ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ပါဝင်ဖို့ သံဃာတွေနဲ့ မြို့ခံတွေ ဖိအားပေးခံရ

2022.05.14
ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ပါဝင်ဖို့ သံဃာတွေနဲ့ မြို့ခံတွေ ဖိအားပေးခံရ ၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့ မန္တလေးမြို့မှာ ကျင်းပတဲ့ ဆွမ်းဆန်စိမ်းလောင်းလှူသည့်အခမ်းအနားကို ကြွရောက်လာသည့် သံဃာတော်များကို တွေ့ရစဉ်
Photo: STR / AFP

မန္တလေးမြို့၊ နန်းမြို့ရိုးပတ်လည်မှာ ဒီနေ့ မေလ ၁၄ ရက် ကဆုန်လပြည့်နေ့ သာသနာတော်နှစ် ၂၅၆၆ ခုနှစ်ကို ရောက်ရှိတဲ့ အထိမ်းအမှတ်အနေနဲ့ မန္တလေးတိုင်း စစ်ကောင်စီအဖွဲ့ဝင်တွေ ဦးဆောင်ကျင်းပတဲ့ သံဃာတော် တစ်သောင်းကျော် ဆွမ်းဆန်စိမ်းလောင်းလှူတဲ့ အခမ်းအနားကို မန္တလေးက သံဃာတော်တွေနဲ့ မြို့ခံတွေကို ဖိအားပေးပြီး တက်ရောက်ခိုင်းတယ်လို့ သံဃာတော်တချို့က မိန့်ပါတယ်။

ဒီဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မန္တလေးမြို့က ပြည်သူတွေ၊ သံဃာတော်တွေ မတက်ရောက်ဖို့ စစ်ကောင်စီဆန့်ကျင်တဲ့ သံဃသမဂ္ဂ အပါအဝင် အဖွဲ့စည်းတချို့က ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက သတိပေး ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်မှုနည်းပြီး ဌာနဆိုင်ရာက ဝန်ထမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေ ပါဝင်ခဲ့ကြတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတက်ရောက်ဖို့ မေတ္တာရပ်ခံခဲ့တဲ့ မန္တလေးမြို့ သံဃသမဂ္ဂအဖွဲ့က အဖွဲ့ဝင်ဆရာတော်တစ်ပါးက မီးလောင်ခံရတဲ့ပြည်သူတွေနဲ့ အခက်အခဲကြုံနေတဲ့ ပြည်သူတွေကို စာနာတဲ့အနေနဲ့ ဒီပွဲကိုသပိတ်မှောက်ဖို့ တိုက်တွန်းထားတာလို့ မိန့်ပါတယ်။

ဒါပေမဲ့ မန္တလေးတိုင်းစစ်ကောင်စီအဖွဲ့ဝင်တွေ ကျင်းပတဲ့ ဒီကနေ့ပွဲကို မတက်တဲ့ သံဃာတော်တွေကို ကျောင်းတိုက်ကနေ ထွက်ရမယ်ဆိုတဲ့ ဖိအားပေးခံရတာတွေ ရှိတာကြောင့် သံဃာတော်အချို့ ဒီပွဲကို တက်ကြရတယ်လို့ မိန့်ပါတယ်။

"ဒီပွဲအပေါ်မှာ မပါဝင်ကြဖို့၊ မပူးပေါင်းကြဖို့ တိုက်တွန်းနှိုးဆော်ထားတယ်။ သူတို့ရဲ့ ရုပ်သံတွေမှာတော့ ဆွမ်းလောင်းလှူပွဲအောင်မြင်တယ်ဆိုပြီး ဆိုတယ်။ ဆရာတော် တွေရဲ့ ဖိအား၊ ဝန်ထမ်းတွေကို သင်္ကန်း ဝတ်ပြီးတော့ အရေးပေါ်တက်ရောက်ခိုင်းတယ်။ အဲ့ဒီလို သာဓကတွေရှိတော့ ဘယ်လိုပဲအောင်မြင်တယ်ပြောပြော လုပ်ကြံဖန်းတီး ယူထားရတာပဲ"

ဒီနေ့အခမ်းအနားကို မပါဝင်ကြဖို့ သံဃသမဂ္ဂအဖွဲ့အပါအဝင် အဖွဲ့အစည်းတွေက လှုံ့ဆော် ထားတာတွေကြောင့် ယာယီသင်္ကန်းဝတ်ကြတဲ့ ဒုလ္လဘ သံဃာတော်တွေကိုတောင် ထည့်သွင်းထားတယ်လို့ သတင်းတချို့မှာ တွေ့ရပေမယ့် RFA က သီးခြား အတည်မပြုနိုင် သေးပါဘူး။

monk-donation-mdy.jpg
၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့ မန္တလေးမြို့မှာကျင်းပသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ဆရာတော်တစ်ပါးအား ကပ်လှူနေသည်ကို တွေ့ရစဉ် (Photo: STR / AFP)

