ဦးကျော်မင်းယု နဲ့ ဦးဖြိုးဇေယျာသော်တို့ အိမ်တွေရှေ့က ဆူပူမှု ဘယ်သူတာဝန်ရှိသလဲ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.07.27
ဦးကျော်မင်းယု နဲ့ ဦးဖြိုးဇေယျာသော်တို့ အိမ်တွေရှေ့က ဆူပူမှု ဘယ်သူတာဝန်ရှိသလဲ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီ ခေါ် ဦးကျော်မင်းယု၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
Photo: RFA

အာဏာသိမ်း စစ်ကောင်စီက ဒီရက်ပိုင်းအတွင်း သေဒဏ်ပေး ကွပ်မျက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီ ခေါ် ဦးကျော်မင်းယု ရဲ့ မိခင်ဖြစ်သူနေထိုင်ရာ အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက် သရက်ခြံ ၁ လမ်းက နေအိမ်နဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်ရဲ့ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ နေအိမ်တွေရှေ့ကို ဇူလိုင် ၂၇ ရက်နေ့ မနေ့က နေ့လယ်ပိုင်းက လူရမ်းကားတွေ ၅ဝ ခန့်စီ တစ်ပြိုင်နက်လိုလိုမှာ ကားတွေနဲ့ သွားရောက်ကြပြီး အော်ဟစ်ဆဲဆို ခြိမ်းခြောက်ကြိမ်းမောင်းရုံသာမက လေးခွတွေ၊ ခဲတွေ၊ ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီလို ပစ်ခတ်မှုကြောင့် ဦးကျော်မင်းယု နဲ့ ဦးဖြိုးဇေယျာသော်တို့ရဲ့ နေအိမ်တွေသာမက အနီးဝန်းကျင်ရှိ နေအိမ်အဆောက်အအုံတွေကိုပါ ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်လို့ သိရပါတယ်။

“ရန်ကုန်မြို့လယ်ကောင်ကြီးမှာ ဒီလို လုပ်တယ်ဆိုတဲ့ဥစ္စာဟာ အာဏာပိုင်တွေရဲ့ စနစ်တကျ စည်းရုံးသိမ်းသွင်းပြီး လုပ်တဲ့ဟာမျိုး မှတစ်ပါး မဖြစ်နိုင်ဘူး”

လာရောက်ဆူပူသူတွေက သူတို့မိသားစုဝင်တွေဟာ ဦးကျော်မင်းယုနဲ့ ဦးဖြိုးဇေယျာသော်တို့ကြောင့် သေဆုံးခဲ့ရတယ်ဆိုပြီး အော်ဟစ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြန်ကြားရေးအရာရှိ ဦးနေဘုန်းလတ်က မတရားကွပ်မျက်ခံရလို့ ပူဆွေးနေရတဲ့ မိသားစုတွေကို အခုလိုလာရောက် ဆူပူရမ်းကားမှုဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်တယ် ဒီကိစ္စအတွက် စစ်ကောင်စီမှာ အဓိက တာဝန်ရှိတယ်လို့ RFA ကို ပြောပါတယ်။

“ကိုယ့်မိသားစုဝင်တစ်ယောက် မတရားသတ်ဖြတ်ခံထားရလို့ ကြေကွဲဝမ်းနည်းနေတဲ့ ကျန်ရစ်သူမိသားစုကို ဒါတမင်သက်သက် ထပ်ပြီးစိတ်ဒုက္ခပေးတာ။ သူတို့ မတရားသတ်ဖြတ်တာကို တရားတယ်ဆိုတဲ့ ပုံစံမျိုးပေါက်အောင် ကိုဂျင်မီတို့၊ ဖြိုးဇေယျာသော်တို့ကြောင့် သေခဲ့တဲ့ မိသားစုဝင်တွေကပဲ လာလုပ်သလို ဟန်ဆောင်ပြီး လုပ်တဲ့ ငါးထောင်စားတွေ။ ဒါတွေကအသစ်လည်း မဟုတ်ပါဘူး၊ အကြမ်းဖက်စစ်ကောင်စီက ဒီလိုကိစ္စတွေကို ရှေ့မှာလည်း တောက်လျှောက်လုပ်ခဲ့တာ။ သူတို့ ပိုက်ဆံ ငါးထောင်ပေးရင် စားစရာ သောက်စရာ မရှိတဲ့ လူတချို့က လိုက်ပြီး သူတို့ ခိုင်းသမျှ လုပ်ကြတာပဲ။ ဒီလို လုပ်ရပ်တွေကို ရှေ့မှာလည်း တောက်လျှောက်လုပ်ခဲ့တယ်၊ အခုလည်း အဲ့လိုလူတွေခေါ်ပြီးတော့ ထောင်ထဲမှာ လူသတ် အလောင်းဖျောက်တဲ့ ကိစ္စကို တရားပါတယ်လို့ ပြည်သူတွေက ထောက်ခံပါတယ်ဆိုတဲ့ ပုံစံမျိုး တမင်သက်သက်ဖန်တီးတဲ့ လုပ်ရပ်ပါ။ ပြည်သူတွေက ဒါတွေကို အားလုံးနားလည်ပြီးသားပါ”

image (6).jpg
ကျောက်တံတားမြို့နယ်ရှိ ဦးဖြိုးဇေယျာသော်၏ နေအိမ်သို့ လာရောက်တိုက်ခိုက်သူများအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

