မနေ့က ရန်ကုန်ကတစ်ဆင့် နေပြည်တော်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာဟာ ဒီကနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဘာတွေ ဆွေးနွေးတယ်ဆိုတာကို အတိအကျ မသိရသေးပေမယ့် ဒီခရီးစဉ်ဟာ အထူး ကိုယ်စားလှယ်နဲ့ မြန်မာအစိုးရအကြား တရားဝင် တွေ့ဆုံမှုဖြစ်ပြီး ရလဒ်ကောင်းတွေ ထွက်ဖို့ မျှော်လင့်ထားတယ်လို့ ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံ အစိုးရနဲ့ တရားဝင် တွေ့ဆုံမှုဖြစ်တယ်ဆိုတာကို သတိပြုစေလိုပါတယ်။ တွေ့ဆုံမှုကနေ ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်”
မစ္စ နိုလင်းဟေဇာရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ဆိုးရွားနေတဲ့အတွက် လုံခြုံရေးကောင်စီရဲ့ နောက်ဆုံးတောင်းဆိုချက်အရ လာရောက်တာဖြစ်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးရေး ကိစ္စတွေကို အဓိက ဆွေးနွေးမယ်လို့ ဩဂုတ်လ ၁၅ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးနယ်ပယ်နဲ့ အရပ်ဘက် အဖွဲ့အစည်းနယ်ပယ်က တာဝန်ရှိသူတွေ၊ ပြည်တွင်း ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာသူတွေနဲ့ နက်နက်ရှိင်းရှိုင်း တွေ့ဆုံဆွေးနွေးပြီးမှ ဒီခရီးစဉ် စတင်လိုက်တာလို့လည်း ကုလထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ခြောက်နှစ် ထပ်တိုးထားပြီး လက်နက်ကိုင်ခုခံသူတွေကို အင်အားသုံးဖိနှိပ်သတ်ဖြတ်နေချိန်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်မယ်ဆိုတဲ့ ကုလအထူးသံရဲ့ ခရီးစဉ်အပေါ် သံသယဖြစ်မိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့က အခု လာတဲ့အချိန်က အချိန်ကိုက် Timing ကို မေးခွန်းထုတ်စရာ ဖြစ်နေတယ်နော်။ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ခြောက်နှစ် ဆိုပြီးတော့ ချမှတ်တယ်။ ဒီမိုကရေစီ Activist တွေကို သတ်နေတယ်။ ဒီအချိန်မှာလုပ်တဲ့ဟာက အကြမ်းဖက်မှုကို ရပ်အောင်လုပ်မယ်ဆိုတဲ့ကိစ္စက သူလုပ်နိုင်ပါ့မလားဆိုတာ သံသယဖြစ်မိပါတယ်”
စစ်ကောင်စီက လက်ရှိ ပြည်တွင်းမှာ တစ်နေရာကနေ တစ်နေရာ ဆန်၊ ဆီ၊ ဆားနဲ့ တခြားကုန်ပစ္စည်းတွေ ပို့ဆောင်တာကိုတောင် လုံခြုံရေးအရ တင်းတင်းကျပ်ကျပ် စစ်ဆေး နေတဲ့အတွက် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေကို လွတ်လွတ်လပ်လပ် ခွင့်ပြုမယ်၊ ကုလသမဂ္ဂနဲ့ အကန့်အသတ်မဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မမြင်မိဘူးလို့လည်း ဦးကျော်ဇော်က ပြောပါတယ်။
"အကြမ်းဖက်မှုကို ရပ်အောင်လုပ်မယ်ဆိုတဲ့ကိစ္စက သူလုပ်နိုင်ပါ့မလားဆိုတာ သံသယဖြစ်မိပါတယ်"
ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဩဂုတ်လ ၁၆ ရက် မနေ့က ချက်ချင်းကြေညာချက်ထုတ်ပြီး သတိပေးထားပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်နိုင်ရေးကို ဦးတည်ရမှာဖြစ်ပြီး၊ တကယ်လို့ ထိရောက်စွာ မဖြေရှင်းနိုင်ဘူးဆိုရင် စစ်အုပ်စုကို စစ်ရာဇဝတ်သားတွေအဖြစ်ကနေ သက်သာရာ ရသွားစေမယ်လို့ သတိပေးထားပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါး ကတော့ လက်ရှိ မြန်မာနိုင်ငံက ပဋိပက္ခတွေဟာ အပြန်အလှန်အကြမ်းဖက်နေတာ မဟုတ်ဘဲ အာဏာရှိတဲ့သူဘက်က အဓိက အကြမ်းဖက်နေတာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ RFA ကို ပြောပါတယ်။
“ကုလသမဂ္ဂအနေနဲ့ ဒီပြည်သူလိုချင်တဲ့ဆန္ဒအတိုင်း စစ်ကောင်စီက မလွဲမသွေနော်၊ ပေးကို ပေးလာရအောင် သို့မဟုတ် သူတို့ ကျူးလွန်ထားတဲ့ ကျူးလွန်ခဲ့တဲ့အမှုတွေအပေါ်မှာ ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းလိုက်တာနဲ့ တစ်ပြိုင်တည်း ဒါက ပြီးသွားမှာ။ ကျနော်တို့က ဒီလက်နက်တွေအပေါ်မှာ သာယာနေတာမှ မဟုတ်တာ။ မလွှဲသာ မရှောင်သာ ခုခံဖို့ကိုင်ထားတဲ့ လက်နက်၊ အပြန်အလှန် အကြမ်းဖက်ကြတာ မဟုတ်ဘူးဗျ။ အဲဒီတော့ အဓိက တရားခံကို ကောင်းကောင်းကိုင်တွယ် ဖြေရှင်းလိုက်တာနဲ့ ဒါက အဆင်ပြေသွားမယ့်ကိစ္စပဲ”
