မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့အဖွဲ့တွေနဲ့ဆက်ဆံသွားမယ်လို့ အမေရိကန်အရာရှိပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.05.11
မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့အဖွဲ့တွေနဲ့ဆက်ဆံသွားမယ်လို့ အမေရိကန်အရာရှိပြော အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီ အင်ဒို-ပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး ကာ့တ် ကမ်ဘဲလ်။
Photo: USIP

အမေရိကန်နိုင်ငံနဲ့ အာဆီယံ သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ လာမယ့် မေလ ၁၂ ရက်နဲ့ ၁၃ရက်တွေမှာ ပြုလုပ်မယ့် အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးဟာ အမေရိကန်အစိုးရအနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ဆက်ဆံရေး မြှင့်တင်ပြီး ပိုပြီးနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ အခွင့်အရေးဖြစ်တယ်လို့ USIP က သုံးသပ်ထားပါတယ်။

“အာဆီယံအနေနဲ့ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံက ဆန့်ကျင်ဘက်အုပ်စုနှစ်စုလုံးကို ထိတွေ့ဆက်ဆံမှုတွေ လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

မေလ ၁၁ ရက်နေ့က အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးအင်စတီကျု USIP က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အမေရိကန်- အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအရေးအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆွေးနွေးဆုံးဖြတ်နိုင်သလဲဆိုတာကို ရနိုင်မလဲဆိုတာကို USIP ရဲ့ အထူးအကြံပေး အီဗန် မဒီရဲဇ် က မေးမြန်းရာမှာ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အင်ဒို ပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး ကာ့တ် ကမ်ဘဲလ် က အခုလို ဖြေကြားထားပါတယ်။

“အာဆီယံအဖွဲ့အတွင်းမှာပဲ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ရှေ့ဘာဆက်လုပ်ကြမလဲဆိုတာ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ အာဆီယံအနေနဲ့ မနှစ်က မြန်မာ့အရေးအတွက် လမ်းသစ်ထွင်ပေးခဲ့တဲ့ လုပ်ဆောင်ချက်အချို့ ရှိခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေဖို့ စစ်ကောင်စီအနေနဲ့ လိုက်နာဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေနဲ့ အတိုက်အခံအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ အချက်တွေ ပါဝင်ပါတယ်။ အများစုက အောင်မြင်မှုမရသေးပါဘူး။ နောက်တစ်ဆင့် ဘာဆက်လုပ်ကြမလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာမရှိသေးပါဘူး။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေးမှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ သံတမန်ရေးအရ ပိုပြီး ပါဝင်ဆောင်ရွက်ဖို့လည်း အားပေးနေပါတယ်။ ဒါပေမဲ့ ဒါ အာဆီယံရဲ့တာဝန်ပဲ ဆိုပြီး မျက်နှာလွှဲထားလိုက်လို့တော့ မရပါဘူး။ အာဆီယံအနေနဲ့ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံက ဆန့်ကျင်ဘက်အုပ်စုနှစ်စုလုံးကို ထိတွေ့ဆက်ဆံမှုတွေ လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် အမေရိကန်အစိုးရအနေနဲ့ အာဆီယံအဖွဲ့တစ်ဖွဲ့လုံး အနေနဲ့ကော တစ်နိုင်ငံချင်းအနေနဲ့ကော ဘယ်လိုတုံ့ပြန်ဆောင်ရွက်ကြဖို့ မျှော်လင့်ထားသလဲဆိုတာနဲ့ ပတ်သက်ပြီး၊ အမေရိကန်အနေနဲ့ ပြီးခဲ့တဲ့နှစ်က ဘရူနိုင်းနဲ့ အင်ဒိုနီးရှားတို့ ဦးဆောင်ဦးရွက်ပြုမှုတွေကို အသိအမှတ်ပြုကြောင်း၊ မြန်မာနိုင်ငံအရေးအတွက် ချမှတ်ထားတဲ့ လမ်းပြမြေပုံအတိုင်း ဆောင်ရွက်နိုင်ဖို့၊ အတိုက်အခံအုပ်စုအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ ဒုက္ခသည်အရေး ဆောင်ရွက်ဖို့ စတာတွေအပြင် အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နောက်တစ်ဆင့် လုပ်ဆောင်ရာမှာ ပိုမို တက်ကြွပြီး ထိရောက်တဲ့ဆောင်ရွက်မှုမျိုး ဖြစ်စေချင်ကြောင်း ကာ့တ် ကမ့်ဘဲလ်က ပြောသွားပါတယ်။

အခုအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူဟာ ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေတာသိရတဲ့အကြောင်းနဲ့ အမေရိကန် အစိုးရအရာရှိတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရပြီး နိုင်ငံတကာအစည်းအဝေးတွေမှာ ပါဝင်ခွင့်ရမလားဆိုတဲ့ မေးခွန်းကို အခုလို ဖြေကြားခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်”

အာဆီယံနိုင်ငံတွေရဲ့ ဒေသတွင်းအရေးကိစ္စတွေမှာ လွတ်လပ်ပြီး၊ ဘက်လိုက်မှုကင်းကင်းနဲ့ ရပ်တည်ဆုံးဖြတ်နိုင်ဖို့ အမေရိကန်နိုင်ငံက ပံ့ပိုးကူညီမယ့် အစီအစဉ်တွေပါဝင်တဲ့ အင်ဒို-ပစိဖတ် မဟာဗျူဟာကိုလည်း အမေရိကန်အစိုးရက ထုတ်ပြန်ထားပါတယ်။

အခုအချိန်မှာ အရှေ့တောင်အာရှဒေသတွင်းမှာ ကိုဗစ် ၁၉ ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေနဲ့ ရုန်းကန်နေရချိန်မှာ၊ အမေရိကန် နိုင်ငံအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ပြီး၊ အာဆီယံနိုင်ငံတွေရဲ့စွမ်းအားကို မြှင့်တင်ပေးဖို့ ကြိုးစားနေတာ ဖြစ်တဲ့အကြောင်း USIP က သုံးသပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။