စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့ ယောနယ်သား သွားဆရာဝန်

စမ်းမော်အောင် (ဝါရှင်တန်ဒီစီ)
2024.03.29
စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့ ယောနယ်သား သွားဆရာဝန် စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ်ခံခဲ့ရသည့် မကွေးတိုင်း၊ ယောနယ်သား ဒေါက်တာကြည်စိုးထွန်းအား တွေ့ရစဉ်။
FACEBOOK/ DrKyi Soe Tun

ယောနယ်သားတစ်ယောက်ဖြစ်တဲ့ သွားဆရာဝန် ဒေါက်တာကြည်စိုးထွန်းဟာ မန္တလေးသွားဆေးတက္ကသိုလ်ကနေ ၂၀၁၂ ခုနှစ်မှာ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရပြီးနောက် သူ့မွေးရပ်မြေ ယောဒေသမှာပဲ ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး မိသားစုနဲ့ နေထိုင်ရင်း တစ်ဖက်က လူငယ်အသင်းအဖွဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူပါ။

လူငယ်တစ်ဦးအနေနဲ့ ပညာရေးနဲ့ လူငယ်ရေးရာလုပ်ငန်းစဉ်တွေမှာ ယောဒေသတစ်ဝိုက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်ရင်း ကျန်းမာရေးလုပ်ငန်းတွေမှာအခမဲ့ဆေးကုသပေးရေးတွေ လှုပ်ရှားပါဝင်ခဲ့ပါတယ်။

“တစ်ဖက်မှာလည်း ဆေးခန်းထိုင်တယ်။ တစ်ဖက်မှာလည်း အားတဲ့ရက်တွေမှာ ကျွန်တော် ကျောင်းကျန်းမာရေးတွေ၊ ကျွန်တော် အစိုးရဝန်ထမ်းတာဝန်မရှိပေမဲ့ ပညာရေးတွေနဲ့ချိတ်ဆက်ပြီးတော့ ကျောင်းမှာ ကျောင်းစာကြည့်တိုက်လုပ်ငန်းတွေ သွားကျန်းမာရေးဟောပြောပွဲတွေ လုပ်တယ်။ ပြီးတော့ လူငယ်ရေးရာလုပ်ငန်းတွေလုပ်တယ်။”

ကိုယ်ပိုင်သွားဆေးကုသခန်းလေးနဲ့ ဇာတိမြေမှာ အခြေကျနေတဲ့ ဒေါက်တာကြည်စိုးထွန်းတစ်ယောက် စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ အာဏာသိမ်းတာကို လက်မခံနိုင်တဲ့အတွက် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့ပါတယ်။

ဆောမြို့နယ် လူငယ်ရေးရာတာဝန်ခံတစ်ယောက်အနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ တက်ကြွလှုပ်ရှားခဲ့သူတစ်ယောက်က စစ်တပ်အာဏာသိမ်းချိန်မှာတော့ ကျန်းမာရေးပညာရှင်အသိုင်းအဝိုင်းက သူ့မိတ်ဆွေတွေကို အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာအောင် လှုံ့ဆော်ကူညီပေးခဲ့တဲ့အတွက် စစ်ကောင်စီက ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ဖမ်းဝရမ်းကြောင့် နေအိမ်ကနေ ထွက်ခွာလာရပြီးနောက် မိသားစုနဲ့အတူ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒါပေမဲ့ တော်လှန်ရေးမှာ မရပ်တန့်ဘဲ သူနိုင်တဲ့အားနဲ့ ပါဝင်ကူညီနေဆဲပါ။

“CDM ထောက်ပံ့ရေးကို အဓိကလုပ်တယ်။ နောက်ပိုင်းကျတော့ လက်နက်ကိုင်တော်လှန်ရေးကို လိုအပ်တဲ့ထောက်ပို့လုပ်ငန်းတွေအတွက် Fund (ရန်ပုံငွေ) ရှာတာတွေ၊ နောက် လက်နက်ကိုင်တော်လှန်ရေးကို မြေပြင်မှာတော့ ထဲထဲဝင်ဝင်ရှိပြီးတော့ မဖွဲ့နိုင်ခဲ့ပေမဲ့ အွန်လိုင်းကနေ မြေပြင်နဲ့ ကျွန်တော်တို့ ပေါင်းစပ်ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေပေါ်ပေါက်ဖို့ ကို ကျွန်တော်တို့ ကြိုးစားခဲ့တယ်။”

စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ်ခံခဲ့ရသည့် မကွေးတိုင်း၊ ယောနယ်သား ဒေါက်တာကြည်စိုးထွန်းအား တွေ့ရစဉ်။ (Photo : FACEBOOK/ DrKyi Soe Tun)
စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ်ခံခဲ့ရသည့် မကွေးတိုင်း၊ ယောနယ်သား ဒေါက်တာကြည်စိုးထွန်းအား တွေ့ရစဉ်။ (Photo : FACEBOOK/ DrKyi Soe Tun)

