ဒေါ်အောင်ဆန်းစုကြည် စိတ်ဓာတ်ပြိုလဲသွားအောင် စစ်ကောင်စီတိုက်စစ်ဆင်နေတယ်လို့ HRW ပြော

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.06.23
ဒေါ်အောင်ဆန်းစုကြည် စိတ်ဓာတ်ပြိုလဲသွားအောင် စစ်ကောင်စီတိုက်စစ်ဆင်နေတယ်လို့ HRW ပြော ၂ဝ၂၁ ခုနှစ် မတ်လက ရန်ကုန်မြို့တွင် ပြုလုပ်သော စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု။
Photo: AFP

စစ်ကောင်စီဟာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်နေ့က နေပြည်တော်အချုပ်ထောင်ကို ပြောင်းလဲပို့ဆောင်လိုက်ပြီး၊ အကျဉ်းထောင်ထဲကနေပဲ ကြားနာစစ်ဆေးမှုတွေ လုပ်ဖို့ ဆုံးဖြတ်လိုက်တာဟာ၊ စိတ်ဓာတ်ရေးရာအရ ပြိုလဲသွားအောင် တိုက်စစ်ဆင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က အာရှရေးရာညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

နေအိမ်အကျယ်ချုပ်ကနေ အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာ ရှိနေတာကို တွေ့မြင်ရကြောင်း သတင်းရင်းမြစ်တစ်ရပ်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က နေရာတစ်နေရာမှာ အကျယ်ချုပ် ထားရှိခဲ့ပါတယ်။

ဇွန်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့ကတော့ နေအိမ်အကျယ်ချုပ်ကနေ အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပြီး၊ သီးသန့်နေရာမှာ တစ်ဦးတည်း ထားရှိကြောင်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပါတယ်။

ရှေ့လာမယ့် တရားခွင်ကြားနာမှုတွေကို အကျဉ်းထောင်ဝင်းအတွင်းက တရားရုံးတစ်ရုံးမှာ ပြုလုပ်မှာဖြစ်ပြီး၊ ထောင်ဝင်းအတွင်းမှာလည်း လုံခြုံရေး ပိုမိုတင်းကြပ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်နေပြီး၊ အရင်လိုပဲ ဘာမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားမယ့် လက္ခဏာတွေ တွေ့ရကြောင်းလည်း သတင်းရင်းမြစ်တစ်ရပ်က ပြောဆိုပါတယ်။

သတင်းရင်းမြစ်နောက်တစ်ခုကလည်း အကျဉ်းထောင်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အမျိုးသမီးဝန်ထမ်း သုံးဦး ပေးထားကြောင်း ထောင်ဝန်ထမ်းတွေလား၊ အကျဉ်းသူတွေလား ဆိုတာတော့ မသိရကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ပတ်သက်ပြီး HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှဆိုင်ရာလက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က - မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက သူ့အပေါ် ထောက်ခံသူတွေကိုပါ ခြိမ်းခြောက်လိုတဲ့ ဆန္ဒရှိတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပြီး ပြည်သူတွေကလည်း စစ်အစိုးရဆန့်ကျင်ရေးမှာ ဘယ်လောက်အလေးအနက် ရှိနေတယ်ဆိုတာ ပြသနေကြောင်း၊ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ အဓိကရန်သူအဖြစ် သတ်မှတ်ထားပြီး၊ နိုင်ငံရးမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေသမျှ သူတို့အာဏာမရနိုင်ကြောင်း၊ ဒါကြောင့် ဒီမ်ုကရေစီစနစ်ကို ဖျက်ဆီးပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာနဲ့ဝေးရာ ထောင်သွင်းအကျဉ်းချထားဖို့ ဆုံးဖြတ်ထားကြကြောင်း၊ တကယ်တော့ ဒီလုပ်ရပ်ဟာ စစ်ကောင်စီအတွက်၊ လောင်စာကို မီးမွှေးလိုက်တာပဲဖြစ်ပီး၊ စစ်တပ်အနေနဲ့ အပေါ်စီးကနေ အင်အားသုံးဖို့ ဆုံးဖြတ်မယ်ဆိုရင်၊ အရာရာဟာ အာဏာသိမ်း စစ်တပ်ထံကို ဘက်ပြန်ကန်လာမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါ့ပြင် မြောက်အမေရိကနဲ့ ဥရောပတို့ကလည်း မြန်မာနဲ့ပတ်သက်တဲ့ ပြဿနာမှန်သမျှကို အာဆီယံဘက်ကိုပဲ လွှဲပစ်နေကြပေမယ့် အာဆီယံဆိုတာကလည်းအစွယ်မရှိတဲ့ ကျားသာဖြစ်နေကြောင်း HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ ာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောဆိုပါတယ်။

794a2d76-5264-4669-864e-4297250b8076.jpeg
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမျိုးအောင် တို့အား နေပြည်တော် အထူးတရားရုံးတွင် ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့စဉ်။ (Photo: Myanmar Military)

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက - မြန်မာနိုင်ငံမှာ လာမယ့် ၂ဝ၂၃ ခုနှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ့် ရွေးကောက်ပွဲ ဖြစ်မလာနိုင်ကြောင်း၊ အတိုက်အခံတွေကို အကျဉ်းချ၊ သေဒဏ်ပေးထားပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မပေါ်ပေါက်နိုင်ကြောင်း၊ ဒါဟာ ရက်စက်ရမ်းကားမှုသာ ဖြစ်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲပါလို့ ဘယ်လိုပဲ ဟန်ဆောင်ဖုံးကွယ်တာမျိုးမဆို အာဆီယံအဖွဲ့အပါအဝင် နိုင်ငံအားလုံးက အခိုင်အမာလက်မခံကန့်ကွက်သင့်ကြောင်း၊ အာဏာသိမ်းမြန်မာစစ်ကောင်စီဟာ သူ့ကိုယ်သူ တရားဝင်အစိုးရဖြစ်တယ်ဆိုတဲ့ ပုံရိပ်ကို ဖန်တီးဖို့ အပြင်းအထန် ကြိုးစားနေကြောင်း၊ သူတို့ရဲ့ ဝါဒဖြန့်ယန္တရားတွေနဲ့ အချိန်ပြည့်ဆောင်ရွက်နေပြီး နိုင်ငံတကာအသိုင်းအဝန်းက သူတို့ကို တရားဝင်အသိအမှတ်ပြုနေသလို ပုံဖမ်းနေကြတာဖြစ်လို့ ဒါကို အထူးသတိပြုကြဖို့၊ ရွေးကောက်ပွဲအပါအဝင် သူတို့ရဲ့ ဝါဒဖြန့်ထောင်ချောက်ထဲ ကျဆင်းမသွားစေဖို့ အရေးကြီးကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။

အလားတူ အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်ဟာလည်း စက္ကူပေါ်မှာသာ ရှိနေဦးမယ်ဆိုရင် အဓိပ္ပါယ်မဲ့သွားမှာဖြစ်ပြီး အဓိပ္ပါယ်ပြည့်ဝဖို့ဆိုရင် မဟာဗျူဟာ၊ ဆောင်ရွက်ပုံနည်းလမ်းနဲ့ အချိန်ကာလသတ်မှတ်ချက်တွေ လိုအပ်ကြောင်းလည်း မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။