကြံပြုချက်တွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ နယ်မြေတွေ လက်လွတ်ဆုံးရှုံးနေတာနဲ့ အမျှ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ဖိနှိပ်မှုတွေ ဆက်လုပ်နေပြီး၊ အရပ်သား ပြည်သူတွေ ထိခိုက်သေကျေတာနဲ့ နေအိမ်စွန့်ခွာထွက်ပြေးရတာတွေ တိုးလာနေတဲ့အကြောင်း သူက ပြောသွားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၅၆၀၀ ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း၊ အခုအချိန်မှာ ရာဂီ မုန်တိုင်းလို သဘာဝ ဘေးအန္တရာယ်တွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်မဲ့ ဖြစ်နေပြီး၊ လူသားချင်းစာနာမှု အကူအညီ လိုအပ်သူ ၁၈.၆ သန်းကျော် ရှိနေကြောင်းနဲ့ စစ်တပ်က ဖမ်းဆီးထားသူ အများအပြားဟာ ထိန်းသိမ်းခံထားရချိန်မှာ သေဆုံးပြီး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ဆိုးဝါးတဲ့ အခြေအနေတွေလည်း ကြုံတွေ့နေရတဲ့အကြောင်း ပြောသွားပါတယ်။

မြန်မာပြည်သူတွေရဲ့ အကျိုးကို ရှေးရှုပြီး ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာ အဆင့်မှာရော၊ ဒေသတွင်း အဆင့်မှာပါ ဦးဆောင်ဦးရွက်ပြုမှုနဲ့ နိုင်ငံရေး စိတ်ဆန္ဒရှိဖို့ လိုနေတဲ့အကြောင်း၊ ကုလအဖွဲ့ဝင်နိုင်ငံတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံအပေါ်မှာ သြဇာ လွှမ်းမိုးမှုရှိတဲ့ နိုင်ငံတွေဟာ အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး၊ အလုပ်လုပ်ဖို့ လိုတဲ့အကြောင်းလည်း သူက ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ခိုင်မာတဲ့ နည်းလမ်းအချို့ကို ကျွန်မတို့ အဆိုပြုထားပါတယ်။ လက်နက်၊ လေယာဉ်ဆီနဲ့ မြန်မာစစ်တပ်က အရပ်သား ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လုပ်နိုင်စေတဲ့ အခြား စစ်ရေး ပစ္စည်းအားလုံး စီးဆင်းမှုကို ရပ်တန့်ရပါမယ်။ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စရပါမယ်။ မြန်မာနိုင်ငံအတွက် အနာဂတ် အဖြေကို ဆုံးဖြတ်နိုင်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ အဖွဲ့တွေနဲ့ တန်းတူ ထိတွေ့ဆက်ဆံမှုတွေ လုပ်ရပါမယ်။ မြန်မာပြည်သူ အားလုံးရဲ့ အသံကို အပြည့်အဝ ထည့်သွင်းစဉ်းစားရပါမယ်။ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ အရပ်ဘက် အဖွဲ့တွေ အားလုံးရဲ့ အသံကို ထည့်သွင်းစဉ်းစားပြီး စေ့စပ်ညှိနှိုင်း အဖြေရှာတဲ့ စားပွဲဝိုင်းမှာ ပါဝင်ခွင့် ပေးရပါမယ်” လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယ မဟာမင်းကြီး နာဒါ အယ်လ် နာရှစ် က ပြောသွားပါတယ်။


ဆက်နွှယ်သောသတင်းများ

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးမှု ဗြိတိန်ထုတ်ပြန်

ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေး ဆောင်ရွက်သင့်ကြောင်း HRW ပြော

စစ်ရာဇဝတ်မှုမှာ တာဝန်အရှိဆုံးလူကို တရားစွဲဆိုဖို့ ဆောင်ရွက်နေကြောင်း IIMM ပြောကြား


လူ့အခွင့်အရေးကောင်စီဆိုင်ရာ အမေရိကန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က မြန်မာစစ်တပ်ရဲ့ အရပ်သား ပြည်သူတွေအပေါ် တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးလာနေတဲ့အချိန်မှာ စစ်တပ်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေ တွေ့ရတဲ့အကြောင်း၊ အမေရိကန်အနေနဲ့ ICC နဲ့ ICJ တရားရုံး အမှုတွေကို အားပေးထောက်ခံကြောင်းနဲ့ ကမ္ဘာ့နိုင်ငံအားလုံးကနေ မြန်မာနိုင်ငံကို လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့မှုတွေ တားမြစ်ပေးဖို့ ကုလ လုံခြုံရေး ကောင်စီကို တိုက်တွန်းကြောင်း ပြောသွားပါတယ်။

စစ်တပ်က ကုလသမဂ္ဂနဲ့ NGO အဖွဲ့အစည်းတွေကို သွားရောက်အကူအညီပေးခွင့် ပိတ်ပင်ထားတဲ့အတွက် နိုင်ငံတကာက မြန်မာနိုင်ငံကို ဘယ်လိုလုပ်ပြီး လူသားချင်း စာနာမှု အကူအညီတွေ ပေးလို့ရနိုင်မှာလဲလို့လည်း အမေရိကန် ကိုယ်စားလှယ် မစ်ရှဲ တေလာက မေးခွန်းထုတ်သွားပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်က အရပ်သားပြည်သူတွေနဲ့ အခြေခံ အဆောက်အဦတွေကို တိုက်ခိုက်ဖျက်ဆီးမှုတွေ ရပ်တန့်ဖို့နဲ့ စေ့စပ်ညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာဖို့၊ အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့နဲ့ ရာဂီ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေကို နိုင်ငံတကာက အကူအညီတွေ ပေးအပ်ဖို့ စတဲ့အချက်တွေကို တိုက်တွန်းသွားပါတယ်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo : AFP)
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo : AFP)

လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ ပြောဆိုဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

တရုတ်နိုင်ငံဆိုင်ရာ သံအမတ်က တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရတဲ့ မြန်မာပြည်သူတွေအတွက် စာနာကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မှုမပြုဖို့နဲ့ အခြား နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ဆောင်ရွက်ကြဖို့ လိုကြောင်းပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပက်သက်ပြီး နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ ထပ်တလဲလဲ ပြောဆိုဆွေးနွေးနေပေမဲ့ တိုးတက်မှု မရှိတာကို ဝေဖန်လိုတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ စီးပွားရေး တိုးတက်ရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကိစ္စတွေကို ရထားပြီးသား ဘုံသဘောတူညီချက်တွေအရ အကောင်အထည်ဖော်ဖို့ ထောက်ခံတဲ့အကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ မတည်မငြိမ် ဖြစ်စေမယ့် ပြည်ပက စွက်ဖက်မှုတွေကိုတော့ ဆန့်ကျင်ကြောင်း ပြောသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ချမှတ်ထားတဲ့ (Resolution) ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိအောင်လုပ်ဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ဒုတိယ မဟာမင်းကြီးက မနေ့က အစည်းအဝေးရဲ့ နိဂုံးချုပ် မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။