ခင်ဦးမှာ တစ်ပတ်အတွင်း ဒေသခံ ၁၀ ဦးသေဆုံးပြီး တစ်သောင်းကျော် ထွက်ပြေးရ

2022.07.28
ခင်ဦးမှာ တစ်ပတ်အတွင်း ဒေသခံ ၁၀ ဦးသေဆုံးပြီး တစ်သောင်းကျော် ထွက်ပြေးရ စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးနေရသည့် ခင်ဦးမြို့နယ်မှ ဒေသခံများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ တွေ့ရစဥ်
ဓါတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဇူလိုင် ၂၀ ရက်ကနေ ၂၇ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကျေးရွာ ၁၇ ရွာက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့  RFA ကို ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ရှင်မင်းဒွေရွာက NLD ပါတီ မြို့နယ်စည်းရုံးရေးမှူး အသက် ၃၅ နှစ်အရွယ် ကိုအောင်နိုင်ဝင်း၊ အင်းတိုင်းကြီးရွာက အသက် ၆၆ နှစ်အရွယ် ဦးအောင်မှန်း၊ မြင်းဒေါင်းရွာက အသက် ၁၃ နှစ်အရွယ် မောင်ခန့်ခန့်ငြိမ်း၊ အသက် ၅၂ နှစ်အရွယ် ဦးဌေး၊ လက်ပံလှရွာက အသက် ၈၉ နှစ်အရွယ် ဒေါ်စိ ၊ အသက် ၃၅ နှစ်အရွယ် ကိုအုန်းသီး၊ လောင်းရှည်ရွာက ဒေသခံ အသက် ၁၈ နှစ်အရွယ် ဖိုးခွားတို့ပါဝင်ပါတယ်။ ကျန်သေဆုံး သူတွေရဲ့ အမည်နဲ့ အချက်အလက်တွေကိုတော့ RFA က အတည်မပြုနိုင်သေးပါဘူး။

မီးလောင်သေဆုံးနေတဲ့ NLD ပါတီဝင် ကိုအောင်နိုင်ဝင်းရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့သူ ခင်ဦးမြို့နယ်ဒေသခံတစ်ဦးကတော့ စစ်တပ်ဟာ အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“ခင်ဦးမှာ တစ်ပတ်၊ ဆယ်ရက်အတွင်း စစ်ကြောင်းက လေးကြောင်းလောက်နဲ့ ချာလပတ်လည်အောင် ထိုးနေတာ၊၊ သေဆုံးမှုတွေကများတယ်။ NLD အလုပ်မှုဆောင် တစ်ယောက် မီးရှို့သတ်ဖြတ်ခံရတယ်။ ကလေးတစ်ယောက်အပါအဝင် ၁၂ ယောက် လောက်ရှိမယ်။ (မီးရှို့ခံရတဲ့) အိမ်ခြေက ၅၀ လောက်ရှိတယ်။ အများစုကတော့ ရက်ရက်စက်စက် သတ်ဖြတ်ခံရတာ၊ ဓားတွေနဲ့ လည်ပင်းတွေလှီး သတ်ခံရတယ်"

 ဇူလိုင် ၂၇ ရက် မနေ့က လက်ပံလှကျေးရွာမှာ နေအိမ်မီးရှို့ခံရပြီး မပြေးနိုင်လို့ အသက် ၈၉ နှစ်အရွယ် အဘွားအို ဒေါ်စိ မီးလောင်သေဆုံးခဲ့တယ်လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

 “ဆုံးရှုံးမှုတွေများတယ်။ ရင်အနာရဆုံးကတော့ မနေ့က ၂၇ ရက်နေ့က လက်ပံလှမှာ ရှို့သွားတာကို ရင်အနာရဆုံးပဲ၊ နေအိမ် ၁၁ လုံးကို မီးရှို့သွားတဲ့အထဲမှာ အဘွားကြီး တစ်ယောက်ပါသွားတယ်၊ ရှိမှန်းသိသိနဲ့ မီးရှို့သွားတာကို ရင်အနာရဆုံး ဖြစ်နေတာ၊ သူတို့လည်း တိုက်ခိုက်ရေးသမားပဲ၊ တိုက်ခိုက်ရေးသမားအချင်းချင်းပဲ လုပ်တာ ကောင်းတယ်။ နေအိမ်တွေ ဖျက်ဆီးတာတော့ အဆင်မပြေဘူး"

စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်စီးနင်းမှုကြောင့် ကျေးရွာ ၁၇ ရွာက ဒေသခံတစ်သောင်း ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသလို နေအိမ် ၅၀ ဝန်းကျင်လည်း မီးလောင်ပျက်စီးခဲ့ တယ်လို့ ခင်ဦးမြို့နယ်က နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုဒီတစ်ပတ်အတွင်းဆိုရင် ဒီကနေ့ မြကန်ရွာက ပြန်ခဲ့တယ်။ လူဦးရေ သုံးရာ လောက်ရှိမယ်။ အနီးနားပတ်ဝန်းကျင်ရောဆိုရင် အားလုံး ၁၂ ရွာလောက်ရှိမယ်။ ထိစပ်တဲ့ရွာတွေပေါ့၊ ၁၂၀၀၀ ဝန်းကျင်၊ ၁၃၀၀၀ လောက်ရှိမယ်၊ ရွာကြီးတွေပါတယ်၊ အင်းပတ်ဆိုရင် ရွာကြီး၊ စစ်ရှောင်တွေက အဝေးကြီးကို ရှောင်နေတာတော့ မဟုတ်ဘူး၊ ဒီရွာဝင်ရင် တခြား နှစ်မိုင်၊ သုံးမိုင်လောက်ဝေးတဲ့ ရွာကိုတိမ်းရှောင်နေကြတာပေါ့”

မောင်းကျောက်တော၊ ရွာစဉ်၊ ရှားတော၊ ရှင်မင်းဒွေ၊ ပေါင်းလဲကုန်း၊ သာဂရ၊ ကံသစ်၊ မြင်းဒေါင်း၊ မကျည်းအုပ်၊ အင်းပတ်၊ လက်ပံလှ၊ ကုန်းသာ၊ လောင်းရှည်၊ အင်းတိုင်းကြီး၊ မြကန်၊ ငါးတင်းကြီး၊ ခြေမြစ်ကျဉ်း စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြ ရတာပါ။

"မီးတွေနဲ့ ရှို့တာဆိုတော့ နစ်နာရတယ်။ နေစရာ မရှိ၊ ထိုင်စရာမရှိ၊ ဒုက္ခတွေရောက်ကြတယ်"

လူနေအိမ် ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တဲ့ မောင်းကျောက်တောရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကို မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

“မီးလောင်တာမဟုတ်ဘူး၊ မီးရှို့ခံရတာ၊ သေချာရှို့တဲ့မီး၊ သက်သေလည်းရှိတယ်။ မြင်လည်းမြင်ရတယ်။ ခမောက်တန်းကနေ လှမ်းကြည့်နေကြတာ၊ စစ်သားတွေရှို့တာ၊ သုံး၊ လေးယောက်လောက်က ဝင်ဝင်ချင်းကို ရှို့သွားတာ၊ ဒါမျိုးကမလုပ်သင့်ဘူး၊ သူတို့လိုချင်တာရှိရင် ယူသွား၊ အခုက မီးတွေနဲ့ရှို့တာဆိုတော့ နစ်နာရတယ်။ နေစရာ မရှိ၊ ထိုင်စရာမရှိ၊ ဒုက္ခတွေရောက်ကြတယ်၊ ထန်းလက်ကလည်း ဝယ်မရ၊ ပိုက်ဆံ ကလည်း မရှိကြတော့ လှည်းလေးအောက်ပဲ နေကြရတယ်"

ဒီလိုမီးရှို့ဖျက်ဆီးမှုတွေနဲ့ ကျေးရွာတွေအတွင်း ဝင်ရောက်စီးနင်းမှုတွေလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဘယ်တပ်ရင်း တပ်ဖွဲ့က ဖြစ်တယ်ဆိုတာကိုတော့ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရ ဦးအေးလှိုင် တို့ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ် ခဲ့ပေမယ့် ညနေ ၃ နာရီထိ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကြို့ကန်ကျေးရွာကို တွေ့ရစဥ် (ဓါတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကြို့ကန်ကျေးရွာကို တွေ့ရစဥ် (ဓါတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ခင်ဦးမြို့နယ် လက်ပံလှကျေးရွာက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမျိုးအောင်ကတော့ စစ်ကောင်စီ မရှိတော့မှပဲ တိုင်းပြည်အေးချမ်းလိမ့်မယ်လို့ ပြောပါတယ်။

"စစ်ကောင်စီရဲ့ လုပ်ရပ်က ရက်စက်ယုတ်မာပြီးတော့ အောက်တန်းကျတယ်၊ လူမဆန် စွာပြုမူကျင့်ကြံတာပေါ့၊ ရွာသူ၊ ရွာသားတွေမှာ အသက်ကြီးရွယ်အိုတွေရော၊ ကလေးသူ ငယ်တွေရော၊ နာမကျန်းတွေရော အပြေးအလွှားပြေးရတာပေါ့၊ လက်နက်ကြီးတွေနဲ့ တရစပ် ပစ်တယ်။ ရွာကိုဝင်စီးတယ်။ ဒုက္ခဆိုတာ ပြောမပြတတ်အောင် ရောက်ပါတယ်။ အမြစ်ပြတ်မှပဲ တိုင်းပြည်လည်းငြိမ်းချမ်းမယ်။ ပြည်သူတွေလည်း အေးချမ်းနေ ရမယ်"

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် အရပ်သား ၂၁၃၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဇူလိုင်လ ၂၇ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိုးအိမ်စွန့်ခွာသူ ၈၅၇,၉၀၀ ဦးအထိရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးရုံး UN OCHA က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။