သူရဦးရွှေမန်းနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေ တွေ့ဆုံ


2015.01.14

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးနဲ့ ဒီနေ့ နေပြည်တော် မှာ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ "တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်း"နဲ့ပတ်သက် ပြီး ဆွေးနွေးခဲ့သလို ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပေးဖို့ အဆိုတင်သွင်းခဲ့တဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂ဦးက သူတို့သဘော ထားတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။

ဒီနေ့တွေဆုံပွဲဟာ မြန်မာနိုင်ငံရဲ့လိုအပ်ချက်ဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်စေတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က ပြောပါတယ်၊ ဒါအပြင် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကျင်းပပေးဖို့ တိုင်းရင်းသားရေးရာဝန်ကြီး ၂ ဦးက တိုင်းဒေသကြီး လွှတ်တော်မှာ တောင်းဆိုထားတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်နာယကက သူ့အမြင်ကိုအခုလို ပြောပါတယ်။

သူရဦးရွှေမန်း။            ။တိုင်းရင်းသားရေးရာဝန်ကြီးများနဲ့ အခုလိုတွေ့ဆုံမှုဟာ ကျနော်တို့နိုင်ငံမှာ လိုလားနေတဲ့ငြိမ်းချမ်းရေးအတွက် အများကြီးအထောက်အကူပြုနိုင်ပါတယ်၊ ကျနော်တို့လိုချင်တာက ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးအတွက်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေ့မှာတွေက၊ ဒါကြောင့်မို့လို့ ဒီနေ့ တိုင်းရင်းသားရေးရာဝန်ကြီးများနဲ့ တွေဆုံမှုဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အများကြီးအထောက်အကူပြုပါတယ်၊ ငြိမ်းချမ်းရေးရဖို့အတွက်လည်း အများကြီးအခြေအနေကောင်းပါတယ်၊ ကျနော်တို့ကတော့ ၂ ပွင့်လည်းရတယ်၊ ၃ ပွင့်လည်းရတယ်၊ ၄ ပွင့်လည်းရတယ်၊ ၆ ပွင့်လည်းရတယ်၊ ၁၂ ပွင့်လည်းပဲရပါတယ်၊ အရေးကြီးတာက အလုပ်ဖြစ်ဖို့အတွက်ပဲ၊ ဒါအတွက်ပဲ စဉ်းစားပါတယ်၊ ရုတ်သိမ်းစရာမရှိပါဘူး ဆုံးဖြတ်ပြီးသားကိစ္စပါနော်။

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ကျင်းပပေးဖို့ တိုင်းရင်းသားရေးရာဝန်ကြီး ၂ ဦးတောင်းဆိုထားတာနဲ့ပတ်သက်ပြီး ဒီနေ့ဆွေးနွေးခဲ့တာကို အခုလိုပြောပါတယ်။

ဦးဇော်အေးမောင်။                 ။၆ ပွင့်ဆိုင်၊ ၁၂ ပွင့်ဆိုင်နဲ့ ပတ်သက်လို့ပေါ့နော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ အဆိုတင်ခဲ့တာရှိတယ်၊ အဆိုင်တင်တဲ့အဆိုရှင်တွေ က ပြည်ထောင်စုလွှတ်တော်က တင်သွင်းလိုက်တဲ့ အဆိုကိုကန့်ကွက်တာမဟုတ်ဘူး၊ တိုင်းရင်းသားတွေ ပိုမိုပြီးတော့ တိုင်ရင်းသားကဏ္ဍမှာ တိုင်းရင်းသားတွေပါဝင်ဖို့အတွက် တင်ပြတာဖြစ်တယ်၊ ၁၂ ပွင့်ဆိုင်လို့ ပြောတာမဟုတ်ဘူးလို့ ပြောတာရှင်းပြကြတယ်။

တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးများရဲ့ တင်ပြချက်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက အခုလိုပြောပါတယ်။

ဦးစောလှထွန်း။           ။တိုင်းရင်းသားရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာမျိုးရဲ့ နောက်ဥပဒေမှာပါတဲ့ အချက်အလက်တွေ ကို နိုင်ငံရေးအရ အသုံးမပြုရလို့ ဆိုလိုတာပေါ့၊ အဲ့ဒီတော့ တကယ်နိုင်ငံရေးဆိုတဲ့နေရာမှာ နိုင်ငံရေးဆိုတာ ကျယ်ပြန့်တယ်၊ မာတီနိုင်ငံရေးဖြစ်ဖြစ် ပါတီနိုင်ငံရေးစသည်ဖြင့် အကြံပြုတာလေး၊ အများစုကတော့ အားလုံး ၂၉ ဦးစလုံး အားလုံးကျေနပ်ကြပါတယ်။

အဲ့ဒီဥပဒေကြမ်းကို တင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးတီခွန်မြတ်က မြန်မာနိုင်ငံမှာ တိုင်းရင်းသားအခွင့်အရေးတွေကို ဥပဒေအဖြစ်မပြဌါန်းနိုင်သေးတဲ့အတွက် ယုံကြည်မှုတွေလျော့နည်းနေတယ် လို့ ပြောပါတယ်။

ဦးတီခွန်မြတ်။             ။မိမိတို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံမှာ ဥပဒေ ၃ ခုရှိခဲ့ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခုစလုံးမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဖော်ပြထားပေမဲ့လို့ စာအုပ်ထဲမှာပဲရှိတယ်၊ လက်တွေ့ အကောင်အထည်ဖော်မယ့်နေရာမှာ လက်ဆုပ်လက်ကိုင် ဥပဒေမရှိတဲ့အတွက် သံသယစိတ်တွေက အမြဲ တမ်းဝင်နေတယ်၊ ဒါတွေကို ပျောက်ပြယ်သွားပြီဆိုလို့ရှိရင် တိုင်းရင်းသားဆိုတာ အားလုံးစည်းလုံးညီညွတ်မှုရော အမျိုးသားပြန်လည် သင့်မြတ်ရေးတွေရော အကုန်အထောက်အကူပြုသွားနိုင်တာပေါ့၊ ကိုယ်တိုင်က စတင်ပြီးတော့ရေးဆွဲထားတဲ့ ဥပဒေဖြစ်တာကြောင့် အခုပြန်ပြင်တဲ့အချိန်မှာလည်း မိမိတို့ပါတီမှာ တာဝန်ရှိတယ်၊ တာဝန်ရှိလို့ ဒါက နိုင်ငံတော်က အကျပ်အတည်းမဖြစ်အောင်ဆိုပြီးတော့ ၆ ပွင်ဆိုင်တွေမှာ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးထားတာဖြစ်ပါတယ်၊ ဒါတွေဟာ ညင်ညင်သာသာလေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးကို ချီတက်နေခြင်းပဲဖြစ်ပါတယ်။

လာမယ့်ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းကို ဆွေးနွေးအကြံပြုကြမှာ ဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။