ကောလင်းမြို့ကို နေ့စဉ် လက်နက်ကြီးနဲ့ပစ်နေလို့ ပြည်သူသုံးသောင်းကျော် ပြန်မနေနိုင်သေး

RFA Burmese
2023.11.25
ကောလင်းမြို့ကို နေ့စဉ် လက်နက်ကြီးနဲ့ပစ်နေလို့ ပြည်သူသုံးသောင်းကျော် ပြန်မနေနိုင်သေး ကောလင်းမြို့ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ကတွေ့ရစဉ်။
Kawlin Revolution-KR

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တာ ၁၉ ရက်ရှိပြီဖြစ်ပေမယ့် မြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေတာကြောင့် သေဆုံးတာနဲ့ ဒဏ်ရာရတာတွေရှိပြီး ဒေသခံ သုံးသောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကစပြီး ကောလင်းမြို့အနီးက ဝန်းသိုမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၁၂၀) နဲ့ ခမရ (၁၂၁) တပ်ကနေ ကောလင်းမြို့ထဲကို လက်နက်ကြီးတွေနဲ့ တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ် ပစ်နေတာလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၄ ရက်ညပိုင်းက ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက်က နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ဦးစိန်သန်းနဲ့ ဒေါ်အေးမြတို့ ဇနီးမောင်နှံ နေရာမှာတင် သေဆုံးခဲ့ပြီး ဒေါ်အေးလှ ဆိုသူကတော့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ဘေးဒုက္ခသည်တွေဟာ ကောလင်းမြို့နယ်ထဲက ရွာတွေမှာနေထိုင်ရပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နေထိုင်စားသောက်နေကြရတယ်”

မြို့ခံ သုံးပုံနှစ်ပုံသာ မြို့ထဲ ပြန်ဝင်နိုင်ပြီး နေ့တိုင်း လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် ညဘက်ဆို ဘေးလွတ်ရာ ရွာတွေ ပြောင်းနေကြရတယ်လို့ ကောလင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကြီးက အိမ်ပေါ် ကျတာဗျ။ မြို့ထဲလူတွေကတော့ အကုန်လုံးတော့ ပြန်ဝင်ပါတယ်။ ဒါပေမဲ့ သုံးပုံတစ်ပုံလောက်ပဲ မြို့ထဲမှာ လည်ပတ်တယ်ပေါ့။ လည်ပတ်တယ်ဆိုတာက အလုပ်တွေ ဘာတွေ၊ ဈေးဆိုင်တွေ၊ အသွား အလာတွေကတော့ သုံးပုံ တစ်ပုံနီးပါးလောက်ပဲ လည်ပတ်သေးတာပေါ့။ ကျန်တဲ့ လူတွေကတော့ နယ်ဝေးထွက်တဲ့သူက ထွက်ကြတယ်။ မြို့ထဲ ခဏဝင်ပြီးတော့ ညဘက်ကို ရွာတွေထဲ ထွက်အိပ်တဲ့သူတွေ ရှိတယ်။ စိုးရိမ်စိတ်ဆိုတာက နေ့တိုင်း ဟောင်ဝှစ်ဇာနဲ့ လှမ်းထုနေတာဆိုတော့ ပြည်သူတွေက ကြောက်ကြတယ်လေ”

လူငါးသောင်းနီးပါး နေထိုင်ခဲ့တဲ့ ကောလင်းမြို့ပေါ်မှာ သုံးပုံတစ်ပုံခန့်သာ ပုံမှန်နီးပါး သွားလာနေထိုင်နိုင်ပြီး ကျန်တဲ့ သုံးသောင်းကျော်ကတော့ လက်နက်ကြီးကျမှာ စိုးရိမ်တာကြောင့် အတည်တကျ မနေနိုင်သေးတာလို့ ဆိုပါတယ်။

လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ နေအိမ်တွေ ပျက်စီးမှုကို ဒေသခံတွေအနေနဲ့ တိတိကျကျ ပြောလို့ မရသေးဘူးလို့ ပြောပါတယ်။

“နေရပ်ပြန်ဖို့ အခြေအနေဆိုရင် မြို့ထဲကို တချို့လူတွေ ပြန်ဝင်နိုင်တဲ့ အနေအထားတော့ ရှိတယ်။ ဝန်းသိုကနေ ပစ်ပစ်နေတာဆိုတော့ မနေရဲတော့ဘူး။ လက်နက်ကြီးနဲ့ နေ့တိုင်း လှမ်းလှမ်းပြီးပစ်တော့ ကြောက်နေကြတော့ တချို့က မြို့ထဲ ပြန်မဝင်ရဲဘူး၊ အဲဒါကြောင့် အထဲက (မြို့ထဲက) ပစ္စည်းလေးတွေထုတ်ပြီး ဘေးနားမှာ သွားနေကြရတယ်။ မြို့ထဲမှ မနေရဲသေးတာပေါ့”

ကာကွယ်ရေး တပ်ဖွဲ့တွေကတော့ ကောလင်းမြို့တွင်းနဲ့ မြို့အနီးတစ်ဝိုက်ကို လက်ရှိ အချိန်အထိ လုံခြုံရေးအပြည့်နဲ့ ထိန်းထားနိုင်ဆဲဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုကလွဲလို့ လေကြောင်း တိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးတာမျိုး မရှိတော့ဘူးလို့ ပြောပါတယ်။

ကောလင်းဒေသခံ တစ်ဦးကလည်း စစ်ဘေးဒုက္ခသည်တွေဟာ ကောလင်းမြို့နယ်ထဲက ရွာတွေမှာ နေထိုင်ရပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နေထိုင် စားသောက်နေကြရတယ်လို့ RFA ကို ပြောပါတယ်။

“အခု လောလောဆယ် အနေအထားကတော့ တချို့ကလည်း ကိုယ်နဲ့ စပ်မိရာစပ်မိရာ တောရွာတွေမှာ နေကြတာရှိတယ်။ ဒါပေမဲ့ ဝန်းသိုဘက်က ဟောင်ဝှစ်ဇာနဲ့ လှမ်းလှမ်းထုတာ ရှိတယ်လေဗျာ။ အဲဒါကို ကြောက်နေကြတာ။ တချို့တွေကျတော့ ပြန်မဝင်ကြသေးဘူး။ ဒေသခံတွေကတော့ စစ်ဘေး စစ်ဒဏ်ကြောင့် ကိုယ့်ဟာနဲ့ကိုယ်ပဲ ကြံဖန် စားသောက်ရတာတွေရှိတယ်။ ဝန်ကြီးဌာန NUG ဘက်က ချပေးတာ၊ မပေးတာကျတော့ ကျွန်တော်တို့ မသိနိုင်ဘူးလေ”

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ သိမ်းဆည်းရရှိခဲ့တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးထားတယ်လို့ နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ပြည်သူမှပြည်သူသို့-ကောလင်း)
စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ပြည်သူမှပြည်သူသို့-ကောလင်း)

မြို့ပေါ်ကို လက်နက်ကြီးနဲ့ ပစ်နေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်က နိုဝင်ဘာလ ၃ ရက်ကနေ ၆ ရက်အထိ လေးရက်ကြာ တိုက်ခိုက်ပြီးနောက် ထိန်းချုပ်နိုင်ခဲ့တာပါ။

အဲဒီအချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဆယ်ဦးသေဆုံးခဲ့ပြီး မြို့ပေါ်က ဒေသခံ ငါးသောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၄၂၀၀ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။