စစ်ကောင်စီကို လုံခြုံရေးကောင်စီကနေ အမြန်ဆုံး အရေးယူဖို့ တိုက်တွန်း

RFA Burmese
2023.03.06
စစ်ကောင်စီကို လုံခြုံရေးကောင်စီကနေ အမြန်ဆုံး အရေးယူဖို့ တိုက်တွန်း စစ်ကောင်စီတပ်သားများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဥ်။
AFP

အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း စစ်ကောင်စီတပ်က လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်ရက်ဆက် စနစ်တကျ ကျုးလွန်နေတာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အမြန်ဆုံး အရေးယူ ဆောင်ရွက်သင့်တယ်လို့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
 
မတ်လ ၃ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာရုံးရဲ့ နှစ်ပတ်လည် အစီအရင်ခံစာနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်‌မေးမြန်းစဉ် အဲဒီလို ပြောဆိုလိုက်တာပါ။
 
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်ထိ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း လူပေါင်း ၃,၀၀၀ နီးပါး အသတ်ခံရပြီး တစ်သောင်း ရှစ်ထောင်နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအစိရင်ခံစာက ဖော်ပြပါတယ်။ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
 
အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၂၅ ကြိမ်သာ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်ထဲမှာ ၃၀၁ ကြိမ်၊ ၂၀၂၁ မှာ လက်နက်ကြီး ပစ်ခတ်မှု ၃၇၆ ကြိမ်ပဲ ရှိခဲ့ရာကနေ ၂၀၂၂ မှာ ၇၅၆ ကြိမ်၊ ၂၀၂၁ မှာ နိုင်ငံတစ်ဝန်း ကျေးရွာမီးရှို့ခံရမှုပေါင်း ၂၈၂ ကြိမ်ပဲ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ၁၃၅၅ ကြိမ်ထိ ငါးဆနီးပါး မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။
 
စစ်တပ်က လေကြောင်းကနေ အင်အားသုံး တိုက်ခိုက်တဲ့အခါ ကာကွယ်ရေးတပ်တွေထက် အပြစ်မဲ့အရပ်သားတွေကို ထိခိုက်မှု ပိုများလာတယ်လို့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် CDF တပ်မဟာမှူးက ပြောပါတယ်။
 
“လေကြောင်းပါလာရင်တော့ ကျနော်တို့ဘက်က တော်တော်လေးတော့ အခက်တွေ့တာပေါ့။ စစ်မျက်နှာမှာကျတော့လည်း လေကြောင်းပါလာရင်တော့ လေကြောင်းပစ်ကူ ကျနော်တို့ ဘက်ကလည်း မရှိတဲ့အတွက် ကျနော်တို့က ပြန်ပြီးမှ တပ်ဆုတ်ရတဲ့ အခြေအနေမျိုး၊ စစ်ပွဲကို ရပ်သွားတဲ့ အခြေအနေမျိုးထိ ကျနော်တို့မှာလည်း ရှိဖူးတယ်။ ကျနော်တို့ရဲ့ စစ်စခန်းတွေကို ဦးတည်တယ်၊ ဦးတည်ပေမယ့် သူတို့ရဲ့ ဦးတည်ချက်နဲ့ သူတို့ ပစ်တဲ့ဟာက တစ်ခြားစီလည်း ဖြစ်နေနိုင်တဲ့အခါမှာ ပြည်သူတွေဘက်ကိုလည်း အရမ်းထိခိုက်နစ်နာမှုတွေ ရှိတယ်။ နောက်တစ်ခုက ကျနော်တို့စခန်းတွေ ပျက်စီးသွားတဲ့ဟာတွေ အများကြီးပေါ့”
 
စစ်တပ်ဟာ သတ်ဖြတ်မှုတွေကို တရားလက်လွတ် ကျူးလွန်နေပြီး ၂၀၂၂ တစ်နှစ်တည်းမှာတင် လူ ငါးဦးနဲ့ ငါးဦးထက်ပိုတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၂၄ ခုထက်မနည်း ကျူးလွန်ခဲ့တယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။
 
 စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကျီးကန်ရွာကို ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးနဲ့ အရပ်သား သုံးဦး စုစုပေါင်း ခုနှစ်ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။

 

အာဏာသိမ်းသက်တမ်း ကြာလာတာနဲ့အမျှ စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပိုဆိုးလာတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်ဂျိမ်းစဘွန်း က ပြောပါတယ်။
 
