လွတ်လပ်ခွင့်ကိုထိခိုက်တဲ့ နည်းပညာတွေပိတ်ဖို့ ကုလအရာရှိတိုက်တွန်း


2019.07.01
david-kaye-622.jpg ကုလသမဂ္ဂ လွတ်လပ်စွာဆန္ဒသဘောထား ထုတ်ဖော်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် Mr. David Kaye။
Photo:AFP

မြန်မာပြည်မှာ နိုင်ငံရေးအာဏာအသာစီးရဖို့အတွက် ကြိုးပမ်းတဲ့အနေနဲ့ အင်တာနက်ကို ပိတ်လိုက်တဲ့ အခြေအနေတရပ်ကို ရောက်သွားခဲ့တယ်လို့ Global Voices Advocacy လို့ခေါ်တဲ့ ကမ္ဘာ့အသံအကျိုးဆောင်အဖွဲ့က ပြောလိုက်ပါတယ်။

ရခိုင့်တပ်တော် AA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်မှာ အစိုးရက လုံခြုံရေး၊ နယ်မြေတည်ငြိမ်းအေးချမ်းရေး အကြောင်းပြပြီး အင်တာနက် ပိတ်ပင်လိုက်တဲ့အပေါ် အခုလိုပြောလိုက်တာပါ။

အဲဒီဒေသတွေမှာ အင်တာနက်ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ  ပိုတိုးလာမှာကို အထူးစိုးရိမ်ကြောင်း နိုင်ငံတကာက ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အဖွဲ့တဖွဲ့ဖြစ်တဲ့ အသံအဖွဲ့ရဲ့ ဒါရိုက်တာမောင်ဆောင်းခက ...

“ကျနော်တို့ လူ့အခွင့်အရေးအရ အင်တာနက်လက်ခံရရှိမှု အခြေအနေကို ဘယ်လိုအခြေအနေမျိုးမှာမှ ဖြတ်တောက်ခွင့်မရှိဘူးပေါ့နော်။ ဒါရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ပြည်သူတွေအနေနဲ့ သူတို့ စစ်ဖြစ်ပွားရာဒေသမှာ ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုတွေကို ချက်ချင်း အများပြည်သူသိရှိအောင် မျှဝေနိုင်ခြင်း သတင်းပေးပို့နိုင်ခြင်းမရှိတော့ဘဲနဲ့ သူတို့ရဲ့နစ်နာမှုဟာ ဒီ့ထက်ပိုပြီးဆိုးရွားနိုင်တယ်။ ဒီအင်တာနက်ရရှိခြင်းဟာ လူ့အခွင့်အရေးရရှိခြင်းအတွက် အခြေခံအချက်တခုဖြစ်တဲ့အတွက် ဒီအင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ် နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာ ဇွန်လ ၂၁ ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာပါ။ ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ ခုလိုအင်တာနက် ဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေအတွက် နစ်နာဆုံးရှုံးမှုတွေဖြစ်စေတယ်လို့ အာရှလူ့အခွင့်အရေးကော်မရှင်က ဦးမင်းလွင်ဦးကလည်း ...

“အင်တာနက်ဆက်သွယ်မှုကွန်ရက်ကို ဖြတ်တောက်ခြင်းအားဖြင့် သတင်းတွေ ပုံမှန်မစီးဆင်း နိုင်တော့ဘူး။ သက်ဆိုင်ရာဒေသတွေမှာဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို စောင့်ကြည့်လေ့လာနေသူတွေလည်း သတင်းရတာနှေးတယ်။ အဲလို သတင်းရတာနှေးတဲ့အတွက် အချိန်နဲ့တပြေးညီဆောင်ရွက်ရမယ့် ကိစ္စရပ်တွေမှာ အဟန့်အတား အများကြီးဖြစ်နိုင်တယ် မကောင်းဘူးလို့ကျနော်မြင်တယ်။ နောက်ပြီး ကျန်းမာရေးဆိုင်ရာတွေ ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ အများကြီးထိခိုက်နစ်နာနိုင်တဲ့အတွက် ပြည်သူတွေအတွက် နစ်နာဆုံးရှုံးမှု ကြုံတွေ့ရနိုင်တယ်” လို့ ထောက်ပြပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ လွတ်လပ်စွာဆန္ဒသဘောထား ထုတ်ဖော်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye က - လူတွေကို စောင့်ကြည့်ထောက်လှမ်းတဲ့နည်းပညာမှန်သမျှကို ပိတ်ပင်ပေးဖို့  အခုသီတင်းပတ်အတွင်း ကျင်းပတဲ့ ၄၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

အဲဒီထောက်လှမ်းရေးသုံးပစ္စည်းတွေကို ပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်တွေက အတားအဆီးမရှိ စိတ်ကြိုက်ရောင်းချနေတဲ့အပေါ်မှာ Mr.Kaye က ပြောလိုက်တာပါ။ မိုဘိုင်းဖုန်းပစ္စည်းတွေနဲ့  တဖက်လူတဦးရဲ့ လွတ်လပ်ခွင့်ကို စောင့်ကြည့်ထောက်လှမ်းတဲ့ ပစ္စည်းတွေကို ဒေါ်လာသန်းပေါင်းများစွာ ရောင်းချနေတဲ့ဈေးကွက်ကို သူက နမူနာပြပြီး ပိတ်ဖို့ တောင်းဆိုလိုက်တာပါ။ အဲဒီနည်းပညာသုံးပစ္စည်းတွေဟာ သတင်းသမားတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အန္တရာယ်ပြုနေတယ်လို့ သူကပြောပါတယ်။

(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။