မြန်မာ့အရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုကြောင်း ကုလအထူးကိုယ်စားလှယ် ပြော

2021.09.17

စက်တင်ဘာလ ၁၅ ရက်နေ့က Christian Solidarity Worldwide UK အဖွဲ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး၊ အမျိုးသားညီညွတ်ရေး အစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာ၊ ယူကေနိုင်ငံအခြေစိုက် လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူ မဝေနှင်းပွင့်သုန်နဲ့ Burma Human Rights Network က ဦးကျော်ဝင်းတို့ တက် ရောက်ပြီး လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်းကို ဆွေးနွေးသုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက သူ့အနေနဲ့ မကြာခင် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တင်သွင်းမယ့် အစီရင်ခံစာအတွက် လိုအပ်တဲ့ အချက်အလက်တွေကို မြန်မာပြည်သူတွေဟာ ရဲစွမ်းသတ္တိရှိစွာနဲ့ အန္တရာယ်ကြားကနေ ပေးပို့ခဲ့ကြတာကြောင်း၊ မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ မြန်မာပြည်သူတွေရဲ့ လက်ထဲမှာရှိပေမယ့်၊ သူတို့တွေ အောင်မြင်ဖို့အတွက်ကတော့ ပိုမိုထိရောက် မြန်ဆန်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေရမှ ဖြစ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

“ကျွန်တော် မြန်မာနိုင်ငံအခြေအနေကို လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ နောက်ဆုံး အစီရင်ခံစာ တင်သွင်းခဲ့တဲ့နောက် အခြေအနေတွေ ပိုပြီးဆိုးလာနေပါတယ်။ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှု၊ ညှဉ်းပန်း နှိပ်စက်မှုနဲ့ အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အရပ်သား ပြည်သူတွေ အရေအတွက်ဟာ တိုးလာ နေပါတယ်။ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်မှုတွေကလည်း ပိုများလာနေပါတယ်။ တစ်ချိန် တည်းမှာ စစ်ခေါင်းဆောင်တွေ အသုံးပြုနေတဲ့ နည်းလမ်းတွေကလည်း ပိုပြီးနိမ့်ကျလာပါတယ်။ သူတို့ ဖမ်းချင်တဲ့သူကို ဖမ်းလို့မရရင် ကလေးငယ်တွေ အပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေကို ဖမ်းဝရမ်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားတာတွေ ပိုများလာနေပါတယ်။ ရှေ့ဆက်ပြီး ကြုံလာရမယ့် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုကတော့ မြန်မာနိုင်ငံနဲ့ ပက်သက်လို့ နိုင်ငံတကာ မီဒီယာတွေရဲ့ အာရုံစူးစိုက်မှု မရှိတော့တာ ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြည်သူတွေ အနေနဲ့ရော၊ နိုင်ငံအစိုးရတွေ အနေနဲ့ပါ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်း သိဖို့လိုပါတယ်။ သိပြီးရင် ကြေညာချက် ထုတ်ရုံတင် မဟုတ်ဘဲ တုံ့ပြန်လုပ်ဆောင်ချက်တွေရှိဖို့ လိုပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာ့အရေးနဲ့ ပက်သက် လာရင် ဘာမှထိထိရောက်ရောက် မလုပ်ပေးနိုင်ခဲ့ပါဘူး။ အဲဒီအခြေအနေဟာ ခုထိမပြောင်းလဲသေးပါဘူး“

ကမ္ဘာအရပ်ရပ်က မြန်မာနိုင်ငံအတွက် ကူညီဆောင်ရွက်ဖို့ ဆန္ဒရှိသူ အားလုံးအနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေက အစိုးရအဖွဲ့တွေ၊ သတင်းမီဒီယာတွေ၊ ဘာသာရေး နဲ့ လူမှုရေး အဖွဲ့အစည်းတွေ အရပ်ဘက်ခေါင်းဆောင်တွေ အားလုံးနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ကြဖို့၊ အဲဒီနောက် အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်မှန်သမျှ မထိရောက်အောင် အားလုံး မဟာဗျူဟာကျကျနဲ့ ဟန်ချက်ညီညီ ဝိုင်းပြီး တားဆီးကြဖို့၊ မြန်မာ စစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်ခြင်း၊ မြန်မာနိုင်ငံကို လက်နက်နဲ့ နည်းပညာ တင်ပို့မှု ပိတ်ပင်ခြင်းနဲ့ အာဏာသိမ်း စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ ထားခြင်းအားဖြင့် သံတမန်ရေးအရ ဖိအားပေးခြင်း စတဲ့နည်းလမ်းတွေနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုတယ်လို့ မစ္စတာ တွမ်အင်ဒရူးက ပြောပါတယ်။

