စီပါရွာဖြစ်ရပ် စစ်ရာဇဝတ်မှုသက်သေဖြစ်လာ
2024.10.30
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၂၀ ရက်အတွင်းဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာ လူသတ်မှုကို စစ်ကောင်စီတပ်သားတွေ ကျူးလွန်ခဲ့တဲ့ သက်သေတစ်ခုအနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က အောက်တိုဘာ ၂၉ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
“ဘုတလင်မြို့နယ်မှာ ဒီလအတွင်း နောက်ထပ် စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကို ခိုင်မာတဲ့ သက်သေအနေနဲ့ တွေ့နိုင်ပါတယ်၊ အပိုင်းပိုင်း ခုတ်ထစ်ခံထားရသူတချို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေဟာ လွင့်စင် ပြန့်ကြဲနေပြီး ဦးခေါင်းတွေနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဟာ အရပ်သားနေအိမ်တွေရဲ့ ခြံစည်းရိုးမှာ ချိတ်ဆွဲခံထားရပါတယ်၊ အားလုံးပဲ ကျွန်တော်ပြတဲ့ပုံမှာ တွေ့နိုင်ပါတယ်”
လူတွေကိုအရှင်လတ်လတ် မီးရှို့သတ်ဖြတ်ထားတဲ့ တခြားဖြစ်ရပ်တွေလည်းရှိတယ်လို့ သူကတင်ပြပါတယ်။
“အဆိုးဝါးဆုံး နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ အထောက်အထားတွေ IIMM က ရထားပါတယ်၊ သူတို့ကို တရားရုံးတင်ရပါမယ်”
စစ်ကောင်စီကတော့ ဘုတလင်မြို့နယ်၊ စီပါရွာမှာသတ်ဖြတ်ခံရတဲ့ ခြောက်ယောက်နဲ့ ပတ်သက်ပြီး သူတို့တပ်သားတွေ ကျူးလွန်တာမဟုတ်ဘူးလို့ အောက်တိုဘာ ၂၁ ရက်မှာ ငြင်းဆိုထားပါတယ်။
ဒါပေမဲ့ မြန်မာပြည်က စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာတရားရုံးတင်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ (IIMM) အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) ကလည်း တင်ပြခဲ့ပါတယ်။
“အဆိုးဝါးဆုံး နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ အထောက်အထားတွေ IIMM က ရထားပါတယ်၊ သူတို့ကို တရားရုံးတင်ရပါမယ်”
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေလုပ်ကြဖို့လည်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews) က အဲဒီ ညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။
“မြန်မာနိုင်ငံကို နိုင်ငံရေးအရ ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့လိုပါတယ်၊ မြန်မာပြည်သူတွေအတွက် အချိန်ဆွဲနေလို့ မရတော့ပါဘူး”
အခုလို စစ်ကောင်စီကိုအရေးယူဖို့ ကုလသမဂ္ဂမှာ ဆွေးနွေးကြတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားထွက်မလာသေးသလို၊ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်း ဆက်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
မြန်မာပြည်သူတွေအတွက် နိုင်ငံတကာက အရေးယူပေးအောင်ကြိုးစားနေပါတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က RFA ကိုပြောပါတယ်။
“အကြမ်းဖက်စစ်တပ်က ဒါမျိုးဆိုးဝါးနေတဲ့ ကျူးလွန်မှုတွေကို တကယ်တမ်း ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ရပ်တန့်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ၊ ပြည်သူတွေအတွက် တရားမျှတမှု ဘယ်လို ဖော်ဆောင်နိုင်မလဲဆိုတာကို အခုလိုမျိုး ကုလသမဂ္ဂနိုင်ငံတွေ အားလုံးတက်ရောက်နေတဲ့ အထွေထွေ ညီလာခံကတဆင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထိကို သယ်ဆောင်ပြီးတော့ ထိရောက်တဲ့ ဆုံးဖြတ်မှု တွေ အရေးယူ ဆောင်ရွက်မှုတွေ ပေါ်ပေါက်လာအောင် ကြိုးပမ်းလုပ်ဆောင်လျှက်ရှိပါတယ်”
မြန်မာနိုင်ငံရဲ့ အခြေအနေတွေ အားလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက လုံခြုံရေးကောင်စီကို အကြိမ်ကြိမ် တောင်းဆိုခဲ့တဲ့ အတိုင်း ဆက်ပြီးတောင်းဆိုလိုပါတယ်လို့လည်း ဦးကျော်မိုးထွန်း က တင်ပြပါတယ်။
ဆက်နွှယ်သောသတင်းများ
ဘုတလင်မှာ အရပ်သားတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံရ
ဘုတလင်ဒေသခံတစ်ဦးနဲ့ RFA မေးမြန်းချက်
ဘုတလင်မှာ အရပ်သားတွေသတ်ဖြတ်ခံရမှုအပေါ် တရားမျှတမှုဖော်ဆောင်ပေးဖို့ NUG တောင်းဆို
နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူပေးဖို့ အမည်မဖော်လိုတဲ့ စီပါကျေးရွာ ဒေသခံတစ်ယောက် ကတောင်းဆိုပါတယ်။
“စစ်မိစ္ဆာတွေရဲ့ ပြည်သူတွေအပေါ်မှာ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်တာတွေ ပြည်သူအိုးအိမ်ဖျက်ဆီး နေတာတွေကို လူ့အခွင့်အရေးဆိုင်ရာ ပုဒ်မများစွာနဲ့ ICJ တရားရုံးမှာ အမြန်ဆုံးအရေးယူဆောင်ရွက် စေချင်တယ်၊ တကယ်လည်း ထိထိရောက်ရောက် လုပ်ပေးစေချင်ပါတယ်၊ နိုင်ငံတကာအနေနဲ့လည်း လက်ပိုက်ကြည့်မနေကြဘဲနဲ့ ထဲထဲဝင်ဝင် ပါဝင်ကူညီပေးကြဖို့တောင်းဆိုချင်ပါတယ်”
စစ်ကောင်စီအနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်းဟာ ဘုတလင်မြို့နယ်က ရွာတွေကို အောက်တိုဘာ တတိယပတ်အတွင်း ဝင်ရောက်စီးနင်းတာ၊ မီးရှို့ သတ်ဖြတ်တာနဲ့ လေကြောင်းကပါ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအရပ်သား ၂၄ ယောက်ထက်မနည်း ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတယ်လို့ NUG က အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဘုတလင်မြို့နယ်မှာ စက်တင်ဘာ ၃၀ ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံးသလို၊ အယောက်လေးဆယ် ဖမ်းဆီးရမိတယ်လို့ ဘုတလင်မြို့နယ်က ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောဆိုခဲ့တဲ့နောက်ပိုင်း စစ်ကောင်စီတပ်ကလည်း အဲဒီနယ်မှာ တန်ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။