UWSA ဗိုလ်သင်တန်းကျောင်းဖွင့်လှစ်မှုကို အမြင်မတူမှုတွေရှိနေ


2020.09.16

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အင်အားအတောင့်တင်းဆုံးဖြစ်တဲ့ "ဝ" ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က သူ့ရဲ့ထိန်းချုပ်မြေ ပန်းဆန်းမြို့က ရောင်တိမ်းကျေးရွာမှာ ဗိုလ်လောင်း သင်တန်းကျောင်း ဖွင့်လှစ်ထားကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

UWSA ရဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက တပ်ဖွဲ့ဝင်တွေ ခေတ်နဲ့အညီ အရည်အသွေး တိုးတက်စေဖို့အတွက် ဒီသင်တန်းကျောင်း  ဖွင့်လှစ်လိုက်တာလို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ ၅ ရက်၊ ၆ ရက်တုန်းက ဖွင့်တာရှိတာပေ့ါနော်။ ကျနော်တို့ "ဝ" ပြည်နယ်ရဲ့ ပထမဆုံး နိုင်ငံရေးစစ်ရေး သင်တန်းကျောင်း အဲလိုပြောလို့ရပါတယ်ပေါ့နော်။ ပထမဆုံးအကြိမ် ကျောင်းသားတွေ အနေနဲ့ကတော့ အယောက် ၁၀၀ ကျော်လို့ သိရတယ်ပေါ့နော်။ အဓိကဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ တိုးတက်ပြောင်းလဲ လာတဲ့ ခေတ်နဲ့အညီ ကျနော်တို့ တပ်ဖွဲ့ဝင်တွေလည်း အဆင့်မြင့်ဖို့ နည်းပညာအတတ်ပညာတွေ ပိုမြင့်မားဖို့ လိုအပ်တာနော်။”

လေးနှစ် တက်ရမယ့် ဗိုလ်သင်တန်းကျောင်းရဲ့ ပထမဆုံး သင်တန်းမှာ သင်တန်းသားဦးရေ ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒီနှစ်ထဲမှာ အစပြုတဲ့ သင်တန်းအတွက် မကြာသေးခင်က ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့  ပြောပါတယ်။ သင်တန်းမှာ မဟာမိတ် လက်နက်ကိုင်အဖွဲ့က သင်တန်းသားတွေ ပါဝင်ခြင်း မရှိဘဲ  UWSA တပ်ဖွဲ့ဝင်တွေသာ ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းမှာ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ဖွဲ့စည်းထားတဲ့ တပ်မတော် တစ်ခုပဲ ရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြောလိုတာကတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆောင်ရွက်သွားဖို့၊ NCA လမ်းကြောင်းအတိုင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ပိုပြီးဆောင်ရွက်သင့်တယ်လို့ မြင်တယ်။ ဒါမှလည်း တစ်နိုင်ငံလုံးမှာ ကျနော်တို့လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေးရမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒါတွေနဲ့ ပတ်သက် လာရင်တော့ အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းမှာ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ဖွဲ့စည်းထားတာ တပ်မတော်ဆိုတာ တစ်ခုတည်းပဲရှိပါတယ်။”

ပြီးခဲ့တဲ့နှစ် ဧပြီလက "ဝ" ပြည်ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားမှာ အင်အား အလွန်ကျွံအသုံးပြုပြီး စစ်ရေးပြအခမ်းအနား ကျင်းပခဲ့တဲ့အတွက် တပ်မတော်အနေနဲ့ သည်းခံနေရတဲ့အကြောင်း တပ်မတော်ဘက်က ပြောထားပါတယ်။

UWSA အနေနဲ့ တပ်အင်အားတိုးချဲ့တာဟာ "ဝ" ပြည်သူတွေ နိုင်ငံရေး အာမခံချက်ရဖို့အတွက် ဖြစ်တယ်လို့ အဲဒီ အခမ်းအနားမှာ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ပြင်ပဆက်ဆံရေး ဌာနမှူး ဦးကျောက်ကော်အန်း က ပြောခဲ့ဖူးပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေးကလည်း မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှာ အခုလို ဗိုလ်လောင်းသင်တန်းမျိုး ရှိနေပြီး အခုလိုလုပ်လိုက်တဲ့အတွက် ငြိမ်းချမ်းရေးပိုပြီး နီးစပ်လာနိုင်တယ်လို့ ပြောပါတယ်။

