မြန်မာ့နွေဦးတော်လှန်ရေးနဲ့ အမေရိကန်ရဲ့ ဆောင်ရွက်ချက်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.08.30
မြန်မာ့နွေဦးတော်လှန်ရေးနဲ့ အမေရိကန်ရဲ့ ဆောင်ရွက်ချက် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်က လွှတ်တော်အဆောက်အအုံ။
Photo: Reuters

အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့နဲ့ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ အင်အားစုတွေကို ကူညီထောက်ပံ့ဖို့ နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေတာတွေ့ရပါတယ်။

"မြန်မာနိုင်ငံမှာ ဘယ်အစိုးရပဲတက်တက် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ အရေးကြီးတာကို အမေရိကန်နိုင်ငံက သဘောပေါက်ပါတယ်"

အဲဒီကြိုးပမ်းမှုတွေထဲမှာ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်တွေနဲ့ လူသိရှင်ကြားဆက်ဆံမှုပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာခုနစ်သိန်းကျော်ကို ရခိုင်ပြည်နယ်ကနေ မောင်းထုတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက အခုနှစ်မှာ တရားဝင်ကြေညာခဲ့ပါတယ်။

မြန်မာ့အရေးအတွက် အမေရိကန်နိုင်ငံရဲ့ အားပေးကူညီမှုတွေအားလုံးကို တရားဝင် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် မေရီလန်းပြည်နယ်အထက်လွှတ်တော်အမတ် ဘင်ကာဒင်က Burma Act ဥပဒေကြမ်းကို ပြီးခဲ့တဲ့နှစ်က အဆိုပြုတင်သွင်းခဲ့ပါတယ်။ ဥပဒေကြမ်းကို အခုနှစ် ဧပြီလက အမေရိကန်အောက်လွှတ်တော်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီနှစ်ရပ်လုံးရဲ့ တစ်ခဲနက်ထောက်ခံမှုနဲ့အတည်ပြုနိုင်ခဲ့ပြီး အခုအချိန်မှာတော့ အထက်လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ ဆွေးနွေးသုံးသပ်နေဆဲ ဖြစ်ပါတယ်။

Burma Act ဥပဒေကြမ်းဟာ အောက်လွှတ်တော်မှာ အဓိကပါတီနှစ်ရပ်လုံးက တညီတညွတ်တည်း အားပေးထောက်ခံမှုနဲ့အတည်ပြုနိုင်ခဲ့တာဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်တယ်လို့ ဒီဥပဒေကြမ်းအတည်ပြု ပြဋ္ဌာန်းနိုင်ဖို့ အမေရိကန်နိုင်ငံတွင်းမှာ တိုက်တွန်းလှုံ့ဆော်နေတဲ့ Campaign for a New Myanmar အဖွဲ့က Michael Haack က RFA ကို ပြောပါတယ်။

"ဒီဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီနှစ်ရပ်လုံးရဲ့ တစ်ခဲနက်ထောက်ခံမှုနဲ့ အတည်ပြုနိုင်တာ ရှားပါးတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရရဲ့ စစ်ရေးဘဏ္ဍာငွေအတွက် နှစ်စဉ်ထုတ်ပြန်နေကျ National Defense authorization Act ဥပဒေထဲမှာ Burma Act ဥပဒေကြမ်းထဲက အဆိုပြုထားတဲ့ အကြောင်းအရာအချို့အတွက် ထည့်ထားတာလည်း ရှိနေပါတယ်။ ဒါကြောင့် အမေရိကန်အထက်လွှတ်တော်ဟာ ဒီ Burma Act ဥပဒေကို သီးခြားဥပဒေတစ်ခုအဖြစ် အတည်ပြု ပြဋ္ဌာန်းတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ပိုမိုကြီးမားကျယ်ပြန့်တဲ့ National Defense authorization Act ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အတည်ပြုပြဋ္ဌာန်းဖို့ ဖြစ်နိုင်ခြေနှစ်မျိုး ရှိနေပါတယ်။ ဒီဥပဒေကြမ်းထဲမှာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအတွက် ဘဏ္ဍာငွေ အသုံးစရိတ်ကို နှစ်ဆ တိုးပြီးသုံးဖို့ အဆိုပြုထားပါတယ်။ ကျနော်တို့အနေနဲ့ အဲဒီအဆိုပြုထားတာထက် မနည်းတဲ့ ပမာဏနဲ့ အတည်ပြုနိုင်အောင် တိုက်တွန်းနေပါတယ်။ နောက်ဆုံးရလဒ်ကတော့ အထက်လွှတ်တော်ရဲ့ဘဏ္ဍာငွေ ချထားပေးရေး ကော်မတီနဲ့ မြန်မာနိုင်ငံအရေး လုပ်ဆောင်နေတဲ့ လွှတ်တော်အမတ်အချို့အပေါ်မှာပဲ မူတည်ပါတယ်"

