AA နဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာအများစုမှာ မဲစာရင်းမကြေညာနိုင်

ဆလိုင်းကေတီဟောက်ခိုင်၊ ဝေယံမိုးမြင့်
2020-08-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

AA လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုနဲ့ ချင်းပြည်နယ် တောင်ပိုင်းက ပလက်၀မြို့နယ် ရပ်ကွက်ကျေးရွာ အများးအပြားမှာ လုံခြုံရေးကြောင့် မဲစာရင်းကပ်နိုင်ခြင်း မရှိဘူးလို့ သက်ဆိုင်ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပလက်ဝမှာဆိုရင် ကျေးရွာအုပ်စု ၁၀၂ အုပ်စုရှိတဲ့အနက် ၃၂ အုပ်စုမှာသာ မဲစာရင်းကပ်နိုင်တယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ အတွင်းရေးမှူး ဦးလင်းကျော်က ပြောပါတယ်။

“ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ရက်မှ သြဂုတ် ၇ ရက်နေ့အထိ ၁၄ ရက်ကြာ ကြေညာနိုင်ဖို့ အတွက်ကိုလည်း ချင်းပြည်နယ် ကိုးမြို့နယ်ထဲက ပလက်ဝမြို့နယ်ထဲက ၁၀၂ အုပ်စုမှာ (ရပ်ကွက်/ကျေးရွာ) မဲစာရင်းကို သူ့ရဲ့ကျေးရွာတွေမှာ ကပ်နိုင်တဲ့မဲစာရင်း အားလုံး ၃၂ အုပ်စု ရှိပါတယ်။ ကျန်တဲ့ ၇၀ အုပ်စု ကတော့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ကပ်ထားပြီးဖြစ်တယ်”

တနည်းအားဖြင့် ပလက်ဝကကျေးရွာ ၇၀ ရာခိုင်နှုန်းနီးပါးမှာ မဲစာရင်း မကြေညာနိုင်တာပါ။ ဒီလိုအခက်အခဲ ရှိပေမယ့်လည်း ပလက်ဝမှာ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်မယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။

မဲစာရင်းစစ်နိုင်ခြင်းမရှိရင် နိုင်ငံရေးပါတီတွေ နစ်နာနိုင်တယ်လို့ ပလက်ဝကနေ ရွေးကောက်ခံကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေက RFA ကို ပြောကြပါတယ်။

ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ပြိုင်မယ့်  ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီ ကိုယ်စားလှယ် ဦးကျော်ငြိမ်းက မဲဆန္ဒရှင်အတွက်လည်း ဆုံးရှုံးမှုဖြစ်လိမ့်မယ်လို့ RFAကို ပြောပါတယ်။

“CNLD ပါတီပဲဖြစ်ဖြစ် အရွေးခံတဲ့ပါတီအတွက်ပေါ့ နစ်နာမှုတော့ရှိတာပေါ့။ ကိုယ့်ကို အားပေးမယ့်သူ တစ်ယောက်ယောက်က မဲပေးခွင့်မရှိဘူးဆိုရင် နစ်နာတာပေါ့”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပလက်ဝ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မယ့် ဆလိုင်းဦးခွဲယန်ကလည်း ပါတီတစ်ခုချင်းစီမှာ ဆုံးရှုံးမှုရှိနိုင်တယ်လို့ ပြောပါတယ်။

“ကိုယ့်နာမည်မပါရင် ဥပမာအားဖြင့် ပြည်ခိုင်ဖြိုး ပါတီဝင်က နာမည်မပါရင် ပြည်ခိုင်ဖြိုးပါတီအတွက် ဆုံးရှုံးတာပေါ့။ ချင်းပါတီရဲ့ပါတီဝင်တွေနာမည် မပါဘူးဆိုရင် ပါတီဝင်တွေအနေနဲ့ မဲပေးဖို့ အခွင့်အရေး ဆုံးရှုံးမှာ ဖြစ်ပါတယ်။”


တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ ပေါ်မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော် ရှိပါတယ်။ အဲဒီထဲက မဲပေးနိုင်သူအရေအတွက် သုံးထောင်ခန့် ရှိတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဆီက သိရပါတယ်။ ပလက်၀ တစ်မြို့နယ်လုံးမှာ ဆန္ဒမဲပေးနိုင်သူ ခြောက်သောင်း သုံးထောင်ကျော် ရှိပါတယ်။  

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာတော့ ပလက်ဝမြို့နယ်မှာလိုမျိုး မဲစာရင်းမကပ်နိုင်တဲ့ ရာခိုင်နှုန်း မများတာတွေ့ရပါတယ်။ မြို့နယ်အလိုက် ကော်မရှင်ရုံးတွေနဲ့ ရွာလုံးကျွတ် ထွက်ပြေးနေရသူတွေအတွက် အစိုးရအသိအမှတ်ပြု စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကပ်ပေးထားတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။  

တိုက်ပွဲဆက်တိုက်ဖြစ်နေတဲ့ အထူးသဖြင့် ကျောက်တော်၊ မြောက်ဦး၊ အမ်းမြို့နယ်တွေမှာ ကျေးရွာအုပ်စု ၁၅ ခုလောက်မှာ မဲစာရင်းကြေညာနိုင်သေးဘူးလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ် က ပြောပါတယ်။

"ကပ်လို့မရတာ ၁၅ အုပ်စုရှိတယ် ကျောက်တော်၊ မြောက်ဦးရယ် အမ်းရယ် သုံးမြို့နယ်က တချို့နေရာတွေက ပြည်နယ်အစိုးရ အသိအမှတ်ပြုထားတဲ့ စခန်းတွေမှာ ကပ်ပေးတယ်၊ တချို့ရွာတွေက ရွာလည်းမရှိ အုပ်ချုပ်ရေးလည်းမရှိ ကော်မရှင်ရုံးလည်းမရှိတော့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှာပဲ ကပ်ပေးထားတယ်။"

ကျေးရွာအုပ်စု ၁၅ မှာ အသက် ၁၈ နှစ်ပြည့်လို့ မဲပေးနိုင်သူ ဘယ်လောက်ရှိတယ်။ စစ်ဘေးရှောင် နှစ်သိန်းထဲက မဲပေးနိုင်သူ ဘယ်လောက်ရှိတယ်ဆိုတာသိနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို သြဂုတ်လ ၄ ရက်နေ့မှာ RFA က အကြိမ်ကြမ် ဆယ်သွယ်ပေမယ့် မရခဲ့ပါဘူး။

ရွေးကောက်ပွဲကော်မရှင်ရဲ့  ကနဦးထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မဲပေးနိုင်သူ ၁၆ သိန်း ၄ သောင်းကျော် ရှိပါတယ်။ တစ်နှစ်ကျော်အထိ ကြာမြင့်လာတဲ့ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့သူက အခုဆိုရင် နှစ်သိန်းဝန်းကျင်ရှိနေတာကြောင့် ရာခိုင်နှုန်းအားဖြင့်  စုစုပေါင်း မဲပေးနိုင်သူရဲ့  ၁၂ ရာခိုင်နှုန်းဝန်းကျင်ရှိပါတယ်။  

ရခိုင်ပြည်နယ်တစ်ခုလုံးက မြို့နယ်ပေါင်း ၁၁ ခုမှာ မြို့ပေါ် စစ်ဘေးဒုက္ခသည်စခန်း ၁၀၇ ခုရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ စာရင်းအရ သိရပါတယ်။

ကျောက်တော်မြို့နယ် ဒေသခံ ဦးကျော်လှမြင့် ကတော့ မဲစာရင်းအပေါ်  ပြည်သူတွေ စိတ်ဝင်စားမှုနည်းပါးပြီး သွားလာရေးအတွက်လည်း မလုံခြုံတာကြောင့် မဲစာရင်းကြေညာတယ်ဆိုတာတောင် မသိဘူးလို့ ဆိုပါတယ်။

