မြန်မာနိုင်ငံကို စစ်လက်နက်ပိတ်ပင်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

2023.01.20
မြန်မာနိုင်ငံကို စစ်လက်နက်ပိတ်ပင်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က နေပြည်တော်တွင် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပစဉ်။
STR / AFP

အစ္စရေး နည်းပညာကုမ္ပဏီ Cognyte ဟာ ကြားဖြတ်ဖမ်းယူနိုင်တဲ့ ခေတ်မီ ထောက်လှမ်းရေး ကိရိယာတွေကို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင် တစ်လအလိုမှာ မြန်မာနိုင်ငံကို တင်သွင်းဖို့ တင်ဒါအောင်ခဲ့ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် သတင်းမီဒီယာတွေက ဇန်နဝါရီ ၁၅ ရက်နေ့က ထုတ်ဖော်ရေးသားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M အဖွဲ့ကလည်း အစ္စရေးအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ကုမ္ပဏီ ၄၅ ခုကျော်ဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ဆိုင်ရာ နည်းပညာနဲ့ ကုန်ကြမ်းပစ္စည်းတွေ ထောက်ပံ့ကူညီခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အဲဒီအစီရင်ခံစာမှာ မြန်မာစစ်တပ်ဟာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို နှိမ်နင်းဖို့ နိုင်ငံတစ်ဝန်းက လက်နက်စက်ရုံ ၂၅ ရုံကနေ စစ်လက်နက်မျိုးစုံကို ထုတ်လုပ်အသုံးပြုနေတယ်လို့ ဖော်ပြပါတယ်။

ဒီလုပ်ရပ်တွေဟာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေအပေါ် သက်ရောက်မှု ကြီးမားလိမ့်မယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ ကိုကျော်စောဟန်က ပြောပါတယ်။

"အစ္စရေးဆိုတာလည်း ကျနော်တို့ ကမ္ဘာမှာ ထောက်လှမ်းရေး စုဖွဲ့မှုမှာ အဆင့်အမြင့်ဆုံး လို့ ပြောလို့ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တော့ ဒီထောက်လှမ်းရေး နည်းပညာသုံးစွဲမှုပေါ့၊ အဆင့်အတန်းကလည်း အတော်မြင့်မားလိမ့်မယ်။ အရပ်သားတွေရဲ့ လွတ်လပ်ခွင့် အပေါ်မှာ အကျိုးသက်ရောက်မှုက စောင့်ကြည့်မှုတွေ များလာပြီးတော့ အသံ ဖမ်းယူမှုတွေ၊ နားထောင်မှုတွေ များလာပြီး လွတ်လပ်ခွင့်တော့ ထိခိုက်လိမ့်မယ်။ အထူးသဖြင့် လက်ရှိ နိုင်ငံရေးအခြေအနေအောက်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေအတွက် အကျိုးသက်ရောက်မှု ကြီးလိမ့်မယ်"

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ Justice for Myanmar အဖွဲ့ကလည်း အစ္စရေးထောက်လှမ်းရေး နည်းပညာကော်ပိုရေးရှင်း Cognyte Software ကုမ္ပဏီဟာ မြန်မာနိုင်ငံကို ကြားဖြတ်ထောက်လှမ်းရေးကိရိယာတွေ တင်သွင်းဖို့ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ တင်ဒါအောင်မြင်ခဲ့တယ်လို့ ဇန်နဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

"အကျိုးသက်ရောက်မှုက စောင့်ကြည့်မှုတွေ များလာပြီးတော့ အသံ ဖမ်းယူမှုတွေ၊ နားထောင်မှုတွေ များလာပြီး လွတ်လပ်ခွင့်တော့ ထိခိုက်လိမ့်မယ်"

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အဲဒီကိရိယာတွေဟာ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ကိစ္စတွေကို တားဆီးရာမှာ အလွန်အကျိုးရှိတယ်လို့ RFA ကို ‌ပြောပါတယ်။

"လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ချိုးဖောက်နားထောင်တယ် ဆိုတာ သိပ်မဆန်းတော့ဘူး။ အဲဒီလိုနားထောင်ခြင်းကပဲ တချို့သော လုံခြုံရေးနဲ့ ပတ်သက်တဲ့ ခြိမ်းခြောက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ကြိုတင်ကာကွယ်နိုင်တာ အများကြီးရှိတယ်။ အဲတော့ ဒီစနစ်က တကယ်တမ်း စွမ်းအားပြည့် လည်ပတ်နိုင်တယ် ဆိုရင် အင်မတန် အကျိုးရှိတယ်။ အလုပ်လည်း အရမ်းဖြစ်ပါလိမ့်မယ်၊ ဆိုတော့ နည်းပညာက ထိရောက်မှုရှိတယ်၊ ဒါပေမဲ့ မြန်မာတစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ ကွန်ရက်ပုံစံမျိုးလောက်တော့ မဖြစ်လောက်သေးဘူး"

မြန်မာကို လက်နက်ပိတ်ဆို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေပေမယ့် နိုင်ငံတကာ လက်နက်ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ စီးပွားရေးအကျိုးအမြတ်ကိုပဲ ဦးစားပေးလေ့ရှိတာကြောင့် ထိရောက်မှာမဟုတ်ဘူးလို့လည်း ဦးသိန်းထွန်းဦး က ပြောပါတယ်။

ဒီလိုကြားဖြတ်ဖမ်းယူတဲ့ ထောက်လှမ်းရေးနည်းပညာနဲ့ ကိရိယာတွေဟာ သူတို့အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေအပေါ် အများကြီးထိခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP) အတွင်းရေးမှူး ခူးဒယ်နီယာက ပြောပါတယ်။ သတင်းမလုံခြုံမှုကြောင့် မြေပြင်လှုပ်ရှားမှုတွေအပြင် ရိက္ခာသယ်ယူရေး၊ မြို့ပြပြောက်ကျား စစ်ဆင်ရေးတွေကို အဟန့်အတားဖြစ်စေပြီး အဖွဲ့ဝင်အတော်များများ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

Justice for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း အစ္စရေးကုမ္ပဏီရဲ့ ခေတ်မီထောက်လှမ်းရေး ကိရိယာတွေကြောင့် နိုင်ငံရေးလှုပ်ရှားသူတွေ၊ သတင်းသမား တွေနဲ့ ပြည်သူတွေရဲ့ ဖုန်းဆက်သွယ်ပြောဆိုမှုတွေကို မြန်မာစစ်တပ်က ကြိုတင်သိရှိပြီး ဖမ်ဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေ ပိုများလာနိုင်တယ်လို့ ပြောပါတယ်။

ဒီရောင်းချမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ အစ္စရေးအစိုးရကို တောင်းဆိုတယ်လို့လည်း မရတနာမောင်က ပြောပါတယ်။

ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်တပ်ကို လက်နက်ထုတ်ဖို့ ထောက်ပံ့ကူညီတာဟာ ဒီကျူးလွန်မှုတွေကို တစ်ပိုင်းတစ်စ ပါဝင်ပတ်သက်ရာရောက်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထေက်ပြဝေဖန်ပါတယ်။

"ရက်စက်၊ နှိပ်စက်ညှဉ်းပန်း၊ သတ်ဖြတ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ရှိတယ်။ အဲဒီပစ္စည်း ကိရိယာတွေကို တစ်ယောက်ယောက်က ထောက်ပံ့ပေးနေတယ်၊ ထောက်ပံ့ပေးတာ ပေါ်ပေါက်တယ်ဆိုရင် သူလည်း ဒီကျူးလွန်မှုမှာ တစ်ပိုင်းတစ်စ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတဲ့ သဘောက ကျနော်တို့ ဥပဒေကြောင်းအရလည်း ကျိုးကြောင်းဆက်စပ်မှု သဘောအရရော ဒီလိုရှုမြင်ကြလေ့ ရှိတယ်။ အဲဒီအတွက် ကြောင့် ဒီလိုမျိုး နိုင်ငံအတွင်း ကျူးလွန်မှုတွေရှိလာပြီဆိုရင် အရင်ဆုံးကြိုးစားတာက လက်နက်ရောင်းချမှုကို ပိတ်ဖို့၊ အထူးသဖြင့် ဒီလိုကျူးလွန်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ကူညီနေခြင်းကနေ ရပ်တန့်ဖို့ ကြိုးစားလေ့ရှိကြတယ်"

