အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet ဟာ ပြီးခဲ့တဲ့လက ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့နောက်ဆက်တွဲအဖြစ်နဲ့ ထိုင်း၊ စင်္ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေကို ဇွန်လ ၇ ရက်ကနေ ၁၄ရက်နေ့အထိ သွားရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်ရည်ရွယ်ချက်ထဲမှာ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အမေရိကန်နိုင်ငံအနေနဲ့ ဒေသတွင်းမဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ သန္နိဌာန်ချထားကြောင်း ပြသဖို့လည်းပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
မစ္စတာ Derek Chollet ဟာ ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံကိုရောက်နေစဉ်မှာ ထိုင်း-မြန်မာနယ်စပ်က မြန်မာနိုင်ငံကဒုက္ခသည်တွေ ခိုလှုံနေတဲ့ မယ်လဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့သလို မြန်မာဒုက္ခသည်တွေ အားထားတဲ့ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်၊ မြန်မာတိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းတွေအပြင်၊ ထိုင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအရေးပေါ်အကူအညီတွေကို ထိုင်းနိုင်ငံကနေတဆင့် နယ်စပ်ဖြတ်ကျော်ပြီး ပေးနိုင်မယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံဟာ ထိုင်း-မြန်မာနယ်စပ်တည်ငြိမ်ရေးအတွက် အားပေးကူညီသွားမှာဖြစ်ပြီး၊ နယ်စပ်တစ်လျှောက်မှာရှိတဲ့ နေရပ်စွန့်ခွာထွက်ပြေးလာသူတွေကို လိုအပ်တဲ့ အကူအညီပေးနိုင်ဖို့ အလွန်အရေးကြီးတယ်လို့ မစ္စတာ Derek Chollet က သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မစ္စတာ Derek Chollet ဟာ ဇွန်လ ၁၀ ရက်နေ့မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramud Winai (ဒွန် ပရာမုတ်ဝီနိုင်း) နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဆုံးရှုံးနေပြီး အကျအဆုံးလည်း များနေကြောင်း၊ မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ အနိုင်ရသလားဆိုတာကို လက်တွေ့ကျကျ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိမရှိ သိဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။
အဲဒီအပြင် စစ်ကောင်စီဟာ နိုင်ငံတကာမှာသာမကဘဲ ပြည်တွင်းမှာလည်း အထီးကျန်ဖြစ်နေတဲ့အတွက် တိုက်ခိုက်မှုတွေကို ရပ်တန်းက ရပ်ပြီး ဒီမိုကရေစီစနစ်ဆီကို ပြန်သွားသင့်တယ်လို့ သူကပြောပါ တယ်။
အဲဒီနောက် ဇွန်လ ၁၁ ရက်က စင်္ကာပူနိုင်ငံ၊ မဟာဗျူဟာလေ့လာရေး နိုင်ငံတကာအင်စတီကျု IISS က ပြုလုပ်တဲ့ ၁၉ ကြိမ်မြောက် အာရှလုံခြုံရေးညီလာခံကို တက်ရောက်ဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှဒေသတစ်ခုလုံးဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် အရေးကြီး ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၁၆ လ ကြာလာချိန်မှာ စေ့စပ်ညှိနှိုင်းလိုတဲ့ လက္ခဏာမပြသေးဘဲ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ တိုးလုပ်လာနေတာတွေ့ရပေမယ့် တစ်ဖက်မှာလည်း အင်အားဆုတ်ယုတ်လာနေတယ်လို့ သူက ပြောသွားပါတယ်။
“အခုလို ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ နောက်ကွယ်မှာ တစ်နေ့တခြား အထီးကျန်ဆန်လာပြီး၊ စိတ်အားငယ်လာနေတဲ့ အာဏာရှင်တစ်စုကို တွေ့နိုင်ပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး တော်လှန်လှုပ်ရှားမှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုတိုးလာနေပါတယ်။ စစ်တပ်က မြန်မာနိုင်ငံကို သူတို့ ထိန်းချုပ်ထားနိုင်ပြီလို့ ကြေညာထားပေမယ့် တကယ့်တကယ်တော့ သူတို့ဟာ အမှန်တကယ် ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရပြီး၊ အခြေခံအကျဆုံး တည်ငြိမ်အေးချမ်းမှုကိုတောင် မတည်ဆောက်နိုင်သေးတာ တွေ့နိုင်ပါတယ်”