ဒီ Burma Act ဥပဒေကြမ်းမှာ မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့၊ ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ဘဏ္ဍာငွေထောက်ပံ့ဖို့၊ မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရရဲ့ အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ တိုးမြှင့်သုံးစွဲဖို့၊ အမေရိကန်နိုင်ငံရဲ့ မြန်မာ့အရေးဆောင်ရွက်ချက်တွေကို ကြီးကြပ်မယ့် စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် အဆင့်မြင့်အရာရှိတစ်ဦးကို ခန့်ထားဖို့ စတဲ့ အဆိုပြုချက်တွေ ပါဝင်ပါတယ်။

"ဒီဥပဒေကြမ်းထဲမှာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအတွက် ဘဏ္ဍာငွေ အသုံးစရိတ်ကို နှစ်ဆတိုးပြီးသုံးဖို့ အဆိုပြုထားပါတယ်"

အမေရိကန်အစိုးရရဲ့ မြန်မာ့အရေး လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီအရေး အားပေးကူညီမှုအပြင် အင်အားကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို မဟာဗျူဟာကျကျ ထိန်းချုပ်နိုင်ဖို့လည်း ရည်ရွယ်တယ်လို့ လေ့လာသုံးသပ်မှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်ကတော့ အမေရိကန်အစိုးရရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်တွေဟာ မဟာဗျူဟာရည်ရွယ်ချက်မပါဘူးလို့ သုံးသပ်ပါတယ်။

“ဒါက အမေရိကန်နိုင်ငံအတွက် ပထဝီနိုင်ငံရေးကိစ္စ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြန်တက်လာပြီး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီနှစ်ရပ်လုံးက လိုလားကြပါတယ်။ ဒါက အမေရိကန်ရဲ့ ရည်ရွယ်ချက်ပါ။ တရုတ်ပြည်ကြောင့် မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရပဲတက်တက် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ အရေးကြီးတာကို အမေရိကန်နိုင်ငံက သဘောပေါက်ပါတယ်“

အမေရိကန်အစိုးရခေါင်းဆောင်ပိုင်းမှာ မြန်မာပြည်သူတွေရဲ့အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေအပေါ် စာနာမှုရှိပြီး အားပေးထောက်ခံလိုစိတ်လည်း ရှိပေမယ့် မြန်မာပြည်တွင်းက အခြေအနေတွေ ပိုဆိုးသွားအောင် လုပ်ရာရောက်မှာလည်း စိုးရိမ်နေကြကြောင်း ထိရောက်တဲ့ အားပေးထောက်ခံမှုမျိုး ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းအမျိုးမျိုးကို လေ့လာသုံးသပ်နေတယ်လို့ မစ္စတာ စကော့မာစီရယ် က ပြောပါတယ်။

