သမ္မတက UN ကို ပေးပို့တဲ့ သဝဏ်လွှာအပေါ် သုံးသပ်ချက်များ

2018-10-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သမ္မတ ဦးဝင်းမြင့် ကို တွေ့ရစဉ်
သမ္မတ ဦးဝင်းမြင့် ကို တွေ့ရစဉ်
Photo: Myanmar President Office

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည် အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။

အဲဒီသဝဏ်လွှာထဲပါ အကြောင်းအရာတွေနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်တွေ ကို RFA သတင်းထောက် ကိုကျော်သူ က ကောက်နှုတ်တင်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ စံနှုန်းတွေအရ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးတို့ကို မြှင့်တင်ဖို့နဲ့ ဘေးအန္တရာယ်နဲ့ ရန်လိုမှုတွေကို လျှော့ချဖို့အတွက် ချမှတ်ထားတဲ့နည်းလမ်းတွေကို ကုလသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေက လိုအပ်သလို အသုံးချနေတဲ့အပေါ် မူတည်နေတယ်လို့ ပါရှိပါတယ်။

ကုလသမဂ္ဂအဖွဲ့ ရည်မှန်းချက်အောင်မြင်ရေးအတွက် ဓမ္မဓိဌာန်ကျခြင်း၊ သမာသမတ်ကျခြင်း၊ ပညာရှင်ပီသခြင်း၊ အချုပ်အခြာအာဏာ လေးစားလိုက်နာခြင်းတို့ဟာ အဓိကသော့ချက်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

နုနယ်နေသေးတဲ့ ဒီမိုကရေစီနိုင်ငံအပေါ် လက်ရှိရခိုင်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဝင်ရောက်စွက်ဖက် ဖိအားပေးလုပ်ဆောင်နေတာတွေကို အစိုးရဘက်က တုံ့ပြန်တဲ့သဘောထားဖြစ်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက ယူဆနေကြပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ ဦးရဲထွန်းက သမ္မတရဲ့ သဝဏ်လွှာအပေါ် အခုလို သုံးသပ်ပါတယ်။

"အချုပ်အချာအာဏာပိုင်ဆိုင်မှုကို ဝင်စွက်တဲ့နေရာမှာ ကုလသမဂ္ဂ သူတို့ပြောပြောနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမရှိဆိုတဲ့ကိစ္စမျိုးတွေပေါ့ ဥပမာ အင်အားကြီးတဲ့နိုင်ငံ တရုတ်တို့ ဘာတို့ဆို မတို့ရဲမထိရဲ တာမျိုးပေါ့၊ အုပ်စုအင်အားတောင့်တဲ့ ဆော်ဒီတို့ဘာတို့ဆိုရင် သိပ်ပြီးတော့မပြောတာမျိုးတို့ပေါ့၊ အခုအမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ဆိုရင် ICC တို့ ဘာတို့ကိစ္စမျိုးတွေမှာ အချုပ်အချာအာဏာပိုင်မှုကို လုပ်ပိုင်ခွင့်အပ်နှင်း သလိုဖြစ်တယ်ဆိုပြီးတော့ ဆန့်ကျင်နေတာတွေရှိတယ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကလည်း နှုတ်ထွက်သွားပြီလေ၊ ကုလသမဂ္ဂမှာချို့ယွင်းချက် အားနည်းချက်တွေ အများကြီးရှိနေတယ်ဆိုတဲ့ဟာ ကျနော်တို့ သဘောတူပါတယ်၊ သမ္မတက သဝဏ္ဍလွှာပို့တဲ့အခါ မှာ ဒေါ်နယ်ထရန့်လောက် ပွင့်ပွင့်လင်းလင်းကြီး ပြတ်ပြတ်သားသား မပြောရဲဘူးပေါ့ဗျာ၊ ကိုယ်ပြောနိုင်သလောက် ပြောရှာတယ်လို့ အဲလိုပြောရမှာပေါ့"

လူသားအားလုံးနဲ့ကိုက်ညီတဲ့ ကုလသမဂ္ဂဖြစ်စေရေးအတွက် နိုင်ငံတွေအကြား သာတူညီမျှနဲ့ အပြန်အလှန်လေးစား မှုကို မြှင့်တင်ဖို့ဆိုတဲ့ ကုလသမဂ္ဂပဋိညာဉ်မူဝါဒကို အဖွဲ့ဝင်ဘယ်နိုင်ငံမဆို သတိပြုလိုက်နာဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ကိုယ့်ပြည်တွင်းရေးကို နိုင်ငံတကာက ဖိအားပေးပြီး နိုင်ငံရဲ့ အချုပ်အချာ အာဏာ ထိပါးလာပါက ကုလသမဂ္ဂအဖွဲ့အစည်းပဲဖြစ်ပစေ ခုလိုတုံ့ပြန်ပြောရမှာပဲလို့ သူ့အမြင်ကို ပြောပါတယ်။