မြေပြင်တပ်ဖွဲ့တွေထံကို ထောက်ပံ့ကူညီရေးအတွက် ဆောင်ရွက်နေသူတစ်ယောက်အနေနဲ့ အခက်အခဲတွေကို ကြုံတွေ့ရလေ့ရှိပေမဲ့ သူဇာတိ ယောဒေသလေး လွတ်မြောက်ရေးအတွက် သူနိုင်တဲ့အားနဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ဒေါက်တာကြည်စိုးထွန်းတစ်ယောက် ဆောမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှာ ကူညီလုပ်ဆောင်ပေးနေပါတယ်။ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေအပြင် ကျန်းမာရေးဌာနရဲ့ လိုအပ်တဲ့နေရာတွေမှာ သူပါဝင်ကူညီနေပါတယ်။

တော်လှန်ရေးကာလမှာ ဖြတ်သန်းရတဲ့သူ့အတွက် လက်နက်ကိုင်တော်လှန်ရေးမှာ မပါဝင်နိုင်တဲ့အတွက် တစ်ခါတရံ အားမရတာတွေရှိနေတယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းမှာ ပါဝင်နေရတဲ့အတွက် လိုအပ်ချက်တွေကို ဝေဖန်ပြောဆိုမှုတွေကိုလည်း လက်ခံနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“တစ်ချို့ကျတော့လည်း မင်းတို့က လက်နက်မကိုင်နိုင်ဘဲနဲ့ ဒီပေါ့ပေါ့ပါးပါးလေးနဲ့ အုပ်ချုပ်နေကြတယ်။ ဒါမျိုးတွေလည်း ကျွန်တော်တို့ ပြောခံနေရတာရှိတယ်။ ဒါတွေကတော့ စိန်ခေါ်မှုပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ တန်ဖိုးထားတယ်။ ဒီလက်နက်ကိုင်တိုက်ပွဲဝင်တဲ့ရဲဘော်တွေကို တန်ဖိုးထားတယ်။ သူတို့ဘက်က ပြောဆိုလာတဲ့အပေါ်မှာလည်း ကျွန်တော်တို့ ခံနိုင်ရည်ရှိဖို့ ကြိုးစားတယ်။ လက်နက်မကိုင်နိုင်ဘဲနဲ့ လူတွင်ကျယ်လုပ်တယ် ပြောခံရတာမျိုးတွေ ရှိလာတဲ့အခါကျရင် ဒါက ပြောခံနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာ အသက်ပေးပြီးတိုက်နေတဲ့ လူငယ်တွေက ပြောတယ်ဆိုရင် ခံနိုင်ပါတယ်။”

စစ်ဘေးဒုက္ခသည်များအား သွားကျန်းမာရေးကုသပေးနေသည့် ဒေါက်တာကြည်စိုးထွန်းအား တွေ့ရစဉ်။ (Photo : FACEBOOK/ DrKyi Soe Tun)
စစ်ဘေးဒုက္ခသည်များအား သွားကျန်းမာရေးကုသပေးနေသည့် ဒေါက်တာကြည်စိုးထွန်းအား တွေ့ရစဉ်။ (Photo : FACEBOOK/ DrKyi Soe Tun)

လူငယ်တွေရဲ့ အနာဂတ်လှပဖို့အရေး နောက်မျိုးဆက်တွေမှာ ဒုက္ခဆိုးတွေမကြုံရဖို့အရေးကို စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ အားလုံးပါဝင်နိုင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ မြန်မာလူငယ်တွေရဲ့ အိပ်မက်တွေ အသက်ဝင်ဖို့အရေး သူနိုင်တဲ့အားနဲ့ ကြိုးပမ်းနေရင်း သူ့ဇာတိယောနယ်လေးမှာ တော်လှန်ရေးပန်းပွင့်တွေ ပွင့်လန်းဖို့အရေး ဒေါက်တာကြည်စိုးထွန်းတစ်ယောက် မျှော်လင့်ထားပါတယ်။

“ကျွန်တော်တို့နောက်မျိုးဆက်လူငယ်တွေမှာ ကျွန်တော်တို့လို ဒုက္ခတွေမခံရဘဲနဲ့ ကောင်းမွန်တဲ့လူငယ်ဘဝဖြတ်သန်းနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်တယ်။ လူငယ်တွေမှာ နိုင်ငံရေးကို အခုထပ်ပိုပြီးတော့ လက်နက်ကိုင်တဲ့လူငယ်တွေရော လက်နက်မကိုင်တဲ့နည်းနဲ့တော်လှန်နေတဲ့လူငယ်တွေရော အနာဂတ်မှာ ကျွန်တော်တို့လို ဒုက္ခများတဲ့လူငယ်တွေမဖြစ်ဖို့ ဝိုင်းပြီးကြိုးစားကြဖို့ လိုတယ်လို့ ကျွန်တော်မြင်ပါတယ်။”

တော်လှန်ရေးအောင်မြင်ဖို့အတွက် အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ပြီး အုပ်ချုပ်ရေးယန္တရားရဲ့ လိုအပ်တဲ့နေရာတွေမှာ ပူးပေါင်းပါဝင် လုပ်ကိုင်ပြီး လူငယ်တွေပါဝင်တဲ့ ကောင်းမွန်တဲ့အစိုးရတစ်ရပ်‌ပေါ်ထွန်းလာဖို့အတွက် သူကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။