အမေရိကန်အထက်လွှတ်တော်မှာ ဆွေးနွေးနေတဲ့ Burma Act ဥပဒေကြမ်းမှာ ဒီဥပဒေကို အတည်ပြုပြီး ရက်ပေါင်း ၆၀ အတွင်း မြန်မာစစ်တပ်အတွက် ဝင်ငွေအဓိကရှာပေးနေတဲ့ မြန်မာ့စွမ်းအင်နဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူရေးအတွက် ဖြစ်နိုင်ခြေကို အစီရင်ခံတင်ပြရမယ်လို့လည်း ပါရှိပါတယ်။

image (9).jpg
၂ဝ၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ Holocaust Museum လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်မှာ မှတ်တမ်းများ ကြည့်ရှုနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်။ (Photo: Reuters)

မြန်မာစစ်တပ်ရဲ့ စွမ်းအင်ကဏ္ဍက ရနေတဲ့ ဝင်ငွေရင်းမြစ်တွေကို ပိတ်ဆို့အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ အရေးတကြီး စောင့်ကြည့်ရမယ့် အမေရိကန်အစိုးရရဲ့ နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်တယ်လို့
မိုက်ကယ်ဟက်ခ် က သုံးသပ်ပါတယ်။

”မြန်မာ့စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူဖို့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အီးယူ ဥရောပသမဂ္ဂက MOGE ကို ပိတ်ဆို့အရေးယူဖို့ ဆုံးဖြတ်လိုက်တာ တော်တော်ကြာနေပါပြီ။ ဒါကြောင့်လည်း ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်က မြန်မာနိုင်ငံကနေ ထွက်ခွာပြီး၊ အမေရိကန်ရေနံကုမ္ပဏီ ချက်ဗရွန်ကတော့ ကျန်နေပါသေး တယ်။ မြန်မာစစ်တပ်ကို ဓာတ်ငွေ့ဖိုး ငွေပေးချေတဲ့ နေရာမှာ တရုတ်ကုမ္ပဏီ Bank of China၊ ကိုရီးယားကုမ္ပဏီတွေ ဖြစ်တဲ့ POSCO နဲ့ KOGAS တို့ ပါဝင်နေတဲ့အတွက် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ရင် ဒီကုမ္ပဏီတွေက မလိုက်နာမှာကို စိုးရိမ်ပူပန်မှုအချို့ရှိနေပါတယ်။ ဒါပေမဲ့ အခု အီးယူက ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဒီကုမ္ပဏီတွေက လိုက်နာမယ့် အထောက်အထားတွေ တွေ့ရပါတယ်။ ဒီကုမ္ပဏီတွေဟာ ရွှေ ဓာတ်ငွေ့ပိုက်လိုင်းကနေ ရောင်းချတဲ့ ဓာတ်ငွေ့တွေအတွက် MOGE ကို ယူရိုငွေနဲ့ ပေးရမယ့် ငွေတွေကို ပေးတာ မတွေ့ရသေးပါဘူး။ သူတို့က အီးယူရဲ့ စည်းမျဉ်းတွေကို မလိုက်နာရင် ဥရောပဈေးကွက်ကို ဆုံးရှုံးမှာ စိုးရိမ်လို့ ဖြစ်နိုင်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ MOGE ကို ပိတ်ဆို့အရေးယူမှုတွေ မချမှတ်နိုင်သေးတာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်နေပါတယ်”

ဆက်လက်ပြီး အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ထပ်တိုး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်တာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အခြားအင်အားစုတွေကို ဘဏ္ဍာငွေ ထောက်ပံ့တာ စတဲ့ လုပ်ရပ်တွေ မျှော်လင့်လို့ ရနိုင်တယ်လို့ မစ္စတာ မစ္စတာ စကော့မာစီရယ် က သုံးသပ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် အာဆီယံကို လုံးဝလွှဲအပ်ထားတဲ့ ဖြေရှင်းနည်းကို ပြောင်းလဲလာဖွယ်ရှိပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အခြားအာဏာသိမ်း ဆန့်ကျင်ရေး အင်အားစုတွေကို အားပေးထောက်ပံ့မှု တိုးလာနိုင်ပေမယ့်၊ NUG ကို မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံမယ့်အလားအလာတော့ မတွေ့ရသေးဘူးလို့ မိုက်ကယ်ဟက်ခ် က သုံးသပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။