"ဝ"တပ်ဖွဲ့ရဲ့ ဗိုလ်လောင်းသင်တန်းကို တစ်ဖက်စောင်းနင်းမဖြစ်ဖို့ တပ်အားကိုးနဲ့ ပြည်သူတွေကို အနိုင်ယူတာတွေမဖြစ်ဖို့ မဟာမိတ်တွေရဲ့ အသံတွေကို ဂရုမစိုက်တာမဖြစ်ဖို့ တိုက်တွန်းချင်တယ်လို့လည်း နိုင်အောင်မငေးက ပြောပါတယ်။

“တပ်စည်းကမ်းကို သင်တန်းကျောင်းကပဲ စမယ်ဆိုတဲ့ သဘောပေါ့နော် တကယ်သေသေချာချာ လုပ်ဖို့လိုမယ် တစ်ဖက်စောင်းနင်း မဖြစ်ဖို့ပေါ့နော် တစ်ဖက်စောင်းနင်းဆိုတာ တပ်နဲ့ပဲအနိုင်ယူတာတို့ ပြည်သူတွေရဲ့ အသံတွေကို ဂရုမစိုက်တာတို့ မဟာမိတ်တွေရဲ့ အသံတွေဂရုမစိုက်တာတို့ နိုင်ငံတကာရဲ့ အသွင်အပြင်ပေါ့နော် ဒါတွေအားလုံး အလုံးစုံခြုံငုံပြီးတော့ သင်ပြတဲ့ သင်တန်းကြီးတစ်ခုဖြစ်ရမယ်။ ဒါလည်း ပြန်ဖြည့်စွက် ပြောချင်တယ်ပေါ့နော်။ အဲလိုဖြစ်အောင်လည်း တိုက်တွန်းစေချင်တာပေါ့”

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြင်းထန်နေချိန်မှာလည်း "ဝ" ဒေသ နဲ့ မိုင်းလား အထူးဒေသဘက်မှာ တပ်မတော်က ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေ လှူဒါန်းနေပါတယ်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က UWSA ရဲ့ ဗိုလ်လောင်းသင်တန်းကျောင်း ဖွင့်လှစ်လိုက်တာဟာ အင်အားတိုးချဲ့တာမဟုတ်ဘဲ ဖွဲ့စည်းပုံ ပြောင်းလိုက်တဲ့ သဘောဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အင်အားတိုးချဲ့တာ မဟုတ်ပါဘူး။ တပ်ဖွဲ့စည်းပုံ တည်ဆောက်တာပေါ့။ အရင်က ဗကပ ကနေ ပြောင်းလဲ လာတဲ့ ၀ တပ်ဖွဲ့မှာ အရာရှိတို့ အခြားအဆင့်တို့ မရှိဘူး။ ဗိုလ်ဆိုတာလည်း မရှိဘူး ဗိုလ်မှူးလည်း မရှိဘူး။ ရှိတာက တပ်ခွဲမှူး၊ တပ်ရင်းမှူးပေါ့ဗျာ။ အခုကတော့ အဲဒါတွေကို အရာရှိအဆင့်ဆိုရင် ဗိုလ်၊ ဒုဗိုလ်၊ နောက် ဗိုလ်မှူးပေါ့၊ အဲ့လိုသွားတော့မှာ။ အဲလိုဖွဲ့စည်းပုံပြောင်းတာပါ။”

ရန်ကုန်အခြေစိုက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု MIPS အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦးကလည်း UWSA မှာ  ဗိုလ်လောင်းသင်တန်းကျောင်း ဖွင့်လှစ်လိုက်တာ ထူးဆန်းတဲ့ အနေအထားတစ်ခု မဟုတ်ဘဲ အစတည်းက စစ်သင်တန်းတွေ ရှိပြီးသားဖြစ်တယ်လို့ ပြောပါတယ်။

