စစ်တပ် အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ပိုများလာ

2022.03.17
စစ်တပ် အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ပိုများလာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိုးသမီးသပိတ်စစ်ကြောင်း ၂၀၂၁ ဇူလိုင်လ ၁၅ ရက်နေ့တွင် ဆန္ဒပြခဲ့စဉ်
Photo: CJ

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုဆန္ဒပြပွဲ တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုတွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ရွာတွေထဲ ဝင်ရောက် စီးနင်းတိုက်ခိုက်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြီး မီးရှို့သတ်ဖြတ်မှုတွေကြောင့် ၂ဝ၂၂ ခုနှစ် မတ်လပထမအပတ်အထိ ကောက်ယူရရှိတဲ့ သေဆုံးအမျိုးသမီးနဲ့ ကလေး တွေရဲ့ စာရင်းကို ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ထံ သက်သေအထောက်အထားတွေနဲ့အတူ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက တင်ပြထားတယ်လို့ သိရပါတယ်။

NUG အစိုးရက ပြုစုထားတဲ့ စာရင်းတွေအရ ၁၃ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး အယောက် ၁၅ဝ ဝန်းကျင်နဲ့ ကလေး ၁၃ဝ လောက် အသတ်ခံရပြီး စစ်ကိုင်းတိုင်းဟာ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

"အမျိုးသမီးရဲ့ ခန္ဓာဗေဒကို သုံးပြီးတော့မှ အညွန့်ချိုးတာပေါ့နော်"

စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် ကျူးလွန်မှုတွေ ပိုများလာလို့ အဲဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး က ပြောပါတယ်။

“အခုနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်သားတွေက အမျိုးသမီးတွေအပေါ်မှာ ကျူးလွန်မှုတွေက နွေဦးတော်လှန်ရေး အစပိုင်းကထက် ပိုပိုပြီးများလာတယ်၊ ပေါ်ပေါ်ထင်ထင်လည်း ကျူးလွန်လာတာ တွေ့ရတယ်။ တချို့နေရာတွေမှာဆိုရင် စစ်ရာဇဝတ်မှုတွေဖြစ်တယ်၊ နိုင်ငံတကာခုံရုံးနဲ့ ထိုက်တန်တဲ့ ပြစ်မှုတွေ ဖြစ်တယ်၊ ဥပမာအားဖြင့် အမျိုးသမီးနဲ့ ကလေးတွေကို ဖမ်းတယ်၊ အဓမ္မကျင့်တယ်၊ အစုလိုက် အပြုံလိုက် ကျင့်တယ်၊ သတ်ဖြတ်တယ်၊ မီးရှို့လိုက်တယ်၊ အဲဒါတွေက နေ့တိုင်း မမြင် ချင်မှအဆုံး တွေ့နေရတယ်။ ဒါဟာဆိုရင် လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ပြစ်မှုဖြစ် သလို စစ်ရာဇဝတ်မှု သက်ရောက်တဲ့ ပြစ်မှုတွေဖြစ်တယ်၊ အဲဒါတွေက မြေပြင်ကရတဲ့ စာရင်းတွေအရ သက်သေတွေနဲ့တကွ ရှိပါတယ်။ နိုင်ငံတကာတရားစီရင်မှု အစီအမံ တွေ၊ ပြည်တွင်းတရားစီရင်မှုတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ လုပ်နေပါတယ်”

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကလေးတွေနဲ့ လူငယ်တွေ၊ အမျိုးသမီးတွေဟာ နေ့စဉ် ကြောက်ရွံ့စိတ်တွေနဲ့ပဲ နေထိုင်နေရတယ်လို့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေက အမျိုးသမီးတွေက ပြောကြပါတယ်။