“ကျီးကန် တစ်ရွာတည်းတင်ကို ခုနစ်လောင်း သတ်ဖြတ်ထားခဲ့တာ။ တစ်လအတွင်းတင်ကို လူ ၁၅ ယောက် ကျော်လောက်လည်း သတ်ဖြတ်တယ်။ အိမ်ခြေပေါင်း ၁,၇၀၀ လောက်လည်း မီးရှို့ဖျက်ဆီးတယ်။ အများကြီး ဆုံးရှုံးတယ်ဗျာ။ ရက်စက်ကြမ်းကြုတ်မှုတွေက တစ်ဖြည်းဖြည်းနဲ့ ပိုများလာတယ်ပေါ့။ အဲပုံစံမျိုးတော့ ရှိတယ်။ ဒါ ကျနော်တို့မြို့နယ် တစ်လလောက်လေးအတွင်းတင် ကျနော်ပြောပြတဲ့ စာရင်းဇယား ရှိသေးတာ။ ဒါမျိုးတွေ လစဉ်ဖြစ်နေမယ်ဆိုရင် ပိုပြီးကြမ်းကြုတ်လာရင်၊ ပိုပြီးတော့ ပြည်သူတွေအနေနဲ့ ပိုပြီး ခက်ခဲလာနိုင်တယ်။ အမြန်ဆုံး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း စစ်ကောင်စီကို အမြန်ဆုံး ဖြုတ်ချနိုင်ဖို့အတွက် ဝိုင်းဝန်း ပူးပေါင်းမယ်ဆိုရင် အကောင်းဆုံး ဖြစ်လိမ့်မယ်”
 
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ သူတို့တပ်ဖွဲ့တွေဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိသလို နေအိမ်မီးရှို့တာတွေ မလုပ်ဘူးလို့ အရင်က RFA ကို အကြိမ်ကြိမ် ဖြေဆိုခဲ့ဖူးပါတယ်။
 
 မြန်မာစစ်တပ်ဟာ အာဏာသိမ်း နှစ်နှစ်အတွင်း ဖြတ်လေးဖြတ်စနစ်ကို အသုံးပြုပြီး ကျေးရွာတွေကို ပိတ်ဆို့၊ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် ဒေသခံ အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး ရပ်ရွာတွေကို မီးလောင်တိုက်သွင်းတဲ့နည်းနဲ့ အကူအညီတွေ မရရှိအောင် လုပ်ဆောင်ခဲ့တယ်လို့ ကုလလူ့အခွင့်အရေး အစီအရင်ခံစာက ဖော်ပြပါတယ်။

"တိမ်းရှောင်နေတဲ့ ဒေသခံတွေက အမိုးအကာ မရှိတော့ ကပ်ထူတွေလုပ်ပြီး ဖက်တွေမိုးပြီး ရှိတာတွေနဲ့ နေထိုင်ရတာ။"

 
မြန်မာစစ်တပ်က အကြမ်းဖက်မှုတွေကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး နိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ အခြေအနေ အဆိုးဆုံးလို့ ဆိုပါတယ်။
 
ဒေသခံအများစုဟာ ရွာတွေကနေ တောတောင်တွေထဲထိ ရွှေ့ပြောင်းနေထိုင်ပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကနေ ပြေးမလွတ်ဘူးလို့ နိုင်ငံအရှေ့တောင်ပိုင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
 
"လက်နက်ကြီးသံတွေ၊ လေယာဉ်သံတွေကတော့ တောက်လျှောက်ပဲ သူတို့ကလူသားတွေကို လူသားလို့ သဘောမထားတော့ဘဲ ရန်သူနဲ့ မိတ်ဆွေ မရွေးတတ်သလို၊ ပြည်သူနဲ့ ရန်သူလည်း မရွေးတတ်တော့ဘူး။ အားလုံးကို သိမ်းကြုံးပြီး ပစ်နေတာလည်း ကျနော်တို့ ကရင်ပြည်နယ်မှာ ခံစားနေရတာပေါ့နော်။ တောတောင် ဒေသမှာ တိမ်းရှောင်နေတဲ့ ဒေသခံတွေက အမိုးအကာ မရှိတော့ ကပ်ထူတွေလုပ်ပြီး ဖက်တွေမိုးပြီး ရှိတာတွေနဲ့ နေထိုင်ရတာ။ ဒါကိုသူတို့တွေက တပ်စခန်းလို့ ထင်ပြီး လိုက်ပစ်နေတဲ့ ပုံစံ ဖြစ်နေတာပေါ့နော်"
 
မြန်မာစစ်တပ်ဟာ ရွာကိုတွေ စစ်ကြောင်းထိုးချိန်သာမက စစ်ကြောရေးနဲ့ တခြားဖမ်းဆီး ထိန်းသိမ်းတဲ့ နေရာတွေမှာ အမျိုးသား၊ အမျိုးသမီးနဲ့ LGBT တွေပေါ် အဓမ္မပြုကျင့်တာအပါအဝင် တခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
 
