အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုစတင်

ခင်ခင်အိ
2023.11.26
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုစတင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုမြင်ကွင်း။
Women's Exchange/Facebook

နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ ရက်တာ လှုပ်ရှားမှုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဝပ်ချွန်းနီမစ် စာသင်ကျောင်းမှာ မနေ့က ကျင်းပခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ MAP ဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ ဘန်ကောက်နဲ့ စမွတ်ပကန်မြို့က အမျိုးသမီးရေးလှုပ်ရှားသူတွေက ဦးစီးလုပ်ဆောင်ခဲ့တာပါ။ ဒီအခမ်းအနားမှာ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံကို ဦးဆောင်ကျင်းပသူတွေက ရှင်းပြခဲ့ပါတယ်။

“ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၅၄ ကြိမ်မြောက် အထွေထွေညီလာခံဆုံးဖြတ်ချက် ၅၄/၁၃၄ အရ နိုဝင်ဘာလ ၂၅ ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်တယ်။ ဖဲကြိုးဖြူနေ့ လို့လည်း ခေါ်ပါတယ်။ အမျိုးသမီးများအပေါ်မှာ အကြမ်းမဖက်တော့ပါဘူး အကြမ်းဖက်မှုတွေကိုလည်း ဖြစ်နိုင်သမျှ ကာကွယ်တားဆီးပါ့မယ်ဆိုတဲ့ ခံဝန်ကတိနဲ့ ဖဲကြိုးဖြူတွေ တပ်ဆင်ကြပါတယ်”

၁၉၆ဝ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဒိုမီနီကန်သမ္မတက သူ့ကိုဆန့်ကျင်တဲ့ ညီအမ သုံးဦးကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ သမိုင်းကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း စတာတွေကိုလည်း အမျိုးသမီးရေးလှုပ်ရှားသူတွေက မနေ့က အခမ်းအနားမှာ ရှင်းပြပြောဆိုခဲ့ပါတယ်။

ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဦးဆောင်ကျင်းပသူတွေထဲတစ်ဦးဖြစ်တဲ့ မသူဇာက

“ ကျွန်မတို့ အမျိုးသမီတွေက အကြမ်းဖက်မှုကို နည်းမျိုးစုံနဲ့ ခံရပါတယ်။ တချို့ဆိုရင် အကြမ်းဖက်ခံရလို့ ခံရမှန်းတောင်မသိပါဘူး၊ တစ်ခုဆိုးရွားတာက အကြမ်းဖက်ခံရပါတယ်ဆိုတာကို ရှက်ပြီး ရေငုံနှုတ်ပိတ်နေကြတယ်။ အဲဒါတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့် Map Foundation က အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ သင်တန်းတွေ ပေးခိုင်းတယ်။ အဲဒီသင်တန်းကနေ အမျိုးသမီးတွေ ပြောရဲဆိုရဲ ရှိလာမယ်။ ဘယ်သူ့ကို တိုင်ပင်ရမယ်။ အကြမ်းဖက်ခံရမှုကနေ ဘယ်လိုကာကွယ်ရမလဲဆိုတာ သိစေချင်တဲ့အတွက် အခုလို လုပ်ဆောင်တာ ဖြစ်ပါတယ် “

ဒီအခမ်းအနားကို ဘန်ကောက်မြို့နဲ့အနီးတစ်ဝိုက်က မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၄ဝ နီးပါး တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး သရုပ်ဖော်ပြကွက်တွေကိုလည်း ပြသခဲ့ကြပါတယ်။

“ ဗဟုသုတရအောင်လို့ လာတာပါ၊ နောက် ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေရှိနေရင် ကူညီနိုင်သလောက် ကူညီနိုင်အောင်ပေါ့နော်၊ အဖွဲ့အစည်းတွေရှိရင်လဲ ဆက်သွယ်ပေးမယ်ပေါ့” လို့ အခမ်းအနားတက်ရောက်လာသူ တစ်ဦးက ပြောပါတယ်။

အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုကို ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့မှာလည်း နိုဝင်ဘာ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး၊ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်နဲ့ မဲဆောက်မြို့တွေမှာတော့ နိုဝင်ဘာ ၂၅ ရက်နေ့က အသီးသီးကျင်းပခဲ့ပါတယ်။

နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၁၆ ရက်ကို အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး ၁၆ ရက်တာ လှုပ်ရှားမှုလို့ သတ်မှတ်ပြီး အသိပညာပေးလှုံ့ဆော်မှုနဲ့ လှုပ်ရှားမှုအမျိုးမျိုးကို ကမ္ဘာတစ်ဝန်းမှာ ပြုလုပ်နေကြတာဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။