နိုင်ငံရေးသမားရှေ့နေကြီး ဦးကြီးမြင့်ကလည်း ဒီကိစ္စဟာ ဆူပူမှုတွေဖန်တီးပြီး ပြည်သူတွေကို အာရုံလွှဲဖို့ စစ်အုပ်စုရဲ့ ကြိုးစားမှုတစ်ခုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“နံပါတ် ၁ ကတော့ ဖုံးချင်တာပေါ့။ အင်မတန်ကြီးကျယ်တဲ့ သတင်းကြီးကို ဖုံးချင်တယ်။ ၂ က ဒီဘက်က လူငယ်တွေက ထပြီးတော့ ဆန္ဒပြ တာတွေ မြို့ထဲမှာ လှုပ်ရှားမှုတွေ မလုပ်တော့ သူတို့က တော်တော် ကျိုးတိုးကြောင်တောင်ဖြစ်နေတယ်။ သူတို့ မျှော်လင့်ထားတာက လာမယ် ပစ်မယ် ကြောက်အောင် ထပ်လုပ်မယ်။ လမ်းထောင့်၊ လမ်းထောင့်မှာ စစ်သားတွေ လုံခြုံရေး နှစ်ဆ ပိုချထားတယ်။ အဲ့ဒီအနေအထားမှာ သူတို့က စတာပေါ့။ နောက်တစ်ခုက ရန်ကုန်မြို့လယ်ကောင်ကြီးမှာ ဒီလို လုပ်တယ်ဆိုတဲ့ဥစ္စာဟာ အာဏာပိုင်တွေရဲ့ စနစ်တကျ စည်းရုံးသိမ်းသွင်းပြီး လုပ်တဲ့ဟာမျိုး မှတစ်ပါး မဖြစ်နိုင်ဘူး။ လုံခြုံရေး အထပ်ထပ်ချထားတဲ့ကြားက လုပ်တာဟာ ၈၈ တုန်းက တန်ပြန်အဖြစ်တွေလိုပဲ။ ပြီးတော့ နိုင်ငံအတွက်လည်း တော်တော်စိတ်ပျက်စရာလည်းကောင်း၊ ဝမ်းနည်းစရာလည်းကောင်း။ နိုင်ငံဟာ တဖြည်းဖြည်းချင်း ပျက်လာရာကနေ အလျင်အမြန် အရှိန်အဟုန်နဲ့ ပျက်လာတယ်ဆိုတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ်”

ရရှိတဲ့ သတင်းအချက်တွေအရ ဦးကျော်မင်းယု နဲ့ ဦးဖြိုးဇေယျာသော်တို့ကို ကြိုးပေးကွပ်မျက်ခဲ့တဲ့နေ့ဟာ ဇူလိုင် ၂၃ ရက် စနေနေ့ မနက် ဖြစ်တယ်လို့ ယူဆရပါတယ်။ သူတို့ကို သေဒဏ်ပေးခဲ့တဲ့ ဒီအမှုဟာ စတင်စစ်ဆေးစဉ်ကတည်းက ဥပဒေနဲ့မညီဘူးလို့ ဦးကြီးမြင့်က ပြောပါတယ်။

“တရားမဝင် လူသတ်မှုပဲ။ သေဒဏ်ထိုက်တဲ့ အမှုတွေကို စစ်တော့မယ်ဆိုရင် မင်းတို့ရှေ့နေငှားမလား၊ နိုင်ငံတော်က ငှားပေးရမလားမေးရတယ်။ အဲ့ဒါ ကနဦးပဲ စပြီး။ အဲ့လိုမမေးဘဲနဲ့ သူတို့ကလည်း ငှားမပေးဘူး။ ဒီဘက်လည်း ငှားခွင့်မပေးဘူး အဲ့ဒီ့စစ်ဆေးပြီး ချတဲ့အမိန့်ဟာ ပျက်တယ်။ ဒါ ဥပဒေပဲ။ နောက်တစ်ချက်က ဘာလဲဆိုရင် သေဒဏ် အတည်ပြုတယ်။ သေဒဏ်ကို အတည်ပြုတဲ့ သူတွေဟာ သေဒဏ်အတည်ပြုပိုင်ခွင့် မရှိဘူး။ အဲ့ဒါမို့လို့ ကျနော်တို့က လူသတ်မှု ရာဇဝတ်မှုမြောက်တယ်လို့ ကျနော်တို့က ပြောနေတာ။ သမ္မတ ဦးမြင့်ဆွေကလည်း လက်ရှိ သမ္မတကြီး ဦးဝင်းမြင့်ရှိပါလျက်နဲ့ ၂၀၀၈ ခြေဥထဲက မပါတဲ့ နည်းလမ်းနဲ့ စစ်တပ်က အာဏာသိမ်းပြီးတော့ ဦးဝင်းမြင့်ကို ဖမ်းချုပ်တယ်၊ ဦးမြင့်ဆွေကို သူတို့သဘောနဲ့ သူတို့ တင်တယ်။ ဦးမြင့်ဆွေကို ကာလုံခေါ်ခိုင်းတယ်။ ကာလုံကနေ စစ်တပ်ကို လွှဲပါတယ်ဆိုတာ လုပ်ဇာတ်ခင်းပြီး ၂၀၀၈ ဥပဒေနဲ့ မညီဘဲနဲ့ ရထားတဲ့ အာဏာနဲ့သေဒဏ်ကို အတည်ပြုလိုက်တာဟာ ဥပေဒအရ အပြစ်ပဲ”