အကြမ်းဖက်မှုတွေကို နှစ်ဖက်စလုံးက ကျူးလွန်နေတာ မဟုတ်ဘဲ စစ်ကောင်စီဘက်ကသာ ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်ပြီး ကျေးရွာတွေကို မီးရှိ့ဖျက်ဆီးနေတာ ဖြစ်တယ်၊ ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့ လိုတယ်လို့ ဗိုလ်နဂါးက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ကျေးရွာတွေကို မီးရှို့တာဟာ စစ်ကောင်စီတပ် မဟုတ်ဘဲ PDF တွေကသာ မိးရှို့ဖျက်ဆီးပြီး သူတို့ကို အပုပ်ချစွပ်စွဲနေတာလို့ RFA ကို အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်တပ်က အာဏာသိမ်းထားတာ တစ်နှစ်ခွဲကျော်လာချိန်မှာ လက်နက်ကိုင်ဆန့်ကျင်မှုနဲ့ ဒီအပေါ် အင်အားသုံးချေမှုန်းမှုတွေ ပိုပြင်းထန်လာတဲ့အတွက် မစ္စ နိုလင်းဟေဇာရဲ့ အကြမ်းဖက်မှုရပ်တန့်ရေး ကြိုးစားချက် ဟာ ရည်ရွယ်ချက်ကောင်းပေမယ့် လက်တွေ့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
“အကြမ်းဖက်မှုတွေ ပပျောက်ရေး၊ ရပ်ဆိုင်းရေး ဆိုတဲ့ကိစ္စက စစ်ကောင်စီဘက်ကလည်း လက်ခံမှာ မဟုတ်ဘူး။ နောက်တစ်ဖက်က စစ်ကောင်စီနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ NUG နဲ့ PDF အဖွဲ့တွေကလည်း လက်ခံမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အပြန်အလှန်အနိုင်ရယူရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတို့ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး စတဲ့တောင်းဆိုမှုတွေက ခုနကပြောတဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းပစ်ရေးဆိုတာကို ဒီအင်အားစု နှစ်ဖက်ကြားထဲမှာ ဘယ်လိုမှ စေ့စပ်ညှိနှိုင်း ဖြေရှင်းနိုင်စွမ်း မရှိပါဘူး။ အဲဒါကြောင့် နိုလင်းဟေဇာ ရဲ့ ဒီအဆိုပြုချက်က သင့်တင့်လျောက်ပတ်သော်လည်းပဲ လက်ရှိကာလမှာ ဖြေရှင်းနိုင်မယ်လို့ ကျနော် မယူဆပါဘူးခင်ဗျ”
အာဏာသိမ်း နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် တစ်သန်းကျော်အတွက် ကူညီခွင့်ရဖို့ မစ္စ နိုလင်းဟေဇာရဲ့ တောင်းဆိုချက်ကတော့ လတ်တလော မဖြစ်မနေလုပ်ရမယ့် လိုအပ်ချက်ဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
အသက် ၇၄ နှစ်အရွယ်ရှိ စင်္ကာပူနိုင်ငံသူ မစ္စ နိုလင်းဟေဇာ ဟာ ၂၀၀၇ ကနေ ၂၀၁၄ ခုနှစ် အထိ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးကော်မရှင်မှာ ပထမဆုံး အမျိုးသမီး အကြီးအကဲအဖြစ် ခုနစ်နှစ်ကြာ တာဝန် ထမ်းခဲ့ဖူးပါတယ်။
၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်တွေမှာ အာဆီယံအဖွဲ့နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ပြီး၊ ဧရာဝတီတိုင်းမှာ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန်ခံခဲ့ရချိန်က ပြည်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတိုင်ပင် ခဲ့ဖူးပါတယ်။
သူဟာ ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ်အထိ အင်ဒိုနီးရှားကနေ ခွဲထွက်ခဲ့တဲ့ အရှေ့တီမောနိုင်ငံ ငြိမ်းချမ်းရေး ထူထောင်မှု၊ တိုင်းပြည်တည်ဆောက်မှုနဲ့ တည်ငြိမ်တဲ့ဖွံ့ဖြိုးတိုးတက်ရေးတွေ ဖြစ်လာဖို့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးအရာရှိအဖြစ် တာဝန်ယူခဲ့ဖူးတာမို့ ငြိမ်းချမ်းရေးနဲ့ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။
ဒါ့ကြောင့် လက်ရှိမြန်မာနိုင်ငံက ပဋိပက္ခတွေ ဖြေရှင်းရေးမှာ သူ ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာကို ပြည်သူအများစုက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။
လောလောဆယ် နေပြည်တော်ကိုရောက်ရှိနေတဲ့ ကုလအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာဟာ နေပြည်တော် အချုပ်ထောင်ထဲမှာ ထောင် ၁၇ နှစ် ချမှတ်ခံထားရတဲ့ နောက်ထပ်လည်း အမှုပေါင်းများစွာကို ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရ၊ မရဆိုတာကလည်း ပြည်သူအများစု စိတ်အဝင်စားဆုံး အချက်တစ်ချက် ဖြစ်နေပါတယ်။