နိုင်ငံတစ်ဝန်း တက္ကသိုလ်ကျောင်းသားဦးရေ ကိုးဆယ်ရာခိုင်နှုန်းကျော် လျော့ကျ

RFA Burmese
2024.01.04
နိုင်ငံတစ်ဝန်း တက္ကသိုလ်ကျောင်းသားဦးရေ ကိုးဆယ်ရာခိုင်နှုန်းကျော် လျော့ကျ ဒဂုံတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၃ ရက်နေ့မှာ တစ်နိုင်ငံလုံးက တက္ကသိုလ် ၄၇ ခုကို ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းတက်တဲ့သူ အတော် နည်းပါးတာ တွေ့ရပါတယ်။

အဆင့်မြင့် ပညာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအပေါ် RFA က လေ့လာကြည့်တဲ့အခါ အခုဖွင့်ထားတဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်တွေမှာ ကျောင်းတက်တဲ့ ကျောင်းသား/ ကျောင်းသူ နှစ်သောင်း လေးထောင်ကျော်ပဲ (၂၄,၂၄၃ ဦး) ရှိတာ တွေ့ရပါတယ်။

အခြေခံပညာ ဦးစီးဌာနရဲ့ ၂၀၂၂-၂၃ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ တစ်နိုင်ငံလုံးမှာ ဝင်ဖြေတဲ့သူ တစ်သိန်း ခြောက်သောင်းကျော် (၁၆၁,၈၅၀ ဦး) ရှိခဲ့ပြီး၊ အောင်မြင်တဲ့သူ တစ်သိန်း တစ်သောင်းနီးပါး (၁၀၉,၈၅၁ဦး) ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းနှစ်ခုအရဆိုရင် တက္ကသိုလ်ဝင်ခွင့်အောင်တဲ့သူ တစ်သိန်းတစ်သောင်းလောက်မှာ ကျောင်းတက်တဲ့သူက နှစ်သောင်း လေးထောင်ကျော်ပဲ ရှိတာ တွေ့ရပါတယ်။ ဒါကြောင့် ကျောင်းတက်တဲ့သူက လေးပုံတစ်ပုံပဲ ရှိတယ်လို့ ပြောရမှာဖြစ်ပါတယ်။

စစ်တပ် အာဏာမသိမ်းခင် ၂၀၁၉-၂၀ ပညာသင်နှစ်က တက္ကသိုလ်တက်တဲ့ ကျောင်းသားဦးရေ နှစ်သိန်းခြောက်သောင်းကျော် (၂၆၀,၁၇၃ ဦး) အထိရှိခဲ့တာပါ။ အဲဒီပမာဏနဲ့ အခု လက်ရှိပမာဏ နှိုင်းယှဉ်ရင်တော့ စစ်ကောင်စီလက်ထက်မှာ တက္ကသိုလ်တက်တဲ့သူ ကိုးဆယ်ရာခိုင်နှုန်းကျော် လျော့နည်းသွားတာ တွေ့ရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ပညာရေးကို သပိတ်မှောက်ပြီး ကျောင်းဆက်မတက်တော့တဲ့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်က ကျောင်းသားကတော့ စစ်ကောင်စီ ရှိနေသမျှ ကျောင်းပြန်မတက်ဘူးလို့ သူ့ရဲ့ခံယူချက်ကို ပြောပြပါတယ်။

“အများသူငါ စစ်ကောင်စီကြောင့် အိမ်တွေ ဆုံးရှုံး၊ မိသားစုတွေ သေဆုံးနေတဲ့အချိန်မှာ လွယ်အိတ် လွယ်ပြီး ကျောင်းတက်ရမှာ ရှက်ပါတယ်။ လူငယ် တစ်ယောက်အနေနဲ့ ကျွန်တော် လုပ်ပေးနိုင်တဲ့နေရာကနေ အာဏာရှင်ပြုတ်ကြရေးအတွက် လုပ်ပေးရမယ်။ ဒါကြောင့် ကျောင်းဆက်မတက်တာပါ”