ဒီနေ့ ဆွမ်းလောင်းလှူပွဲကို ဖိအားပေးတက်ခိုင်းတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ တုံ့ပြန်ချက်ကိုတော့ RFA က မရသေးပါဘူး။

သံဃာတော် ၁၀၂၆၄ ပါး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို တိုက်ရိုက်ထုတ်လွင့်တဲ့ ရုပ်သံတွေ ကနေ တွေ့မြင်ရတာမှာတော့ ဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေ ပါဝင် လောင်းလှူကြတာ တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ဒီကနေ့ အခမ်းအနားက သူတို့ရဲ့ ပြည်သူအပေါ် မကောင်းတဲ့လုပ်ရပ်တွေကို ဖုံးကွယ်ချင်လို့ ဟန်ပြလုပ်ဆောင်တာလို့ မန္တလေးမြို့က ဒေသခံတစ်ယောက်က ပြောပါတယ်။

"ဒါကသူတို့အပြစ်တွေ ဖုံးချင်လို့လုပ်တာပဲ၊ လူတိုင်းလည်း သိပါတယ်။ ဘယ်သူက ဓမ္မ၊ ဘယ်သူက အဓမ္မ ဆိုတာ ပြည်သူလူထုလည်း ဒါကိုသိနေတာပဲ၊ အကုန်လုံးလည်း သိကြပါတယ်။ ဒီပွဲက ဓမ္မလား၊ အဓမ္မလားဆိုတာ၊ ဗုဒ္ဓဘာသာအနေနဲ့ သာဓုခေါ်တာ မခေါ်တာ မပြောလိုပေမယ့် ဒီလုပ်ရပ်ကို သိနေကြတာပဲ"

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေ မမှန်ကန်တဲ့အတွက် ပြည်သူကလည်း ဘယ်တော့မှ အသိမှတ်ပြုမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

"ဒီလိုအချိန်တွေမှာ သွေးစွန်းတဲ့လက်တွေနဲ့ သေနတ်တွေနဲ့ ပွဲလုပ်နေတော့ နိုင်ငံရေးအမြတ်ထုတ်မှု ပါတယ်လို့ မြင်တယ်"

စစ်ကောင်စီရဲ့ ဒီကနေ့ အခမ်းအနားက နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်တယ်လို့လည်း မန္တလေးမြို့ ဒေသခံ ကိုထက်မြတ်အောင်က သုံးသပ်ပြောပါတယ်။

"ပုံတွေတွေ့တော့ သူတိုရဲ့ NON CDM ဝန်ထမ်းတွေနဲ့ တပ်အသိုင်းအဝိုင်းကသူတွေကို တွေ့တယ်။ မြင်ရတယ်။ ဒါကဆန်းတော့မဆန်းပါဘူး၊ သူတို့ရဲ့လုပ်ထုံးလုပ်နည်းပဲ၊ မီဒီယာ ပွင့်လင်းနေတော့ သတင်းတွေ ကြည့်ပြီးတော့ မြင်ရတယ်၊ သူတို့ကသာ ဆွမ်းလောင်းနေတာ တစ်ဘက်မှာ ရွာတွေမီးရှို့ခံနေရတယ်။ ဒီလိုအချိန်တွေမှာ သွေးစွန်းတဲ့လက်တွေနဲ့ သေနတ်တွေနဲ့ ပွဲလုပ်နေတော့ နိုင်ငံရေးအမြတ်ထုတ်မှု ပါတယ်လို့ မြင်တယ်"

ဒီကနေ့ ဆွမ်းလောင်းလှူတဲ့နေရာမှာပဲ သံဃာတော်တွေနဲ့ ပြည်သူတွေကို အကြမ်းဖက်ခဲ့ တာတွေက မေ့နိုင်စရာမရှိဘူးလို့ ဆိုပါတယ်။

သံဃာတော်တွေ ဆွမ်းဆန်စိမ်းလောင်းလှူမယ့်နေရာကို စစ်ကောင်စီတပ်တွေက နှစ်ရက်ခန့် ကြိုတင်ပြီး လုံခြုံရေးတွေ တင်းကျပ်စွာ ချထားခဲ့ပါတယ်။

မန္တလေးမြို့က စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ မဟာမိတ်အဖွဲ့တွေက သူတို့ အနေနဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ ဘာသာရေးပွဲတော်တွေကို ထိခိုက်အောင် မလုပ်ဘူးလို့ အခုလ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။