“ပြန်ကြည့်ဆိုလို့ရှိရင် ဗိုလ်လောင်းသင်တန်းကျောင်း ရှိတာနဲ့မရှိတာနဲ့ ဘာမှမထူးလှဘူး။ နောက်ဆုံးကျလို့ ရှိရင် စစ်မြေပြင်မှာ တိုက်တဲ့အခါမှာ အဓိကကကိုယ့်ရဲ့ ရှိတဲ့တပ်တွေဘယ်လိုစုမယ် တပ်တွေဘယ်လိုချပြီး လက်နက်ခဲယမ်း ဘယ်လောက်ရှိမယ်ဆိုတာ ပိုပြီးအရေးကြီးပါတယ်။ နောက်တစ်ခုကလည်း ဝ မှာက ဗိုလ်လောင်းသင်တန်းကျောင်း မရှိခင်တည်းက သူတို့မှာသင်တန်းပေးတာတွေ Training လုပ်တာတွေက ပုံမှန်ရှိနေတဲ့ဟာတွေ။ ဒါကတော့ အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ နောက်တစ်ခုကလည်း FPNCC ဆိုတာကလည်း ဒါကတရားဝင်ပြောတာကတော့ နိုင်ငံရေးအရ မဟာမိတ်လို့ ပြောတာကိုး၊ နိုင်ငံရေးအရ မဟာမိတ်လို့ ပြောတယ်။ တစ်ဘက်မှာ တချို့အဖွဲ့အစည်းတွေကိုတော့ ဝ ကနေပြီးတော့ လက်နက်ခဲယမ်း ရောင်းတာတွေ အကြွေးပေးတာတွေ အချို့လက်နက်တွေ အလကားပေးတာတွေ ဒါလေးတွေတော့လည်း ရှိတာပေါ့ဗျာ။”

တိုင်းရင်းသားအရေး၊ နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးကတော့ လက်နက်ကိုင် ပြဿနာတွေကို မဖြေရှင်းနိုင်သေးရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေမှာ ဖွဲ့စည်းမှုတွေ စည်းရုံးမှုတွေကတော့ ရှိနေဦးမှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဗိုလ်သင်တန်းကတော့ အမှန်မှာတော့ KIA တို့ TNLA တို့မှာလည်း ရှိနေတာသိပြီးသားပါ။ လက်နက်ကိုင် တပ်တစ်တပ်ဖွဲ့ထားရင်တော့ အခြေခံစစ်ပညာသင်တန်းကနေပြီးတော့ အရာရှိသင်တန်းထိကတော့ ဖွင့်နေကျပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလက်နက်ကိုင်တပ်ဖွဲ့ပြဿနာတွေကို မဖြေရှင်းနိုင်သေးသရွေ့ကတော့ လက်နက်ကိုင် တပ်တွေ အဖွဲ့တွေက သူတို့ဖွဲ့စည်းမှုနဲ့သူတို့ စည်းရုံးမှုတွေ ရှိနေမှာပဲ။ သင်တန်းပြီးတာ အပြင်ပေါ့နော်။ အဲတော့ ဒီလက်နက်ကိုင်ပြဿနာကို ဖြေရှင်းမှသာလျှင် ဒီပြဿနာကိုဖြေရှင်းနိုင်ပါလိမ့်မယ်။”

၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အုပ်ချုပ်မှုကနေ ခွဲထွက်ခဲ့တဲ့၊ တပ်သားအင်အား သုံးသောင်းကျော် ရှိနေတယ်လို့ ခန့်မှန်းထားကြတဲ့ UWSA ဟာ တရုတ်နိုင်ငံနဲ့ နီးကပ်စွာ နေထိုင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုပါ။ တပ်မတော်နဲ့ ထိတွေ့တိုက်ပွဲဖြစ်မှု မရှိသလောက်ပါပဲ။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်မထိုးဘဲ တခြားနည်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တောင်းဆိုနေတဲ့ FPNCC လို့ ခေါ်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီကို UWSA အပါအဝင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ နဲ့ စုစည်းထားတာပါ။

၂၀၁၇ ခုနှစ်က အဲဒီကော်မတီ ဖွဲ့စည်းချိန်မှာ ကော်မတီ ဥက္ကဋ္ဌအဖြစ် UWSP ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း၊ ဒုဥက္ကဋ္ဌအဖြစ် KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ တာဝန်ယူခဲ့ပါတယ်။

ကချင်ပြည်နယ်က  ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ဌာနချုပ်မှာလည်း ဗိုလ်သင်တန်း ရှိပြီး လက်နက်ကိုင်အဖွဲ့အစည်းတချို့က အရာရှိလောင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်းမှာ KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတဲ့အတွက် လက်နက်ကိုင်အဖွဲ့ အသီးသီးက သင်တန်းသား ၂၃ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။