လက်တွေ့တိုက်နေသူတွေမပါဘဲ ငြိမ်းချမ်းရေးညီလာခံလုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ
2023.03.29

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လက်နက်ကိုင်ခုခံမှုတွေ နိုင်ငံတစ်ဝန်း မြင့်တက်လာချိန်မှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ညီလာခံတစ်ရပ် ကျင်းပဖို့ ဆန္ဒရှိနေကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တာဝန်ပေးထားတဲ့ စစ်ဗိုလ်ချုပ်တွေကတစ်ဆင့် ဆွေးနွေးဖက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အသိပေးလာပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌက ငြိမ်းချမ်းရေးကဏ္ဍမှာ သူယုံကြည်အားထားရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သတင်းစကားပါးလာတာပါ။
အဲဒီသတင်းစကားကို ပြီးခဲ့တဲ့ရက်ပိုင်း နေပြည်တော် ဆွေးနွေးပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက RFA ကို ပြောပါတယ်။
“ ငြိမ်းချမ်းရေးညီလာခံက ကာချုပ်က လုပ်ချင်တယ်လို့ ပြောတယ်။ ကျနော်တို့ သုံးဖွဲ့ကို ဘယ်လို မြင်လဲပေါ့။ ပါဝင်မလား၊ မပါဝင်ဘူးလားပေါ့။ မေးခွန်းတွေ ပါလာတယ်။ အဲဒီမှာ ကျနော်တို့က ပါဝင်ဆွေးနွေးတာမျိုးတွေ ကျနော်တို့ မလုပ်ဘူး။ ငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က အကောင်းမြင်တယ် အကောင်းမမြင်ဘူး ဆိုတာမျိုး ကျနော်တို့ သဘောထားပေးတာ မရှိဘူး။ ဒီ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ကို အခြေခံပြီး သူတို့က လုပ်မယ် ပြောတယ်။ ခုနစ်ဖွဲ့ကတော့ တက်ရောက်နိုင်မယ့် အခြေအနေမှာ ရှိတယ်လို့ သူတို့ ပြောတယ်။ သုံးဖွဲ့ကတော့ မသေချာ မရေရာတဲ့သဘော သူတို့ ပြောတာရှိတယ်။ NCA လက်မှတ် မထိုးထားတဲ့ အဖွဲ့ကိုလည်း သူတို့က ပါဝင်စေချင်တဲ့သဘော ပြောတယ်ဗျ”
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့ မတ်လ၂၂ နဲ့ ၂၃ ရက် နေ့တွေက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
အဲဒီဆွေးနွေးပွဲအတွင်း စစ်ကောင်စီက ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးနဲ့ပတ်သက်လို့ မြောက်ပိုင်းအဖွဲ့တွေထံ သဘောထားတောင်းခံခဲ့ပေမယ့် UWSP ၊ SSPP နဲ့ NDAA တို့က သဘောထားမပေးခဲ့ကြဘူးလို့ ဆိုပါတယ်။
အခု မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေပါတယ်။
ဒီဆွေးနွေးပွဲမှာလည်း ငြိမ်းချမ်းရေးညီလာခံကျင်းပရေး အစီအစဉ် ပါဝင်နေတယ်လို့ အပစ်ရပ်အဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကို အတည်ပြုပါတယ်။ အသေးစိတ်ကိုတော့ သူက တိတိကျကျ ထုတ်မပြောပါဘူး။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံဟာ ဟန်ပြသက်သက် လုပ်ဆောင်ချက်သာ ဖြစ်လိမ့်မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
“ငြိမ်းချမ်းရေး ညီလာခံဆိုတာကို ပြပြီး တချို့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေကို နေပြည်တော်ကိုခေါ်ပြီး အစည်းအဝေးလုပ်ဖို့ ကြိုးစားမယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် သူတို့အပေါ်မှာ ရောက်ရှိနေတဲ့ နိုင်ငံတကာရဲ့ဖိအားတွေ လျော့မယ်၊ သက်သာမယ်လို့ သူတို့ မျှော်မှန်းမယ်။ နောက်တစ်ချက်က တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေကနေ သူတို့ကို တိုက်ခိုက်နေတဲ့ အရှိန်အဟုန်တွေကို လျော့စေအောင် ရည်ရွယ်တဲ့ ဟန်ပြလုပ်ဆောင်ချက် ဖြစ်ပါတယ်”
စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ကို ငြိမ်းချမ်းရေးနှစ်လို့ ကြေညာပြီး တစ်ဖက်မှာတော့ နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေကိုသာ တိုးမြှင့်လုပ်ဆောင်ခဲ့တာကြောင့် အခုလည်း အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးတာ ဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။
စစ်ကောင်စီက ငြိမ်းချမ်းရေးညီလာခံကို ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့၊ NCA မထိုးရသေးတဲ့ UWSP၊ SSPP ၊ NDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နဲ့ ပူးပေါင်းကျင်းပဖို့ စီစဉ်နေတာပါ။
"ငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က အကောင်းမြင်တယ် အကောင်းမမြင်ဘူး ဆိုတာမျိုး ကျနော်တို့ သဘောထားပေးတာ မရှိဘူး။"
လက်တွေ့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကိုတော့ စစ်ကောင်စီက ထည့်သွင်းမစဉ်းစားဘူးလို့ စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ကိုယ်တိုင်ဆွေးနွေးခဲ့သူ SSPP ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။
ငြိမ်းချမ်းရေးညီလာခံနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မတ်လ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ သုံးရက်လုံးလုံး စာနဲ့ရော ဖုန်းနဲ့ပါ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ငြိမ်းချမ်းရေးအတွက် သဘောထားတူညီတဲ့ အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်တာက ပိုအလုပ်ဖြစ်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။
“တစ်ဖက်ကတွေးရင်တော့ အဖွဲ့စုံပါခြင်းအားဖြင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆွေးနွေးတဲ့နေရာ၊ မူဝါဒချ မှတ်တဲ့ နေရာနဲ့ သဘောတူညီမှုတွေ ယူတဲ့နေရာမှာ ပိုမြန်မယ်လို့ တွက်ကြတယ်။ တစ်ခါတည်းမှာပဲ အဖွဲ့စုံထဲမှာ သဘောထားတူညီဖို့ ဆိုတာ အပြည့်အ၀ မဖြစ်နိုင်ဘူး။ သဘောထားတူညီတဲ့ အဖွဲ့တွေကို စုစည်းလို့ ရနိုင်သလို မတူညီတဲ့ အဖွဲ့တွေက ခွဲထွက်သွားမှာပဲ။ အဲတော့ ငြိမ်းချမ်းရေးညီလာခံ လုပ်တဲ့အခါ တူညီတဲ့အဖွဲ့တွေကို စုစည်းပြီး သူတို့နဲ့ ဘယ်လိုသွားမလဲဆိုတဲ့ မူကို ချသင့်ပါတယ်”
ငြိမ်းချမ်းရေးညီလာခံလုပ်ဖို့ ပြင်ဆင်နေပေမယ့် တစ်ဖက်မှာတော့ NUG၊ PDF တွေနဲ့ပူးပေါင်းပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေတွေကို စစ်တပ်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NUG၊ PDF တွေနဲ့ သူတို့ကို ပံ့ပိုးကူညီနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ မတ်လ ၂၇ ရက် တပ်မတော်နေ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ငြိမ်းချမ်းရေးမူဝါဒက အောင်မြင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“ ဒီစစ်ကောင်စီက မီးစ တစ်ဖက် ရေမှုတ်တစ်ဖက် မူဝါဒကို အာဏာသိမ်းပြီးကတည်းက ကျင့်သုံးလာတာပါ။ တစ်ဖက်က အကြမ်းဖက်သတ်ဖြတ်မှုတွေ လုပ်တယ်။ နောက်တစ်ဖက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်တယ်ပေါ့ဗျာ၊ ဒါပေမဲ့ ဘယ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ ထိရောက်အောင်မြင်တာ မရှိပါဘူး။ ဒီနေ့ကာလမှာလည်း တစ်ပြည်လုံး စစ်ဖြစ်နေတဲ့အချိန်မှာ ငြိမ်းချမ်းရေး ဗိသုကာကြီးဖြစ်တယ်ဆိုတာ ဖော်ပြဖို့ ငြိမ်းချမ်းရေး ညီလာခံကျင်းပမယ်လို့ ပြောတာပါ ”
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ကျင်းပခဲ့တာပါ။ အဲဒီ အချိန်တုန်းကတော့ ရွေးကောက်ခံအစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီ စတဲ့ အစုအဖွဲ့ ငါးဖွဲ့နဲ့ ကျင်းပခဲ့တာပါ။
စစ်တပ်အာဏာမသိမ်းခင် NLD အစိုးရလက်ထက်မှာလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အမည်နဲ့ ရွေးကောက်ခံ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ၊ NCA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နောက် ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ပါဝင်ပြီး ကျင်းပခဲ့ပါတယ်။
လက်ရှိမှာတော့ ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော် မရှိသလို လူထုထောက်ခံမှု အားကောင်းတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ လည်း ဖျက်သိမ်းခံထားရပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ NCA မထိုးရသေးတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ဟာ NUG၊ PDF တို့နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေပါတယ်။
ဒီအခြေအနေတွေကြောင့် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံဟာ ဟန်ပြသက်သက်သာ ဖြစ်လိမ့်မယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေး၊ စစ်ရေးအကဲခတ်တွေက ထောက်ပြဝေဖန်နေကြတာ ဖြစ်ပါတယ်။