လူမဆန်ရက်စက်မှုတွေ မန္တလေးမှာ ဘယ်လိုဖြစ်ပွားနေသလဲ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.03.29
လူမဆန်ရက်စက်မှုတွေ မန္တလေးမှာ ဘယ်လိုဖြစ်ပွားနေသလဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က မန္တလေးနန်းတွင်း၊ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးရယူထားတဲ့ စစ်သားများကိုတွေ့ရစဉ်။
AFP

မန္တလေးနန်းတွင်းက စစ်တပ်စစ်ကြောရေးစခန်းမှာ လူမဆန်ရက်စက်မှုတွေဖြစ်ပွားနေတာရှိသလို မန္တလေးမြို့မှာလည်း စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူလူထုအပေါ် ဥပဒေမဲ့ဖိနှိပ်ချေမှုန်းနေတာကို ကိုယ်တွေ့ကြုံခဲ့ရပါတယ်လို့ CDM တပ်ကြပ်ကြီး ကျော်ကျော် က RFA ကိုထုတ်ဖော် ပြောကြားလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာတာဝန်ကျခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့က တပ်ကြပ်ကြီး ကျော်ကျော်ဟာ အခုလွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပါပြီ။

နိုင်ငံရေးနဲ့ပတ်သက်ပြီးသံသယရှိသူတွေကို ဖမ်းဆီးနှိပ်စက်ရာမှာ နာမည်ကျော်တဲ့ နန်းတွင်းစစ်ကြောရေးစခန်းမှာ စစ်ထောက်လှမ်းရေးတွေက ပြည်သူတွေကိုဘယ်လိုနှိပ်စက်နေပါသလဲ။ အဲဒီစခန်းကို သူမကြာခဏ ရောက်ရှိခဲ့ရာမှာ ဖမ်းဆီးထားသူတွေကို နည်းမျိုးစုံနဲ့ ညှဉ်းပန်းနေတာကို ကိုယ်တိုင်မြင်ခဲ့ရတယ်လို့ တပ်ကြပ်ကြီး ကျော်ကျော်က RFA ကိုပြောပါတယ်။

“လမ်းတစ်လမ်းလုံးကို သူတို့မှာ ရှိတဲ့ သံပိုက်တွေ၊ ဝါးရင်းတုတ်တွေနဲ့ ရိုက်နှက်ပြီး ခေါ်သွားတာရှိတယ်။ ဖားခုန်သလို ခုန်ခိုင်းပြီး ခေါ်တယ်။ ပြီးရင် လက်ကိုခေါင်းပေါ်တင်ပြီး ဒူးထောက်လျှောက်ခိုင်းတာရှိတယ်။"

ဒါ့အပြင် စခန်းအတွင်း တာဝန်ကျနေတဲ့ မိတ်ဆွေစစ်သားတစ်ဦးရဲ့ ပြောကြားချက်အရ အဲဒီစစ်ကြောရေးစခန်းမှာ အကျဉ်းသားတွေကို လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ ရှိနေတာကိုလည်း ကြားသိခဲ့ရတယ်လို့ တပ်ကြပ်ကြီးကျော်ကျော် ကပြောပါတယ်။

ဥပမာအားဖြင့် ဖမ်းဆီးထားတဲ့ LGBT တွေကို အစာစွန့်လမ်းကြောင်းအတွင်း တုတ်နဲ့ထိုးတာမျိုးတွေရှိသလို အမျိုးသမီးအကျဉ်းသူတွေကိုလည်း နည်းမျိုးစုံနဲ့ စော်ကားမှုတွေရှိတယ်လို့ဆိုပါတယ်။

"အမျိုးသမီးတွေကျရင်လည်း သူတို့အနေနဲ့ နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့်ဖြစ်စေ အသားယူတာတွေလည်း ရှိတယ်။ နင်က CDM ဆရာမလား အဲ့လိုဘာလို့လုပ်ထာလဲ ငါ့ကိုယူပါလား အဲ့လိုစော်ကားတာတွေလည်းရှိတယ်။ ဟိုဟာကြီးတယ်၊ ဒီဟာကြီးတယ် ပြောပြီး အဲ့လိုစော်ကားတာ တွေလည်းရှိတယ်။ သူတို့မေးတဲ့အကြောင်းအရာတွေကိုလည်း မဖြေမချင်း ညှင်းပန်းနှိပ်စက်ပြီး တုတ်တွေနဲ့ရိုက်တာ၊ စော်ကားခံရတာတော့ အများကြီးပါ။”

အမျိုးသမီးအကျဉ်းသူအချို့ကို အဓမ္မပြုကျင့်မှုတွေရှိကြောင်း အဲဒီစစ်သားထံက ကြားသိခဲ့ရပေမယ့် သူကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းတော့မရှိပါဘူးလို့ တပ်ကြပ်ကြီးကျော်ကျော် ကပြောပါတယ်။