အဲဒီအပြင် စစ်တပ်ထဲက အခြေအနေကိုလည်း မစ္စတာ Chollet က အခုလို သုံးသပ်ပြောဆိုပါတယ်။
“တစ်ချိန်တည်းမှာပဲ စစ်တပ်ထဲမှာလည်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်နေပြီး၊ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေနဲ့ လူသိရှင်ကြား ထိတွေ့ ဆက်ဆံလာတဲ့ နိုင်ငံတွေ ပိုများလာနေပါတယ်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေကလည်း စစ်တပ်ပိုင်လုပ်ငန်းတွေမှာ ထည့်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ထုတ်လာကြပါတယ်။ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ငွေကြေးလွှဲပြောင်းမှုတွေကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပိုများလာတဲ့အတွက် စစ်တပ်က ယူသုံးလို့ရတဲ့ အရင်းအမြစ်တွေ နည်းလာနေပါတယ်”
အမေရိကန်နိုင်ငံရဲ့ ရည်မှန်းချက်ဟာ မြန်မာနိုင်ငံက ပဋိပက္ခအကျပ်အတည်းကို အမြန်ဆုံးရပ်တန့်ဖို့ နောက်ပြီး မြန်မာနိုင်ငံကို ပြည်သူတွေ ကိုယ်စားပြုအဖွဲ့အားလုံး ပါဝင်တဲ့ ပါတီစုံ ဒီမိုကရေစီနိုင်ငံလမ်းကြောင်းကို ပြန်တင်ပေးဖို့ ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုဟာ ဒီရည်မှန်းချက်အောင်မြင်ဖို့ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး စွမ်းစွမ်းတမံ အလုပ်လုပ်နေပါတယ်လို့ သူက ပြောသွားပါတယ်။
“စစ်ကောင်စီဟာ အခုအချိန်မှာ ယုံကြည်လေးစားရတဲ့ နိုင်ငံရေး ပြိုင်ဘက်အားလုံးနီးပါးကို ထောင်သွင်းအကျဉ်းချထားတာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်ထားပါတယ်”
ဒါ့အပြင် စစ်တပ်ကျင်းပမယ်လို့ ကတိပေးထားတဲ့ ၂ဝ၂၃ ခုနှစ်ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်တဲ့အတွက် အသိအမှတ်ပြုမှာ မဟုတ်တဲ့အကြောင်းလည်း သူကပြောခဲ့ပါတယ်။
“လာမယ့်နှစ်အတွက်လည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။ စစ်ကောင်စီက ၂ဝ၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ပြောထားပါတယ်။ သူတို့ လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲက အတုအယောင်ပဲ ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲမျိုး မဖြစ်နိုင်တဲ့အတွက် ဒီရွေးကောက်ပွဲကို မထောက်ခံသင့်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။ စစ်ကောင်စီဟာ အခုအချိန်မှာ ယုံကြည်လေးစားရတဲ့ နိုင်ငံရေး ပြိုင်ဘက်အားလုံးနီးပါးကို ထောင်သွင်းအကျဉ်းချထားတာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်ထားပါတယ်။ ဒီအထဲက အချို့ကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ သေဒဏ်စီရင်မယ်လို့တောင် ပြောထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကို နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်မစီရင်ဘဲ ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီဖော်ဆောင်ရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိအားပေးရပါမယ်။ ရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့် လမ်းကတော့ တကယ်ပဲ ခက်ခဲကြမ်းတမ်းမှာ သေချာပါတယ်။ တစ်ချက်တည်းနဲ့ ပြဿနာအားလုံး ပြေလည်သွားမယ့် နည်းလမ်းလည်း မရှိပါဘူး”
အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံအရေးကို ဖြေရှင်းတဲ့နေရာမှာ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး၊ တရုတ်နိုင်ငံဟာလည်း ဖြေရှင်းနိုင်မယ့်နည်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ မျှော်လင့်တယ်လို့ မစ္စတာ Derek Chollet က ပြောသွားပါတယ်။