ဒါ့အပြင် စစ်ကောင်စီကို သပိတ်မှောက်ကြတဲ့အထဲမှာ တက္ကသိုလ်ဆရာ၊ ဆရာမတွေလည်း ပါဝင်တာကြောင့် ကျောင်းတက်နေသူတွေအနေနဲ့ ပြည့်ဝတဲ့ ပညာရေးစနစ်ကို မရနိုင်ဘူးလို့ သူက ပြောပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့မှာဆိုရင် ကွန်ပျူတာက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ပညာရေး ဒီဂရီကောလိပ်၊ နည်းပညာကောလိပ်နဲ့ တောင်ငူ တက္ကသိုလ်ဆိုတဲ့ တက္ကသိုလ် ငါးခုရှိပါတယ်။

တောင်ငူ တက္ကသိုလ်မှာ ပထမနှစ် တက်နေတဲ့ အမည်မဖော်လိုတဲ့ ကျောင်းသားတစ်ယောက်ကတော့ အခုပညာသင်နှစ်မှာ သူမြင်တွေ့တဲ့ အခြေအနေကို RFA ကို ပြောပြပါတယ်။

“ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှု အခြေအနေကတော့ အခုချိန်ထိ ကျောင်းတက်ရမယ့်သူက တက်နေကြတာပဲ။ ဒါကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့ပေါ့။ တက်တဲ့လူလည်း ရှိသလို၊ မတက်တဲ့သူလည်း ရှိနေပါတယ်”

တက္ကသိုလ်တွေမှာ ကျောင်းပြန်တက်ဖို့ စစ်ကောင်စီဘက်က မကြာခဏ ဆိုသလို နိုင်ငံပိုင်သတင်းစာ တွေကနေ ကြေညာနေတာလည်း တွေ့ရပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါတဲ့ အမည်မဖော်လိုတဲ့ တွဲဖက်ပါမောက္ခ တစ်ယောက်ကတော့ အာဏာ သိမ်းလိုက်ကတည်းက အဆင့်မြင့် ပညာရေး ယန္တရား မလည်ပတ်နိုင်တော့ဘူးလို့ ထောက်ပြပါတယ်။

“အဆင့်မြင့် ပညာရေး ယန္တရားက စစ်အာဏာသိမ်းလိုက်ကတည်းက မလည်ပတ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်က တက္ကသိုလ်ဆရာ၊ ဆရာမတွေဟာ ဝန်ထမ်း တော်တော်များများက အကြမ်းဖျင်းဆို ခြောက်ဆယ်ရာခိုင်နှုန်းက CDM လုပ်တယ်။ သူတို့ နဂိုထဲက ဖွင့်လို့မရဘူး။ သူတို့ အနည်း အကျဉ်း ကျောင်းသား ဆယ်ဂဏန်းလောက်နဲ့ ဖွင့်ရတယ်။ ကျွန်တော်တို့ တက္ကသိုလ်အကြီးတွေ ဒဂုံတို့၊ ရတနာပုံ၊ မော်လမြိုင် တက္ကသိုလ်၊ မြစ်ကြီးနား တက္ကသိုလ်တို့ မကွေး၊ မုံရွာတို့ဆို အရင်က ကျောင်းသားက သောင်းနဲ့ ချီရှိခဲ့တာ။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုရဲ့ ဆိုးကျိုးက CDM စလုပ်တဲ့အတွက် ဆရာ၊ ဆရာမတွေရော ကျောင်းသားတွေရော လုပ်တဲ့အတွက် ပညာရေးက ရပ်တန့်သလောက် ဖြစ်နေပြီ”

စစ်ကောင်စီဟာ တိုင်းပြည် ပုံမှန် အခြေအနေမှာ ရှိနေတယ်ဆိုတာကို နိုင်ငံတကာကိုပြသနိုင်ဖို့ သူ့ကို ထောက်ခံတဲ့ လက်တစ်ဆုပ်စာ လူတစ်စုနဲ့ ကျောင်းတွေပြန်ဖွင့်ဖို့ ကြိုးစားခဲ့တာလို့ ရှုမြင်ကြတဲ့သူတွေလည်း ရှိပါတယ်။

မတရားမှုတွေ ပြည့်နှက်နေတဲ့ စစ်အာဏာရှင် စနစ်အောက်မှာ ပညာရေးစစ်စစ် မရဘူးဆိုတာ တွေ့ခဲ့ပြီးပြီလို့ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေး ပူးပေါင်း ဆောင်ရွက်မှုကွန်ရက် (FDECN) က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက်က သုံးသပ်ပါတယ်။