"မဲစာရင်းကပ်တာ မကပ်တာ မသိဘူး၊ လွှတ်တော်ကိုလည်း စိတ်ဝင်စားမှုမရှိဘူး၊ တပ်တွေကလည်း စစ်ဆေး မေးမြန်းတာတွေရှိနေတော့လေ လွတ်လွတ်လပ်လပ်လည်း လှုပ်ရှားသွားလာခွင့်မရှိဘူး၊ တော်တော်များများ စိတ်ဝင်စားမယ့်ပုံလည်းမရှိဘူး၊ တော်တော်များများက ပြည်သူလူထုအခွင့်အရေးဟာ လွှတ်တော်ထဲမှာ ဘာမှမရှိဘူးဆိုပြီး တွေးနေကြတာ။"

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမှာ အခုရက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က မဲစာရင်း မကပ်နိုင်တဲ့နေရာတွေဟာ  မဲစာရင်း ဒုတိယအကြိမ် ကြေညာချိန်မှာလည်း မပါဝင်ဘူး ဆိုရင် အဲဒီနေရာက ပြည်သူတွေဟာ မဲပေးခွင့် ဆုံးရှုံးသွားနိုင်တယ်လို့ ဆိုပါတယ်။

"မဲထည့်ခွင့်မရရင် လူသားတို့ ရပိုင်ခွင့်ဆုံးရှုံးနေတယ်၊ ဒုက္ခသည်စခန်းထဲကိုရောက်နေတဲ့ မဲဆန္ဒရှင်တွေ မဲပေးပိုင်ခွင့်ရအောင် သက်ဆိုင်ရာကော်မရှင်က လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။"

လုံခြုံရေးအရ မဲစာရင်း မကပ်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲ တကယ်ကျင်းပတဲ့အခါ လုံခြုံရေးပေးနိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်တာလည်း ရှိနေပါတယ်။

"သူတို့က လုံခြုံရေးတောင် ငါးမြို့နယ် မပေးနိုင်ဘူးဆိုပြီး သတင်းတွေ သိထားတယ်။ သူတို့ကတော့ ဘာမှကြေညာထားတာ မရှိသေးဘူး။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ရပ်ဆိုင်းနိုင်တဲ့ လုပ်ပိုင်ခွင့်ရှိတယ်။ ဘာပဲဖြစ်ဖြစ် မဖြစ်ဘူးဆိုလည်း မဖြစ်ဘူး စောစောစီးစီး ပွင့်လင်းမြင်သာစွာ ချပြသင့်ပါတယ်။"

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ထပ်မံအရွေးချယ်ခံမယ့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ပြောသွားတာပါ။

ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးမှုတွေ မများအောင်၊ မဲစာရင်း စစ်ဆေးနိုင်အောင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ကော်မရှင်အဖွဲ့ဝင်တွေက စီစဉ်ပေးသင့်တယ်လို့ ရွေးကောက်ပွဲဖြစ်စဉ်တွေကို လေ့လာနေတဲ့ ရန်ကုန်အခြေစိုက် နယူးမြန်မာဖောင်ဒေးရှင်းရဲ့ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာသင်းက တိုက်တွန်းပါတယ်။

"အဓိက မဲစာရင်းမကပ်နိုင်ရင် သူတို့နာမည်ပါ မပါ မသိရတဲ့အတွက် ရွေးကောက်ပွဲနေ့မှာ အခက်အခဲ ဖြစ်မှာပေါ့၊ အွန်လိုင်းကနေလည်း မဲစာရင်းစစ်ခွင့်ရမယ်ဆိုရင်တော့ ဆယ်အိမ်မှူး ရာအိမ်မှူးတွေက စစ်လို့ရမယ်ဆိုရင် ပိုပြီးအဆင်ပြေပါမယ်။"

အသက် ၁၈ နှစ်ပြည့်လို့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ မဲစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့ကတည်းက ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။  နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာလမှာလည်း ထုတ်ပြန်ဦးမှာပါ။    

ရွေးကောက်ပွဲကျင်းပမယ့်မြို့နယ်တွေကို ရွေးကောက်ပွဲကော်မရှင်က အပြီးသတ်သတ်မှတ်ပြီးရင် နောက်ဆုံး အကြိမ် မဲစာရင်းထုတ်ပြန်တဲ့အခါ ကြေညာဖို့ကျန်နေသေးတဲ့နေရာတွေမှာလည်း မဲစာရင်းကပ်နိုင်ဖို့ မျှော်လင့် နေကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့