ဒါ့အပြင် ၂ဝ၂၁ ခုနှစ် သင်္ကြန်အတက်နေ့ညက မန္တလေးကျုံးအနောက်မြောက်ထောင့်မှာ သူလုံခြုံရေး တာဝန်ကျစဉ် ကြုံတွေ့ခဲ့ရတဲ့ စစ်တပ်ရဲ့ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်မှုတစ်ခုအကြောင်းကိုလည်း ဒီနေ့အထိ မမေ့နိုင်ပါဘူးလို့ သူကပြောပါတယ်။

000_93294H.jpg
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က မန္တလေးမြို့မှာ စစ်ကောင်စီကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို နှိပ်နှင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ( Photo: AFP)

သူတာဝန်ကျတဲ့နေရာနဲ့ သိပ်မဝေးတဲ့ ၇၆ လမ်းနဲ့ ၁၂ လမ်းထိပ်မှာ စစ်တပ်လုံခြုံရေးဂိတ်တစ်ခု ရှိပါတယ်။ အဲဒီကာလဟာ ည ၈ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားချိန်ဖြစ်ပါတယ်။ အဲဒီဂိတ်မှာ တာဝန်ကျတဲ့ ဒု- တပ်ကြပ်တစ်ဦးက ည ၈ နာရီခွဲလောက်မှာ သူတို့ဂိတ်အနီးဖြတ်သွားတဲ့ ဆိုင်ကယ်တစ်စီးကို သတိပေးခြင်းတစ်စုံတစ်ရာမရှိဘဲ သေနတ်နဲ့ ပစ်ခတ်လိုက်တဲ့အတွက် စီးနင်းလာသူ နှစ်ဦးကို ထိမှန်သွားပါတယ်။ တစ်ဦးက နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားပေမယ့် တစ်ဦးကတော့ တစ်ဆင့်ခံကျည်ဆံထိမှန်တာဖြစ်လို့ သွေးအိုင်ထဲမှာ လဲကျပြီးစကားပြောနိုင်တယ်လို့ ဆိုပါတယ်။ ဖြစ်ပွားပုံကို သိတာနဲ့တပြိုင်နက် သူတို့ဂိတ်ကနေ အထက်အဆင့်ဆင့်ကို အစီရင်ခံတင်ပြခဲ့ရာမှာ ကျုံးအနောက်ဘက်တံခါးမှာ တာဝန်ကျနေတဲ့ ဗိုလ်ကြီးတစ်ဦးက ရပ်ကွက်နာရေးကူညီမှုအသင်းမှာရှိတဲ့ သူနာတင်ကားကို သူကိုယ်တိုင် သွားရောက်မောင်းနှင်ပြီး အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ အချိန်မှာ ဗျူဟာမှူးနဲ့ တိုင်းမှူးတွေရောက်ရှိနေပြီး တိုင်းမှူးက လူနာတင်ကားမောင်းလာတဲ့ ဗိုလ်ကြီးကို လက်သီးနဲ့ ထိုးပြီး ပြစ်တင်ကြိမ်းမောင်းတာကို အံသြကြီးစွာ မျက်မြင်ကြုံခဲ့ရတယ်လို့ တပ်ကြပ်ကြီးကျော်ကျော် က ပြောပါတယ်။

“ဗျုဟာမှူးကရောက်နေတဲ့အချိန် ကျွန်တော်တို့ကို မိုးမွှန်အောင်လျှောက်ဆဲနေတယ်။ အဲ့ကားက ဘယ်ကလဲ လူနာတင်ကားလည်းတွေ့ရော။ အဲ့အချိန်မှာ ဗိုလ်ကြီးတစ်ယောက်က ထွက်လာပြီး မဟုတ်ဖူး အဘ ကျွန်တော် ကြေးမှုံက အရာရှိပါ။ မင်းဘာလုပ်ထာလဲ။ မဟုတ်ဘူး အဘ ဟိုမှာပစ်ခတ်မှုဖြစ်စဉ်ဖြစ်သွားလို့ သေသွားတဲ့ အလောင်းကို သွားယူမလို့ မသေသေးတဲ့ သူကိုဆေးရုံပို့မလို့ ပြောတဲ့အချိန်မှာ အဲ့ဗိုလ်ကြီးကို ဆဲဆိုပြီးပါးရိုက်ထာ။ မင်းပုခုံးပေါ်မှာ သုံးပွင့်တင်ပြီး မင်းရူးနေလား။ အဲ့ကားထဲမှာ အရပ်သားတွေလည်းပါတယ်။ လူမှုကူညီရေးအသင်းက လူတွေလည်းပါတယ်။ ကိုယ်အဲ့လိုလုပ်လိုက်တဲ့အတွက် ပြည်သူတွေအကုန်လည်း သိသွားရင်ဘယ်လိုလုပ်မှာလဲဘာလဲ ဆိုပြီး အဲ့ဗိုလ်ကြီးကို ပါးရိုက်ပြီး သွားပြန်တဲ့ ။”