“စစ်အာဏာရှင်စနစ်ရဲ့ ပေးတဲ့ပညာရေးဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ရှေ့ဆယ်စုနှစ်တွေမှာ အတိအလင်း မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ လက်အောက်မှာ ပညာရဖို့ကတော့ မယုံကြည်ပါဘူး။ ကျွန်တော်တို့ဆိုတဲ့ ပညာဆိုတာ အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြားနိုင်တဲ့ပညာ ဖြစ်တယ်။ ဒီအရာကို ဒီရပ်ဝန်းကနေ ရပါ့မလား။ မတရားမှုတွေ လာဘ်စားမှုတွေ ခြစားမှုတွေ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်ကနေ တကယ်ပညာကို ရနိုင်ပါ့မလားဆိုတာ ယုံမှားသံသယဖြစ်ဖွယ် မရှိဘူး။ ကျွန်တော်ကတော့ မရနိုင်ဘူးလို့ မြင်တယ်”

စစ်ကောင်စီ ပညာရေးကို သပိတ်မှောက်ပြီး ကျောင်းဆက်မတက်တဲ့ CDM ကျောင်းသားတွေအတွက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ ပညာရေး ဝန်ကြီးဌာနကလည်း အွန်လိုင်းကနေ ကြားကာလ ပညာသင်ကြားရေး အစီအစဉ်တွေ ဆောင်ရွက်ပေးထားသလို ဝါသနာပါတဲ့ ဘာသာရပ်ကို ရွေးချယ်သင်ယူနိုင်တယ်လို့ ဆိုပါတယ်။

CDM လှုပ်ရှားမှုတစ်ခုတွင်ပါဝင်ခဲ့ကြသည့် ရတနာပုံကျောင်းသားများအား တွေ့ရစဥ်။ (Photo: Yadanabon University Students' Union)
CDM လှုပ်ရှားမှုတစ်ခုတွင်ပါဝင်ခဲ့ကြသည့် ရတနာပုံကျောင်းသားများအား တွေ့ရစဥ်။ (Photo: Yadanabon University Students' Union)

လုံခြုံရေး အခြေအနေအရ ကြားကာလ ပညာသင်ကြားရေး အစီအစဉ်တွေကို မတက်နိုင်တဲ့သူတွေကိုလည်း တော်လှန်ရေးအလွန် ပေါ်ပေါက်လာမယ့် တက္ကသိုလ်တွေမှာ ပညာသင်ကြားခွင့် ရစေရမယ်လို့ NUG ပညာရေး ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။

“လုံခြုံရေး အခြေအနေကြောင့် မတက်ရောက်နိုင်သေးသော CDM ကျောင်းသားများ အနေနဲ့လည်း တော်လှန်ရေး အလွန်ကာလမှာ မိမိတို့မူလ မိခင်တက္ကသိုလ်ကို ပြန်လည် တက်ရောက်တာမျိုး၊ အခြေအနေအမျိုးမျိုးကြောင့် မိခင်တက္ကသိုလ် မတက်ရောက်နိုင်ပါကလည်း တော်လှန်ရေး ကာလအတွင်း ပေါ်ပေါက်လာတဲ့ Public Online University တွေအပြင် ယခုကာလမှာပင် ပေါ်ပေါက်နေပြီဖြစ်တဲ့ ဒေသအလိုက် On ground ကျောင်းများနဲ့ ချိတ်ဆက်ပြီး မိမိတို့ ပညာရေးကို ဆက်လက် လုပ်ဆောင်နိုင်ပါမယ်”

ကျောင်းသားတွေ ကျောင်းတက် နည်းသွားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနရဲ့ အဆင့်မြင့် ပညာရေး ဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီအတောအတွင်းမှာပဲ အခြေခံပညာ ကျောင်းသားတချို့ရော အဆင့်မြင့်ပညာ သင်ရမယ့် ကျောင်းသားတချို့ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပုဂ္ဂလိကကျောင်းတွေ သင်တန်းတွေ တက်နေတာလည်း တွေ့ရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။