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M အဖွဲ့ရဲ့ အစီရင်ခံစာမှာလည်း မြန်မာစစ်တပ်ဟာ အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျ၊ ဂျပန်၊ ဂျာမဏီ၊ အိန္ဒိယ၊ စင်ကာပူ၊ တရုတ်၊ ယူကရိန်း စတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံက ရရှိတဲ့ စစ်လက်နက်ကုန်ကြမ်းနဲ့ နည်းပညာတွေကို အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။

အိန္ဒိယ၊ ရုရှား၊ သြစတြေးလျ၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေက တင်သွင်းလာတဲ့ ကုန်ကြမ်းပစ္စည်းတွေ၊ ဂျာမနီ၊ ဂျပန်၊ ယူကရိန်းနဲ့ အမေရိကန်က တင်သွင်းလာတဲ့ စက်ယန္တရားတွေ၊ ပြင်သစ်နဲ့ အစ္စရေးက နည်းပညာတွေကိုသုံးပြီး မြန်မာစစ်တပ်ဟာ ပြည်သူကို ဖိနှိပ်သတ်ဖြတ်တဲ့ စစ်လက်နက်တွေကို ထုတ်လုပ်နေတာလို့ ဆိုပါတယ်။

soldier-pyinmana.jpg
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ ကိုယ့်ပြည်သူအပေါ် ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို နည်းပညာနဲ့ စစ်လက်နက် ပစ္စည်း ရောင်းချမှုကို ပိတ်ပင်ဖို့ နိုင်ငံတကာအစိုးရတွေကို တောင်းဆိုပါတယ်။

"ကျနော်တို့ NUG အစိုးရအနေနဲ့ တောင်းဆိုချင်တာက အစ္စရေးအပါအဝင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့စစ်တပ်ကို လက်နက်ပဲဖြစ်ဖြစ်၊ လက်နက်မဟုတ်တဲ့ နည်းပညာပဲဖြစ်ဖြစ်၊ ဆက်သွယ်ရေး နည်းပညာပဲ ဖြစ်ဖြစ် အကြမ်းဖက်မှုကိုသုံးနေတဲ့ နည်းပညာ၊ ပစ္စည်းကိရိယာတွေ တစ်ခုမှ စစ်ကောင်စီကို မပေးဖို့ မရောင်းချဖို့အတွက် တားမြစ်ပေးဖို့ တောင်းဆို ချင်ပါတယ်"

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့က ချမှတ်ခဲ့ပေမယ့် အဲဒီဆုံးဖြတ်ချက်မှာ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ရေး မပါဝင်သေးပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ဝင် ခရစ်ဆီဒိုတီကတော့ အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ကလေးငယ် အများအပြား သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်၊ ဒီလိုသတ်ဖြတ်ရာ မှာ မြန်မာစစ်တပ်ဟာ နိုင်ငံတကာကုမ္ပဏီတွေထံက ရရှိတဲ့ နည်းပညာနဲ့ စစ်လက်နက် ပစ္စည်းတွေကို ပေါင်းစပ်အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာပြည်သူတွေကို ကာကွယ်ဖို့အတွက် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ တာဝန်ရှိသူတွေနဲ့ လက်နက်ပွဲစားတွေကို ပစ်မှတ်ထား အရေးယူတာအပါအဝင် မြန်မာစစ်တပ်ရရှိနေတဲ့ အထောက်အပံ့တွေကို ပိတ်ဆို့သင့်တယ် လို့လည်း SAC-M အဖွဲ့က ဇန်နဝါရီ ၁၆ ရက် အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။