ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ ဖြတ်သန်းမှု

RFA Burmese
2024.06.01
ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ ဖြတ်သန်းမှု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယက သူရဦးတင်ဦးကို တွေ့ရစဉ်။
Reuters

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကလည်းဖြစ်တဲ့ သူရဦးတင်ဦးဟာ ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့ မနေ့က ကွယ်လွန်သွားပါတယ်။ သူရဦးတင်ဦးဟာ တပ်မတော်မှာ နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တပ်ထဲမှာထဲက လူချစ်လူခင်များသူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ တပ်မတော်အပေါ် ခံယူချက်နဲ့ သဘောထားကတော့…

“ပြည်သူ့ရဲတို့ ပြည်သူ့တပ်မတော်တို့ ခေါ်တယ်ဆိုတာ သူတို့လုပ်လာတဲ့အလုပ်ဟာ ပြည်သူလူထုအပေါ်မှာ တကယ်ထိရောက်တဲ့ အကျိုးပြုလုပ်ငန်းလုပ်လာရင် ပြည်သူက ချစ်လာပြီးတော့ စေတနာထားပြီးတော့ သူတို့ခေါ်လာလိမ့်မယ်၊ အဲဒါက တန်ဖိုးရှိတယ်၊ တပ်မတော်နဲ့ပတ်သက်ရင် ပြည်သူ့တပ်မ‌တော်မခေါ်ပါနဲ့ အဲလိုငြင်းခဲ့တယ်”

ဗိုလ်ချုပ်ကြီးတင်ဦးဟာ ဗိုလ်ချုပ်အောင်ဆန်းကို အင်မတန် လေးစားကြည်ညိုသူဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ယုံကြည်မြတ်နိုးသူ ဖြစ်ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းပြောတာ ဒီမိုကရေစီနဲ့ပတ်သက်လို့ဆိုရင် ပြည်သူလူထုက ရွေးလိုက်တဲ့ လွှတ်တော်က စစ်တပ်ကို လွှမ်းမိုးရမယ်၊ စစ်တပ်ကဘယ်တော့မှ လွှတ်တော်ကို မလွှမ်းမိုးရဘူး အဲဒါမှ ဒီမိုကရေစီဖြစ်တာ၊ အခုဟာက စစ်တပ်က ထစ်ခနဲရှိ အာဏာသိမ်းမယ်ဆိုတာဘဲ”



ဒေါ်အောင်ဆန်းစုကြည်နဲ့ သူပထမဆုံးတွေ့ဆုံခဲ့ပုံကိုလည်း ဦးတင်ဦးက မှတ်မှတ်ရရ ခုလိုပြောခဲ့ဖူးပါတယ်။

“အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို စပြီး ကျွန်တော်တွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီကိစ္စနဲ့ ပတ်သက်ပြီး လုပ်မယ်လို့ပြောတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း စပြီးတပ်ထောင်လာတုန်းက ဗိုလ်ချုပ်အောင်ဆန်းလက်ထက်က ထောင်လာခဲ့တဲ့တပ်တွေက နောက်တပ်ဖွဲ့စည်းတဲ့အချိန်ကလည်း ဒီမိုကရေစီရဲ့မူနဲ့ စတင်ဖွဲ့စည်းပြီး ကျွန်တော်တို့ ၁၂ နှစ်လောက်အထိ ဒီမိုကရေစီအရသာ သိတယ်၊ ဒီမိုကရေစီပြန်လုပ်ဖို့ဆိုတဲ့ စိတ်ကူးက ခေါင်းထဲမှာရှိပြီးတော့ သူနဲ့စတွေ့တဲ့အချိန်မှာ စလုပ်မယ်ပြောတဲ့အချိန်မှာ ကျွန်တော်လည်း လုပ်မယ်ပြောလိုက်ပြီးတော့ ကျွန်တော့်အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆောင်ရွက်တဲ့ကိစ္စအရပ်ရပ်ကို ကူညီပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုပြီး အဲဒီကစတာပါပဲ”

မြန်မာ့နိုင်ငံရေးမှာ တိုင်းရင်းသားတွေရဲ့ ကဏ္ဍအရေးကြီးပုံကို သူက ကောင်းစွာသိရှိသူပါ။

“တကယ့်ကို အောင်မြင်အောင်လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းရင်းသားအားလုံးနဲ့တကွ ကျွန်တော်တို့ တစ်ပြည်လုံးရှိ တိုင်းရင်းသားအကုန်လုံး စည်းလုံးညီညွတ်မှု မရှိတဲ့ကာလပတ်လုံး အချင်းချင်း ယုံကြည်မှုမရှိတဲ့ ကာလပတ်လုံး ကျွန်တော်တို့နိုင်ငံက မတည်ငြိမ်နိုင်ပါဘူး”

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ NLD နာယက သူရ ဦးတင်ဦးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံနေသည့်ပုံ။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ NLD နာယက သူရ ဦးတင်ဦးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံနေသည့်ပုံ။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်ကြီးများစွာရှိပေမဲ့ သူတစ်ဦးထဲကသာ ပြည်သူ့ဘက်က ရပ်တည်ခဲ့သူဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးဆောင်တာဝန်ယူရင်း ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့မှာ စစ်တပ် ဩဇာခံတွေရဲ့ ရက်စက်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရဖူးတယ်။

“သူတို့ စရိုက်မယ်လုပ်ရော ကျွန်တော်ရွှေ့လိုက်တော့ ကျွန်တော်လည်း လဲသွားတယ်၊ လဲသွားချိန်မှာ ရိုက်သံကြားတယ်၊ ကျွန်တော်ထလိုက်တဲ့အချိန်မှာ ခဏနေတော့ ကားက ဝုန်းကနဲထွက်သွားတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကားကို လိုက်ရိုက်တာ၊ မမီတော့ သူတို့ပြန်လှည့်လာတော့ ကျွန်တော်က လမ်းရဲ့ညာဘက်လေးမှာ အသာလေးရပ်နေလိုက်တာ အတော်မှောင်သွားပြီ ကျွန်တော်ကိုမြင်မှာလည်း မဟုတ်ဘူး၊ သူတို့နောက်ဆုံးအသုတ်လည်း ထွက်သွားရော ကျွန်တော် ဒီပဲယင်းကိုပြေးတာ ပြေးလို့မောရင် လမ်းလျှောက်လိုက် အမောဖြေလိုက် ပြေးလိုက်နဲ့ အဲလိုပြေးတာပဲ”

မြန်မာ့တပ်မတော်သမိုင်းနဲ့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ ခေါင်းဆောင်တစ်ဦး အခုလို ကွယ်လွန်သွားတာဟာ မြန်မာပြည်သူတစ်ရပ်လုံးအတွက်တော့ ဆုံးရှုံမှုကြီးတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ဒီမိုကရေစီရေး ခံယူချက်နဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကတော့ မြန်မာ့သမိုင်းမှာ အထင်ကရ တည်ရှိနေမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။