အုပ်ချုပ်ရေးစနစ်ပြင်ဖို့ တိုင်းရင်းသားတွေလိုလား


2019.01.04
govt-unfc-press-622.jpg အစိုးရနဲ့ UNFC ကိုယ်စားလှယ်တွေ သြဂုတ်လ ၁၁ ရက်နေ့က NRPC မှာ သတင်းစာရှင်းလင်းစဉ်
Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ လွတ်လပ်ရေးရပြီး စစ်ပွဲတွေ အဆုံးသတ်နိုင်ဖို့ဆိုရင် မှားယွင်းနေတဲ့ အုပ်ချုပ်ရေး စနစ်ကို ပြင်ဖို့လိုအပ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောလိုက်ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အခုလို မှတ်ချက်ပေးပြောဆိုခဲ့တာပါ။

RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အုပ်ချုပ်ရေးစနစ်ပြင်ဖို့ တိုင်းရင်းသားတွေလိုလား

(မနန္ဒာချမ်း)

အင်္ဂလိပ် ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရရှိခဲ့တာ နှစ်ပေါင်း ၇၁ နှစ် ကြာခဲ့ပြီဆိုပေမယ့် မြန်မာနိုင်ငံ နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပါ။ ပြည်သူတွေအနေနဲ့လည်း စစ်ကြောင့် ပြေးလွှားနေရတဲ့ ဒုက္ခတွေကနေ အခုထိ မလွတ်မြောက်နိုင်သေးပါဘူး။ ဒါဟာ စနစ်အမှားတခုကြောင့် ဖြစ်တယ်လို့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ရခိုင်ပြည် အမျိုးသားကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ဦးထွန်းဇော် က ပြောပါတယ်။

“စနစ်အမှားက ဘယ်ကလာသလဲဆိုတော့ မှားယွင်းတဲ့ တွေးခေါ်စဉ်းစားပုံက လာတယ်။ ပြောမယ်ဆိုရင်တော့ ကျနော်တို့ တိုင်းပြည်မှာ ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယ မြန်မာနိုင်ငံတော်၊ တတိယ မြန်မာနိုင်ငံတော်၊ စတုတ္ထ မြန်မာနိုင်ငံတော်ကနေ ပဉ္စမ မြန်မာနိုင်ငံတော်အထိ သွားမယ်ဆိုပြီးတော့မှ အဲ့လိုမျိုး ဗမာလူမျိုး တခုတည်းကိုပဲ ကိုယ်စားပြုတဲ့ ဗမာရဲ့ လွှမ်းမိုးမှုရှိတဲ့ အတိတ်သမိုင်းကိုပဲ ကောက်ယူတဲ့ သမိုင်းပုံမှားရိုက်ထားတဲ့ အမှားသံသရာကနေ ရုန်းထွက်နိုင်မှပဲ ဖြစ်မယ်”

ဒီလို ရုန်းထွက်နိုင်ဖို့ကလည်း တိုင်းပြည်မှာ အုပ်ချုပ်နေတဲ့ နိုင်ငံ့အကြီးအကဲတွေအပေါ် မူတည်တယ်လို့လည်း ဦးထွန်းဇော်က ပြောဆိုခဲ့ပါတယ်။ အလားတူ ကရင်အမျိုးသားပါတီ အတွင်းရေးမှူး-၁ မန်းမြင့်စိုး ကလည်း မြန်မာနိုင်ငံမှာ ပြည်သူတွေ လွတ်လပ်ရေး အပြည့်အဝ မရသေးတာ စနစ်ကြောင့်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

“ကျနော်တို့ ဗမာပြည်မှာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာရှိနေတဲ့ အထက်အညာတွေမှာ ရှိနေတဲ့ တိုင်းရင်းဒေသတွေမှာရှိနေတဲ့ တချို့လူတွေမှာဆိုရင် ဆင်းရဲငတ်မွတ်နေကြတာတွေ အများကြီး ရှိပါတယ်။ တကယ့်လွတ်လပ်ခွင့်ကို အပြည့်အဝ မရကြပါဘူး။ ဘာကြောင့်လဲဆိုရင် စနစ်ကြောင့်ပါ။ အတိုချုပ် ပြောရမယ်ဆိုရင် ကောင်းတဲ့စနစ်ကို မထူထောင်နိုင်ခဲ့ကြဘူး”

UNFC ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်ကတော့ - မတူကွဲပြားတဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုင်ပိုင်ပြဌာန်းခွင့်တွေ လက်ခံပြီး ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ် အမြန်ဆုံး ပေါ်ပေါက်လာအောင် လုပ်ဖို့ လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒါကို မန်းမြင့်စိုးကလည်း ထောက်ခံခဲ့တာပါ။

“NCA ငြိမ်းချမ်းရေးကို ဆွေးနွေးနေသော်လည်းပဲ ဒီအထိကို ရောက်မလာသေးဘူး။ အဖုအထစ်တွေ အထစ်အငေ့ါတွေ အများကြီး ရှိနေတယ်။ အဲ့ဒါကြောင့်မို့ ဒီနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေတဲ့ အနေအထားမျိုး ရှိပါတယ်။ အကယ်၍များ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်မယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ တကယ့်ကို အနှစ်သာရရှိတဲ့ လွတ်လပ်ရေးကိုရမှာ အမှန်ပဲလို့ ကျနော် ယူဆပါတယ်”

လက်ရှိ NLD အစိုးရတက်လာပြီးနောက် ဖွဲ့စည်းခဲ့တဲ့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကတော့ - အားလုံးပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးမှုမျိုး လိုအပ်တယ်လို့ အခုလို ပြောခဲ့ပါတယ်။

“လွတ်လပ်ရေးဆိုတဲ့ဥစ္စာက မြန်မာတနိုင်ငံလုံးကို ဆိုလိုတာဖြစ်တဲ့အတွက် မြန်မာတွေအတွက်ချည်း မဟုတ်ဘူး။ တိုင်းရင်းသားတွေအတွက်လည်း အားလုံးပါတယ်လို့ နားလည်တယ်ပေါ့နော်။ နောက် တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကတော့ ညှိနှိုင်းယူမှရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ မြန်မာအများစု ဖြစ်နေတော့ ညှိနှိုင်းယူတဲ့နည်း တခုကပဲ အဓိက ဖြစ်နိုင်မယ်လို့ ထင်တယ်”

ဗြိတိသျှကိုလိုနီ လက်အောက်က လွတ်မြောက်ဖို့ ကြိုးပမ်းချိန်က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ စည်းလုံးမှုကို ပြသတဲ့အနေနဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ်သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲ့လိုရေးထိုးပြီး နောက်တနှစ်မှာပဲ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာပါ။ ဒါပေမဲ့လည်း တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး စတဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေဟာ လက်တွေ့ဖြစ်မလာဘူးဆိုပြီး တိုင်းရင်းသားတွေရဲ့ ဆန့်ကျင်ပုန်ကန်မှုတွေကို ယနေ့ထိ မြင်တွေ့နေရတာ ဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။