“အခုကတော့ ဘယ်နေလို့မှ မလုံခြုံဘူး၊ ဘုန်းကြီးကျောင်းဆိုရင် လုံခြုံမယ်ထင်လို့ ဘုန်းကြီးကျောင်း သွားတယ်၊ အဲဒါလည်း မလုံခြုံဘူး၊ စာသင်ကျောင်းလည်း မလုံခြုံဘူး၊ အိမ်မှာနေလည်း မလုံခြုံဘူး။ အခုက ဘယ်ပြေးပြေး မလုံခြုံဘူး။ မိန်းကလေးဆိုတော့ ကာယိန္ဒြေပျက်စီးမှုတွေပါ ရှိလာတော့ အဲဒါတွေပါ ပူပန်ရတာပဲ၊ အကြီးကျယ်ဆုံး ကတော့ အသက်ဆုံးရှုံးမှုပေါ့။ အိမ်မှာနေနေရလည်း အထိတ်ထိတ် အလန့်လန့်ပဲ၊ အိမ်မှာ တံခါးပိတ်သံကြားတာကအစ ထပဲပြေးရတော့မလိုပဲ”

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ဒေသခံအမျိုးသမီးတစ်ဦး ပြောသွားတာပါ။

စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာဆိုရင်လည်း လက်နက်ကြီး ကျလို့ သေဆုံးသူ၊ မီးရှို့အသတ်ခံရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ပါ တယ်။

တိုက်ပွဲတွေကြောင့် ကယားပြည်နယ် ရှားတောမြို့နယ်ကနေ စစ်ဘေးတိမ်းရှောင်နေရတဲ့ ကလေး နှစ်ယောက် မိခင်တစ်ဦးက နေ့စဉ် သူ ခံစားနေရတဲ့ စိုးရိမ်ပူပန်စိတ်ကို အခုလို ပြောပါတယ်။

“ကျမကလည်း ကလေးမအေတစ်ယောက်လည်းဖြစ်တော့ တအားခံစားရတယ်၊ ကြောက်လည်း ကြောက်တယ်။ ကျမလည်း သူတို့လိုမျိုး ခံရမှာကြောက်တယ်၊ စိတ်ထဲမှာ လုံခြုံမှုမရှိဘူး၊ ကလေး တစ်ဖက်နဲ့လေ၊ ကလေးအတွက်လည်း လုံခြုံမရှိဘူး၊ မအေဖြစ်တဲ့ ကျမကလည်း ကြောက်တယ်၊ ဗမာစစ်တပ်က ကျမတို့ကို ဘယ်အချိန်၊ ဘယ်ရက် လာသတ်မလဲ၊ လာဖမ်းသွားမလဲဆိုတာ ကျမ ရက်တိုင်း တွေးပူနေရတယ်”

အသတ်ခံရတဲ့ အမျိုးသမီးတွေထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားတာပါ ခံရတဲ့ကိစ္စတွေလည်း ရှိနေပါတယ်။

ဒီရက်ပိုင်းထဲမှာဆိုရင် မတ်လ ၉ ရက်နေ့က မကွေးတိုင်း ပေါက်မြို့နယ် အင်းငယ်ဒေါင့် ကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်အေးအေးဝင်း နဲ့ အသက် လေးနှစ် သာရှိသေးတဲ့ သမီးငယ် မရတီမိုးတို့ အသတ်ခံလိုက်ရပါတယ်။ ရဲ၊ စစ်တပ်နဲ့ ပျူစောထီး အဖွဲ့ဝင်တွေ လက်ချက်ကြောင့် သေဆုံးသွားတာဖြစ်ပြီး ဒေါ်အေးအေးဝင်းရဲ့ ရုပ်အ လောင်းကို CDM ဆရာဝန်တစ်ဦးက စစ်ဆေးရာမှာ အသက်မသေခင် အဓမ္မပြုကျင့်ခံ ခဲ့ရတယ်ဆိုတာကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ် ချောင်းခွရွာမှာ အသက် ၄ဝ အရွယ် မိခင်ဖြစ်သူနဲ့အတူ အသက် ၁၆ နှစ်နဲ့ အသက် ၁၄ နှစ်အရွယ် သမီးနှစ်ဦး အသတ်ခံ ခဲ့ရပါတယ်။ ဇနီးဖြစ်သူနဲ့ သမီးနှစ်ယောက်ဟာ အသတ်မခံရခင်မှာ စစ်ကောင်စီတပ်သား တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ ခင်ပွန်းဖြစ်သူက RFA ကို ပြောထားပါ တယ်။

၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ် အာလွယ်ရွာမှာ ကိုယ်ဝန် ခုနစ်လ လွယ်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ ကလေးမီးဖွားထားတာ တစ်လကျော် သာရှိသေးတဲ့ မီးနေသည် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားတွေက အဓမ္မပြုကျင့် ခဲ့တယ်လို့ ကာယကံရှင်တွေက RFA ကို ပြောထားပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (WLB) ရဲ့ စာရင်းတွေအရလည်း အာဏာသိမ်းပြီးနောက် အသတ်ခံရတဲ့ အမျိုးသမီး ၁ဝဝ ကျော်၊ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၁၅ဝဝ ကျော်နဲ့ လိင်အကြမ်းဖက်ခံရမှု ၁ဝ ခုကျော် ရှိတယ်လို့ သိရပါတယ်။

အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်တာကို စစ်လက်နက်တစ်ခုအဖြစ် စစ်ကောင်စီက အသုံးချနေတာကို တွေ့ရတယ်လို့ WLB တွဲဖက်အထွေထွေအတွင်းရေးမှူး မလွေးပိုးငယ်က ပြောပါတယ်။

“အခုဆိုရင် စစ်ကိုင်းတိုင်းထဲမှာဆိုရင်လည်း မုဒိမ်းမှုတွေ ဖြစ်တာပဲ၊ အမျိုးသမီးရဲ့ ခန္ဓာ ဗေဒကို သုံးပြီးတော့မှ အညွန့်ချိုးတာပေါ့နော်။ အဲဒီအမျိုးသမီးတွေကို သူတို့ရဲ့ မိဘရှေ့ မှာ၊ သူတို့ရဲ့ ယောကျ်ားရှေ့မှာ မုဒိမ်းကျင့်ပြတာသည် ဘယ်လောက်ထိ လူ့ကျင့်ဝတ်ကို ချိုးဖောက်သလဲ၊ အညွန့်ကျိုးအောင်၊ လူတွေ မကြောက် ကြောက်အောင် လုပ်သလဲ ဆိုတာ အရမ်းသိသာတယ်။ ဒီမုဒိမ်းမှုတွေကို အကြမ်း ဖက်စစ်ကောင်စီက ဟိုးအရင် ကတည်းက စစ်လက်နက်တစ်ခုအဖြစ် အသုံးပြုတယ်၊ အခုချိန်ထိလည်း စစ်လက်နက် တစ်ခုအဖြစ် အသုံးပြုတာကို တွေ့ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့က စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ သူတွေဖြစ်ပါတယ်။ အဲဒီစစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းတွေက ဆက်လက်ကျူးလွန်ခွင့်ပေးနေမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတိုင်းရဲ့ ဘဝလုံခြုံမှုက လုံးဝရှိမှာ မဟုတ်ဘူး”

စစ်တပ်က အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက တိုင်းရင်းသားဒေသတွေမှာရှိခဲ့ပြီး အခု စစ်တပ်အာဏာ သိမ်းပြီးတဲ့ နောက်ပိုင်းမှာလည်း နွေဦးတော်လှန်ရေးမှာ ပါဝင်လာတဲ့ အလွှာပေါင်းစုံက အမျိုးသမီးတွေကို စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ အကြောက်တရား ဝင်အောင် အကြမ်းဖက် ရိုက်နှက်တာ၊ အဓမ္မ ကျင့်တာ၊ ကြမ်းကြမ်းတမ်းတမ်းဆဲဆိုတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဖြစ်စဉ်တွေ ပိုတွေ့လာရတယ်လို့ သူက ဆိုပါတယ်။

ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာတင်မကဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေထဲမှာ ပါဝင်လို့ စစ်ကြောရေးစခန်းတွေ ရောက်ခဲ့ရတဲ့ အမျိုးသမီးတွေလည်း ရင်ဆိုင်နေရတယ်လို့ WLB က ဆိုပါတယ်။

လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြောင်အမျိုးသမီး ပြောက်ကျားစစ်သည် တော်များအဖွဲ့က အဖွဲ့ဝင် အမျိုးသမီးတစ်ဦးကတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှ အမျိုးသမီးတွေ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဘဝတွေကနေ လွတ်မြောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့တွေ ထောင်ကျနေတာတောင်မှ လိင်ပိုင်းဆိုင်ရာနဲ့ အဓမ္မကျင့်ခံရ၊ အလိုမတူဘဲ အဓမ္မကျင့်ခံ ရတာတွေ ရှိနေတော့ ဒါအမျိုးသမီးထုကို သက်သက်မဲ့ ညှဉ်းပန်းနှိပ်စက် နေတာနဲ့ တူတယ်။ အဲဒါကြီးကို မလိုလားဘူး၊ အဲဒါကြောင့်လည်း လက်နက်ကိုင်တော် လှန်ဖို့ ဆုံးဖြတ်ခဲ့တာ”

မတ်လ ၁၃ ရက်နေ့ကလည်း ရန်ကုန်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အသက် ၁၈ နှစ်အောက် မိန်းကလေးတချို့ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံခဲ့ရပါတယ်။

မန္တလေး အိုးဘိုအကျဉ်းထောင်မှာလည်း အဖမ်းခံထားရတဲ့ ဗကသအဖွဲ့ဝင် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားနှစ်ဦး စစ်ကြောရေးမှာ အဓမ္မပြုကျင့်ခံထားရတယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကလည်း ဖေဖော်ဝါရီလ ၁၉ ရက် နေ့က ကြေညာချက် ထုတ်ထားပါတယ်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ စာရင်းတွေမှာတော့ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၂၅ဝဝ ကျော်နဲ့ သေဆုံးတဲ့ အမျိုးသမီး ၁၃၆ ယောက် ရှိတယ်လို့ ဖော်ပြထား ပါတယ်။

kayah-protest.jpeg
ကယားပြည်နယ် ဒီးမောဆို့မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဆန္ဒပြခဲ့ကြစဉ် (Photo: RFA)

စစ်ကောင်စီ ပြောခွင့်ရ ဒု-ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီလိုအရေအတွက် အချက် အလက်တွေနဲ့ ပတ်သက်ရင် မှားယွင်းမှုတွေသာဖြစ်တယ်လို့ ငြင်းဆိုလေ့ရှိပါတယ်။

ဒါ့အပြင် စစ်ကြောရေးစခန်းတွေနဲ့ တိုက်ပွဲဖြစ်ပွားရာဒေသတွေက မုဒိမ်းမှုတွေ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေထဲမှာဆိုရင်တော့ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က ရှမ်းပြည် နယ် ကွတ်ခိုင် မြို့နယ်ထဲက အသက် ၆၂ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီးကြီး အပေါ် မုဒိမ်းမှုကျူးလွန် ခဲ့တဲ့ဖြစ်စဉ်ကိုသာ စစ်ကောင်စီက ဝန်ခံထားပြီး ကျူးလွန်ခဲ့တဲ့ စစ်သားတစ်ဦးကို ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်လိုက်တယ်လို့ ဒီဇင်ဘာလထဲမှာ သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ အဓမ္မပြုကျင့်ခံရပြီးနောက် သတ်ဖြတ်ခံရသူတွေရှိပေမယ့် အသက်ရှင် ကျန်ခဲ့တဲ့ အမျိုးသမီးတွေရှိသလို စစ်ကြောရေးစခန်းတွေမှာ ကိုယ်တိုင်ကြုံ တွေ့ခဲ့ရတဲ့ အမျိုးသမီးတွေလည်း ရှိနေတာကြောင့် ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်သား တွေအနေနဲ့ သူတို့ရဲ့ အပြစ်ကနေ ရှောင်လွှဲလို့မရဘဲ တစ်ချိန်မှာ အရေးယူခံရမှာပဲလို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။

လက်ရှိမှာ စစ်ကောင်စီ အာဏာသိမ်းကာလဖြစ်တာကြောင့် ပြည်တွင်းမှာ တရားဥပဒေစိုး မိုးမှုမရှိသလို ပြည်တွင်းဥပဒေတွေနဲ့ စစ်ကောင်စီကို အရေးယူလို့မရတဲ့အတွက် ICC၊ ICJ တို့လို တရားရုံးတွေမှာ နိုင်ငံတကာဥပဒေတွနဲ့သာ အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG အစိုးရနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။