ဒီလို မြန်မာစစ်တပ်ကို ထိခိုက်စေမယ့် မဟာဗျူဟာကျ လုပ်ဆောင်ချက်တွေကို လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးကနေ ဦးစီးလုပ်ဆောင်တာဟာ အသင့်တော်ဆုံးဖြစ်ပေမယ့်၊ အခုအချိန်မှာ အဲဒီလိုလုပ်ဖို့ မဖြစ်နိုင်သေးတဲ့အတွက် မြန်မာနိုင်ငံအတွက် ကူညီလိုတဲ့ နိုင်ငံအားလုံးဟာ မိမိတို့ဘာသာ ဆောက်ရွက်သွားရမှာ ဖြစ်တယ်လို့လည်း မစ္စတာ တွမ် အင်ဒရုးက ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံတွင်းက မိတ်ဖက်အဖွဲ့အစည်းတွေ၊ ရှေ့တန်းကနေ တိုက်ပွဲဝင်နေတဲ့သူတွေနဲ့ အတူ လက်တွဲပြီး အလုပ်လုပ်ဖို့နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို အရေးကြီးတဲ့ မိတ်ဖက်အဖွဲ့အစည်း တစ်ခုအနေနဲ့ အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံဖို့လည်း အရေးကြီးတဲ့အကြောင်း မစ္စတာ တွမ်အင်ဒရုးက ပြောပါတယ်။

“အခုအချိန်မှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကနေ အာဏာသိမ်း စစ်ကောင်စီကို စစ်ကြေညာတဲ့ လုပ်ရပ်ကြောင့် နိုင်ငံအချို့က စိုးရိမ်ပူပန်ကြောင်း ထုတ်ပြောလာကြပြီး၊ အကြမ်းဖက် တိုက်ခိုကမှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားတာတွေ ရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုတာ ထောက်ခံပါတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းထားတဲ့ နိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက အရပ်သား ပြည်သူတွေအပေါ် တိုက်ခိုက်နေတာတွေ မရပ်တန့်သရွေ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ဖြစ်နိုင်မလားဆိုတာလည်း မေးခွန်းထုတ်သင့်ပါတယ်။ ခုလို စိုးရိမ်ပူပန်ကြောင်း ထုတ်ပြောလာတာ ကောင်းပါတယ်။ ဒါပေမဲ့ အလုပ်နဲ့ သက်သေပြဖို့ လိုပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ တရားမျှတမှုတွေ ဖြစ်ပေါ်လာဖို့ ထောက်ခံတယ်လို့ ပြောထားတဲ့ နိုင်ငံတွေဟာ သူတို့ လုပ်နိုင်တဲ့၊ လုပ်သင့်တဲ့ အရာအားလုံးကို မလုပ်ကြသေးပါဘူး”

NUG အမျိုးသား ညီညွတ်ရေး အစိုးရ ဝန်ကြီး ဒေါက်တာ ဆာဆာက မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crime against humanity ဖြစ်မြောက်တဲ့ လုပ်ရပ်တွေကို နေ့တိုင်းနီးပါး ကျူးလွန်နေပြီး၊ ၁၉၆၂ခုနှစ်၊ ၁၉၇၂ ခုနှစ် နဲ့ ၁၉၈၈ ခုနှစ်၊ ၁၉၉၇ခုနှစ်၊ ၂၀၀၇ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်တွေမှာလည်း အလားတူ ပြင်းထန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တာ တွေ့ရကြောင်း၊ အခုအချိန်မှာလည်း ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာတောင် ကျန်းမာရေး လုပ်သား ၂၇ ဦးကို သတ်ဖြတ်ပြီး၊ ၆၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားသလို၊ ဆေးရုံဆေးခန်းတွေကို တိုက်ခိုက် စခန်းချနေကြောင်း ပြောကြားပြီး၊ မြန်မာနိုင်ငံမှာ ဒီလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်တလဲလဲ ဖြစ်နေ တာကို ဘာကြောင့် နိုင်ငံတကာက အရေးယူ တုံ့ပြန်ဆောင်ရွက်မှုတွေ မရှိခဲ့သလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက resolution ဆုံးဖြတ်ချက် ထုတ်ခဲ့ပြီး၊ အာဆီယံအဖွဲ့ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ရထားတဲ့ သဘောတူညီချက် ငါးချက်ဟာလည်း အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်း မရှိဘဲ စစ်ခေါင်းဆောင်တွေရဲ့ ဝါဒဖြန့်ချိရေးအတွက် အသုံးချခံသက်သက်သာ ဖြစ်နေတဲ့အကြောင်း ဒေါက်တာ ဆာဆာက ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။