ပိုပြီးဝမ်းနည်းဖွယ်ကောင်းတာကတော့ ဗျူဟာမှူးရဲ့ ညွန်ကြားချက်ပါပဲ။

“ပစ်ခတ်မှုဖြစ်ပြီးသွားရင် ဘယ်သူ့မှသွားပြီး မကောက်နဲ့ ဒီတိုင်းပဲထားလိုက်။ မှောင်တဲ့နေရာပစ်ထားလိုက်။ ပြီးမှငါ့တို့ဘာသာဆက်လုပ်မယ်။ မင်းတို့လုပ်စရာမလိုဘူးဆိုပြီး သူတို့အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု မဲ့တဲ့စကားတွေပြောတယ်။ ပြီးတော့လည်း အချိန်တော်တော်ကြာအောင်ထားတယ်။ သေသွားတဲ့သူကလည်းသေသွားပြီ။ မသေသေးတဲ့သူကို မသေသေအောင် အချိန်အကြာကြီး ဆွဲထားတယ်။ ဖြစ်စဉ်ဖြစ်တာ ၈ နာရီခွဲ ၉ နာရီ ။ တပ်ထဲက စစ်သားတစ်ယောက်ပိုင်တဲ့ အရပ်ကားနဲ့ပဲ လာပြီးတော့ ခေါ်ဆောင်သွားတယ်။ အဲ့အချိန်မှာ လာပြီးတော့ ခေါ်ဆောင်သွားတဲ့အချိန်က ည ၁၀ နာရီ။ အဲ့လောက်ကြမှ ဆေးရုံပို့တယ်။ ဆေးရုံပို့တဲ့အချိန်မှာလည်း အဲ့ဆေးရုံမှာ ရှိတဲ့ စစ်ဗိုလ်တွေက ဆေးကုမပေးဘူး။ ဒီတိုင်းပဲ ပစ်ထားတာ။ ဒီကောင်သေမှ အမှုထပ်ပြီး ထွက်မလာမှာ ဘာညာဆိုပြီး။”

အဲဒီနေရာကို ရောက်ရှိလာခဲ့တဲ့ မန္တလေးရဲတပ်ဖွဲ့ဝင်တွေကလည်း ပစ်ခတ်သတ်ဖြတ်မှုကို စစ်ဆေးမေးမြန်းရမယ့်အစား အားပေးအားမြှောက်ပြုခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့အချိန်မှာ ရဲတွေကလည်း လာကြည့်တယ်။ စည်သာလမ်းထဲက အမှတ် ၃ မန္တလေး ရဲစခန်းပါပဲ။ အဲ့ရဲစခန်းက ရဲတွေကလည်းရောက်လာပြီး စစ်တပ်နဲ့ လက်ဖဝါးတွေဘာတွေ ရိုက်ပြီးညှိပြီးတော့ ဘာမှမပူနဲ့ ဒီဖြစ်စဉ်မှာ ကိုယ့်ဘက်က ကာဗာလုပ်လို့ရတယ်။ ဒီကောင်တွေကို လက်လုပ်ဗုံးလာပစ်တာ မီးပုလင်းလာပစ်တာတို့ ကျွန်တော်တို့ ကြေညာလိုက်မယ် အကိုကြီးတို့ ဘာမှမပူနဲ့ အေးဆေးပဲတဲ့။”

000_92Y2ZL.jpg
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က CDM မှာပါဝင်ဖို့ တောင်းဆိုဆန္ဒပြကြသူတွေကို ရန်ကုန်မြို့မှာ တွေ့ရစဉ်။ Photo:AFP

အဲဒီအဖြစ်အပျက်တွေကို ကိုယ်တွေ့ကြုံခဲ့ရချိန်ကစပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့တဲ့ တပ်ကြပ်ကြီးကျော်ကျော်ဟာ CDM တပ်မတော်သားတွေကို အကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ၂ဝ၂၂ ခုနှစ်အတွင်းမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိလာခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို မနှစ်သက်တဲ့သူ့လိုလူတွေ စစ်တပ်ထဲမှာ အများကြီးရှိပါတယ်၊ အခြေအနေ အကြောင်းကြောင်းအရ စစ်တပ်ကို မစွန့်ခွာနိုင်ကြသေးပေမယ့် ကာလတစ်ခုမှာ အဲဒီလူတွေလည်း ပြည်သူနဲ့လာရောက်ပူးပေါင်းကြမယ်လို့ ယုံကြည်ကြောင်း တပ်ကြပ်ကြီး ကျော်ကျော်က RFA ကိုပြောပါတယ်။

အခုလို CDM တပ်ကြပ်ကြီးကျော်ကျော်ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို RFA က မရရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။