ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲကျင်းပ
2022.09.17
စက်တင်ဘာ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဆွေးနွေး ပြောဆိုချက်တွေကို သတင်းမီဒီယာတွေကို မထုတ်ပြန်ပေမယ့်၊ ဒီအစည်းအဝေးကို တက် ရောက်ခဲ့တဲ့ အိုင်ယာလန်နိုင်ငံ ကုလသမဂ္ဂသံအမတ်ကတော့ ဒီအစည်းအဝေးကို တံခါးပိတ် ကျင်းပရတာအတွက် နောင်တရမိတယ်လို့ သတင်းမီဒီယာတွေကို ပြောပါတယ်။
“ဒီအစည်းအဝေးကို တံခါးပိတ်ဆွေးနွေးပွဲအဖြစ် ထပ်ပြီးကျင်းပရတာအတွက် စိတ်မ ကောင်းပါဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် လုံခြုံရေး ကောင်စီထဲက ဆွေးနွေးပြောဆိုချက်တွေကို အများပြည်သူသိသင့်တာ အမှန်ပါပဲ။ ဒီလိုလုပ်ခွင့်မရလိုက်တာ နောင်ရမိပါတယ်။ ကျွန်တော်တို့အနေနဲ့ ကုလ အထူးသံ မစ္စနိုလင်းဟေဇာရဲ့ အခန်းကဏ္ဍကို အပြည့်အဝ ဆက်ပြီးထောက်ခံပါတယ်။ သူ မြန်မာနိုင်ငံကို သွားရောက်တဲ့ အတွေ့အကြုံတွေကိုလည်း ထပ်ပြီးကြားရဖို့ မျှော်လင့် ပါတယ်။ မြန်မာနိုင်ငံကို သွားရောက်စဉ်က အရပ်သားခေါင်းဆောင်တွေ၊ တက်ကြွလှုပ် ရှားသူတွေ အားလုံးနဲ့ တွေ့ခွင့်မရလိုက်တာအတွက်လည်း စိတ်မကောင်းပါဘူး။ ဒီ အခြေအနေ ပြောင်းလဲဖို့ မျှော်လင့်ပါတယ်။ ကုလသမဂ္ဂနဲ့ အာဆီယံရဲ့ ကြိုးပမ်းအား ထုတ်မှုတွေကိုလည်း အပြည့်အဝ ထောက်ခံပါတယ်။ ကုလ အထူးသံအနေနဲ့ မြန်မာ နိုင်ငံကို သွားရောက်ရာမှာ အားလုံးနဲ့ တွေ့ဆုံခွင့်ရပြီး အဓိပ္ပါယ်ရှိတဲ့ခရီးစဉ် ဖြစ်စေ ချင်ပါတယ်”
အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ ပြီးခဲ့တဲ့ မေလကလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တံခါးပိတ် ဆွေးနွေးပွဲတစ်ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ယူကေနဲ့ အမေရိကန် ငါးနိုင်ငံ ဟာ ဗီတို အာဏာ သုံးခွင့်ရှိတဲ့ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး၊ လက်ရှိ အလှည့်ကျ အဖွဲ့ဝင်နိုင်ငံ ဆယ်နိုင်ငံကတော့၊ အယ်ဘေးနီးယား၊ ဘရာဇီး၊ ဂေဘွန်၊ ဂါနာ၊ အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကဆီကို၊ နော်ဝေနဲ့ ယူအေအီးနိုင်ငံတွေ ဖြစ်ပါတယ်။
အခြား လုံခြုံရေးကောင်စီ လက်ရှိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံရဲ့ သံအမတ် ကတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံး စုစည်း ညီညွတ်တဲ့ အသံတစ်သံတည်းနဲ့ ပြောဆိုကြဖို့လိုတယ်လို့ အစည်းအဝေးမတိုင်ခင် သတင်း မီဒီယာတွေကို ပြောသွားပါတယ်။
“လုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံအရေးကို ပြီးခဲ့တဲ့ မေလဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလို ထပ်ပြီးဆွေးနွေးနိုင်ခဲ့တာ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုပါ။ မြန်မာနိုင်ငံက အခြေ အနေတွေဟာ နေ့စဉ်နဲ့အမျှ တစ်စထက်တစ်စ ပိုပြီးဆိုးဝါးလာနေတဲ့အတွက် အခုလို ထပ်ပြီး ဆွေးနွေးရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လာရင် စုစည်းညီညွတ်တဲ့ အသံ တစ်သံတည်းနဲ့ ပြောဆိုကြဖို့ အရမ်းကို အရေးကြီးပါတယ်။ ကျွန်မတို့အနေနဲ့ကတော့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် ဘယ်လောက် စိုးရိမ်ပူပန်နေတယ်ဆိုတာ ပြော ကြားထားတဲ့ Resolution ဆုံးဖြတ်ချက်တစ်ခု ထုတ်ပြန်တာကို မြင်ချင်ပါတယ်။ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေကို တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာ တွေ့နေ ရပါတယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ ကြားမှာရော၊ မြန်မာစစ်တပ်နဲ့ အရပ်သားကာကွယ်ရေး အဖွဲ့တွေကြားမှာပါ တိုက်ခိုက်မှုတွေ တိုးလာနေတာ တွေ့ရ ပါတယ်။ ဒီနေ့ အစည်းအဝေးမှာ ကျွန်မတို့ရဲ့ စိုးရိမ်ပူပန်ကြောင်း ပြသပြီး၊ မြန်မာစစ် တပ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူခိုင်းဖို့၊ ဒီလိုတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ နိုင်ငံ ရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်”
အခုအချိန်မှာ ယူကရိန်း၊ မြန်မာ၊ အီသီယိုးပီးယား၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေမှာ စစ်ရေး ပဋိပက္ခ တိုက်ခိုက်မှုတွေကို မရပ်တန့်နိုင်တဲ့အတွက် လူသားချင်းစာနာမှု အကျပ်အတည်း တွေ ဖြစ်ပေါ်နေပြီး၊ လူသန်းပေါင်းများစွာဟာ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံနေ ရတဲ့အကြောင်း၊ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအချို့ဟာ ဗီဒိုအာဏာကို တလွဲသုံးနေတဲ့ အတွက် အခြေအနေပိုဆိုးလာရတယ်လို့ Amnesty International အဖွဲ့က ထုတ်ပြန်ထား ပါတယ်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှုအဖွဲ့ HRW ကလည်း ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အခုကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီ ညီလာခံတွေမှာ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ်ပေးနေတာ ရပ်တန်းကရပ်အောင် တွန်းအားပေးကြဖို့ တောင်းဆိုကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။