မြန်မာစစ်တပ်ဟာ အခုစီအရင်ခံစာမှာပါတဲ့ အကြောင်းအရာတွေထက် ပိုဆိုးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြေပြင်မှာ လက်တွေ့ ကျုးလွန်နေတယ်လို့လည်း လူအခွင့်ရေး စောင့်ကြည့်သူတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စနစ်တကျ နေရာတိုင်းမှာ ကျူးလွန်နေတာလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
 
“လက်ရှိ မြန်မာနိုင်ငံမှာ ကျုးလွန်နေတာက လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုကို ကျုးလွန်နေတာ။ ဂျီနိုဆိုက်ဆိုတာလည်း ရိုဟင်ဂျာတွေ အပေါ်မှာ ကျုးလွန်ခဲ့ပြီးပြီ။ ဒီဟာကို ဘယ်လိုပုံစံ သုံးသပ်မလည်းဆိုတော့ စနစ်တကျနဲ့ နေရာအနှံ့မှာ ဖြစ်နေ တယ်လို့ ကျနော်တို့ မြင်တယ်။ အကယ်၍ လူသားမျိုးနွယ်မှုဆိုင်ရာ ရာဇဝတ်မှုဆိုတာ ဘယ်လိုအရာမှာ သုံးသပ်သလဲ၊ ဘယ်လိုအချက်အလက်တွေပေါ်မှာ သုံးသပ်သလဲ ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေကို စနစ်တကျနဲ့ ပုံစံအချိုး တူညီစွာနဲ့ နေရာတိုင်းမှာ စနစ်တကျ လုပ်လာတာ”
 
မြန်မာပြည်သူတွေ ရသင့်တဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အာမံချက်ပေးဖို့ အမြန်ဆုံး အရေးယူ ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့လည်း လူ့အခွင့်အရေးကော်မရှင်နာရုံးရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။ ဒီဆောင်ရွက်မှုတွေကို စစ်ကောင်စီအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ နိုင်ငံတကာအသိုက်အဝန်း တစ်ခုလုံးက ဝိုင်းဝန်း အကာင်အထည် ဖော်ရမှာလို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်အတွင်းရှိ မီးရှို့ဖျက်ဆီးခံရသည့် လက်ပံလှရွာကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ခင်ဦးမြို့နယ်အတွင်းရှိ မီးရှို့ဖျက်ဆီးခံရသည့် လက်ပံလှရွာကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

 စစ်အာဏာသိမ်းမှုအလွန် လူ့အခွင့်အရးချိုးဖောက်မှုတွေကိုစနစ်တကျ ဖော်ပြထားတဲ့ ဒီထုတ်ပြန်ချက်ဟာ ကောင်းမွန်တဲ့ အရွေ့တစ်ခုဖြစ်ပေမယ့် ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ် တိုက်တွန်းပါတယ်။
 
"ကျနော်တို့ ဖြစ်စေချင်တဲ့ဟာကို ပြောရမယ်ဆိုရင်တော့ အချိန်ကာလက သိတဲ့အတိုင်းပဲ နေ့စဉ်ရက်ဆက် ဆယ်ဂဏန်းနဲ့ချီပြီး အသတ်ခံနေရတဲ့ အနေအထားပေါ့။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေလည်း နေ့စဉ်ရက်ဆက် မီးရှို့ခံထားရတဲ့ အနေအထားပေါ့။ အချိန်တစ်ရက်ဆွဲရင် ဆွဲသလို ပြည်သူတွေ အထိနာတယ်ပေါ့။ အဲဒီအတွက်ကြောင့်မလို့ Rule Cost ကို မှန်မှန်ကန်ကန်ရှာ၊ မှန်ကန်တဲ့ ဖြေရှင်းနည်းတစ်ခုကို မြန်မြန်ဆန်ဆန် ရွေးချယ်ပြီးတော့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုကို အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက် နိုင်မှသာလျှင် ကျနော်တို့ပြည်သူတွေအတွက် အထိနာမှုကို ကုစားနိုင်မယ်ပေါ့"
 
အစီရင်ခံစာရဲ့ နိဂုံးပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေထံ လူသားချင်း စာနာမှု အကူအညီတွေ အရောက်ပေးပို့နိုင်ဖို့ တင်ပြထားပါတယ်။
 
တစ်ဆက်တည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက အကြံပြုချက် ခုနစ်ချက်ကို တင်ပြထားပါတယ်။
 
အဲဒီအထဲမှာ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံက လက်ရှိအခြေအနေ အပြည့်အစုံကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ တင်သွင်းနိုင်ရေးအတွက် အဆင့်ဆင့် လုပ်ဆောင်ဖို့နဲ့ လက်ရှိ စုံစမ်းစစ်ဆေးနေတဲ့ ကန့်သတ်မှုပါတဲ့ နိုင်ငံကျော်ဖြတ် စုံစမ်း စစ်ဆေးမှုတွေကိုပါ ခုံရုံးကို တင်သွင်းနိုင်ဖို့ အချက်တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။