"အစိုးရတစ်ရပ်အနေနဲ့ကတော့ အဲလိုပဲပြောရမှာပဲဗျ၊ ဘာလို့လဲဆိုတော့ ကိုယ့်နိုင်ငံတွင်းကပြဿနာကို အဲလိုမတုံ့ပြန်ရင်မရဘူးလေ၊ ဘာပဲဖြစ်ဖြစ် အမေရိကန်ကလည်း သူ့နိုင်ငံကလူတွေ ICC တင်မယ့်အခါမှာ သူ့ရဲ့အချုပ်အချာထိခိုက်တယ်လို့ဆိုခဲ့တာပဲ၊ တိုင်းပြည်တစ်ခုရဲ့ အစိုးရတစ်ခုရဲ့ သမ္မတတစ်ယောက်အနေနဲ့ ကတော့ တိုင်းပြည်အချုပ်အချာအာဏာကို ထိပါးလာရင်ခွင့်ပြုလို့မရဘူး၊ ဆိုလိုတာကတော့ဗျာ ဒီရခိုင်မှာဖြစ်တဲ့ အင်အားအလွန်အကျွံသုံးတယ်ဆိုတဲ့ ကိစ္စတွေရှိရင် တရားစီရင်ရေးရှိရင် ကိုယ့်ဟာကိုယ်ပဲ စီရင်လို့ရမယ်လေ၊ ကိုယ့်ပြည်တွင်းမှာပဲ ကျနော်တို့ စီရင်မယ်ဆိုတဲ့ သဘောထားပါပဲ၊ ပြည်ပကနေ ဝင်ရောက်စွက်ဖက်မယ်ဆိုရင် တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို ထိပါးတယ်ဆိုတဲ့ သဘောထားပါပဲ"

ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း သမ္မတရဲ့ သဝဏ်လွှာအပေါ် အခုလို သုံးသပ်ပြောပါတယ်။

"ဒါက နိုင်ငံတကာအဖွဲ့ကြီးတစ်ရပ်အနေနဲ့ ကမ္ဘာ့အဖွဲ့မိသားစုတစ်ရပ်အနေနဲ့ အကုန်လုံးကို စဉ်းစားချင့်ချိန် ပြီးတော့ ဒါလုပ်သင့်မသင့် တစ်ခြားနိုင်ငံဖိအားကြောင့် တစ်ခြားအဖွဲ့အစည်းရဲ့ ဖိအားကြောင့် နိုင်ငံတစ်နိုင်ငံ အနေနဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တယ်လို့ ခံစားရမယ်ဆိုရင်တော့ ကုလသမဂ္ဂအနေနဲ့ သူ့ရဲ့ဂုဏ်သိက္ခာ အနေနဲ့ ကုလသမဂ္ဂဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်တွေနဲ့ ဒါ ကိုယ့်အဖွဲ့အစည်းကို ထိန်းသိမ်းသင့်တယ်ပေါ့ဗျာ"

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ခေါင်းဆောင် ဦးဟန်ရွှေကလည်း သမ္မတ ဦးဝင်းမြင့်ရဲ့ ကုလသမဂ္ဂကို ပေးပို့တဲ့သဝဏ်လွှာအပေါ် အခုလို ပြောပါတယ်။

"အမေရိကန်နိုင်ငံရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ပေါ့လေ၊ နုတ်မထွက်ခင်မှာ သူ ကုလသမဂ္ဂအပေါ်မှာ တော်တော်လေး ပစ်ပစ်ခါခါပြောသွားတာလေးတွေ ရှိခဲ့တာပေါ့၊ ဒီမွတ်စလင်နိုင်ငံတွေရဲ့အပေါ်မှာ ဗိုင်းရပ်စ်ဖြစ်တယ်ပေါ့လေ၊ ကုလသမဂ္ဂက မွတ်စလင်နိုင်ငံတွေရဲ့ လွှမ်းမိုးတာလုပ်ခံနေရတယ်၊ ဒီလိုလေး ပြောလာတာရှိတာပေါ့၊ အဓိကကတော့ ဒီနိုင်ငံလေးအထူးသဖြင့်ပေါ့ ဖွံ့ဖြိုးစနိုင်ငံလေးအနေနဲ့ကတော့ နိုင်ငံတကာမှာ အရင်တုန်းကလည်း အုပ်စုကြီးတွေရှိတဲ့အခါ အားကိုးဖို့ကတော့ ကုလသမဂ္ဂ နိုင်ငံပေါင်းစုံ အဖွဲ့အစည်းကြီးပဲရှိပါတယ်၊ ၁၉၃ နိုင်ငံတည်းဟူသော အဖွဲ့ဝင်နိုင်ငံတွေရဲ့ လေးစားခြင်းခံရတဲ့ အဖွဲ့အစည်း ကြီးဖြစ်အောင် လုပ်ဖို့လိုတာကတော့ အဓိကပဲလို့ ကျနော် မြင်ပါတယ်ခင်ဗျ"

ကမ္ဘာကြီးမှာ အမျိုးသားရေးစိတ်ဓာတ်၊ ဂိုဏ်းဂဏစွဲမုန်းတီးရေးဝါဒနဲ့ စီးပွားရေးမမျှတမှုတို့ မြင့်တက်လာတာတွေကို ဝမ်းနည်းစွာမျက်မြင်ကြုံတွေ့ရကြောင်း၊ အဲဒီကိစ္စတွေ ကိုင်တွယ်ဖြေရှင်းရာမှာ အဖွဲ့ဝင်အားလုံး လူ့အဖွဲ့အစည်းတွေရဲ့ စိုးရိမ်မှုတွေကို ထည့်သွင်းစဉ်းစားပြီး ကိစ္စတစ်ခုချင်းစီအပေါ် ထည့်သွင်းစဉ်းစားဖို့ အရေးကြီးကြောင်း၊ မတူကွဲပြား မှုတွေ ပေါင်းစပ်ညှိနှိုင်းခြင်းဟာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို မြှင့်တင်ဖို့ အမှန်တကယ်လိုလား သူတွေရဲ့ အဓိကရည်မှန်းချက်ဖြစ်သင့်တယ်လို့ သဝဏ်လွှာမှာ ထည့်သွင်းပါရှိပါတယ်ခင်ဗျာ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့