ဒါ့အပြင် နောက်ဆုံးကွပ်မျက်တဲ့အခါမှာလည်း တာဝန်ရှိသူတွေဟာ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်တွေကို လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့ ရှေ့နေကြီး ဦးကြီးမြင့် က ထောက်ပြပါတယ်။

“အနည်းဆုံး နောက်ဆုံးတွေ့ခြင်းပဲလို့ ပြောပြီးတော့ တွေ့ခွင့်ပေးရမယ်။ တွေ့ခွင့်ပေးတဲ့အခါမှာလည်း နာရီဝက်နဲ့ တစ်နာရီလောက် တွေ့ခွင့်ပေးပြီး အေးဆေး စကားပြောရမယ်။ ဘယ်ဆရာတော်နဲ့ ပြောချင်တယ်။ ဘယ်သူနဲ့ပြောချင်တယ် ခေါ်ပေးရမယ်။ သူတို့ လိုချင်တာတွေ လုပ်ပေးရမယ် အဲ့ဒါတွေကိုစနစ်တကျ လုပ်ပြီးတော့မှ အနည်းဆုံး နှစ်ပတ်လောက်ကြာတော့မှ ကြိုးပေးရမယ်။ အခုဟာက ဒီနေ့တွေ့ခွင့်ပေး မနက်ဖြန်သတ်တာဆိုတာသည် ဒါ ထောင်လုပ်ထုံး လုပ်နည်းနဲ့ လုံးဝမညီဘူး။ နောက်ပြီးတော့ အလောင်းကိုလည်း အနည်းဆုံး ဓာတ်ပုံတော့ပြ။ ဒီမှာကြိုးပေးလိုက်ပြီ အဲ့မှာကြည့် တွေ့လား။ အလောင်းကတော့ ပြန်မပေးနိုင်ဘူး စသဖြင့်၊ ဥပဒေမှာတော့ ပြန်မပေးရဘူးလို့ မရေးထားဘူး သို့သော် အလောင်းပြန်ပေးခြင်းအားဖြင့် ကူးစက်ရောဂါဖြစ်တဲ့ ဟာမျိုးဆိုရင် မပေးဘူး၊ ဆန္ဒပြပွဲကြီးတွေ ဖြစ်လာမယ်ဆိုရင်လည်း ခြွင်းချက်အရ ငြင်းပယ်နိုင်တယ်ပေါ့ဗျာ။ သို့သော်လည်း အခုဥစ္စာက ဓာတ်ပုံလေးတောင် မပြ၊ ဘယ်နေ့ ဘယ်ရက်မှာပေးတယ်ဆိုတာလည်း မပြောဘူးဆိုတော့ လူ့ အခွင့်ရေးကတော့ အကြီးအကျယ် ချိုးဖောက်ခံရတယ်၊ ထောင်စည်းမျဉ်း စည်းကမ်းတွေလည်း ချိုးဖောက်ခံရတယ် အဲအတွက်ကြောင့် ဒါလူသတ်မှုပဲ၊ ပူးပေါင်းကြံစည်မှုပဲ ပါဝင်သူအားလုံးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃ဝ၂ အရ တစ်ချိန်မှာ အရေးယူအပြစ်ပေးရမယ်ဆိုတာ ဒါတော့ ကျနော်အတိအကျ ပြောချင်ပါတယ်”

ဦးကျော်မင်းယုနဲ့ ဦးဖြိုးဇေယျာသော် တို့ကို ကွပ်မျက်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ဟာ သေဒဏ် အကြိမ်ကြိမ် ကျခံထိုက်သူတွေဖြစ်တယ်လို့ ဇူလိုင် ၂၆ ရက်နေ့က ပြောခဲ့ပါတယ်။ ရှေ့နေကြီး ဦးကြီးမြင့်ကတော့ ဦးကျော်မင်းယုနဲ့ ဦးဖြိုးဇေယျာသော်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို အခုလို ဥပဒေမဲ့ ကွပ်မျက်မှုတွေနဲ့ နောက်ဆက်တွဲလုပ်ဆောင်မှုတွေကြောင့် စစ်ကောင်စီအပေါ် ပြည်တွင်းပြည်ပ ဆန့်ကျင်မှုတွေ ပိုမိုတိုးပွားလာမှာဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေး အောင်ပွဲကို ပိုမိုမြန်ဆန်စွာ အဆုံးသတ်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ အခု ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ တုံ့ပြန်ပြောကြားချက်ကို မရရှိနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။