ရွေးကောက်ပွဲအပြီး သမ္မတအသစ် ဘယ်သူဖြစ်နိုင်မလဲ

ဝေမာထွန်း
2020.06.25

လူသိများတဲ့ နိုင်ငံရေးသမားတွေဟာ လာမယ့်နိုဝင်ဘာလထဲမှာပြုလုပ်မယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီ တွေထောင်ပြီး ဝင်လာကြတာကိုတွေ့ရမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ကာလကလို နာမည်ကြီးနိုင်ငံရေးသမားတွေက သမ္မတဖြစ်ချင်ပါတယ်လို့ ထုတ်ပြောလာတာမျိုးကိုတော့ ဒီကာလမှာ မကြားရပါဘူး။

ရွေးကောက်ပွဲပြီးနောက် အစိုးရဖွဲ့စည်းရေးဟာ သုံးလလောက်ပဲ အချိန်ရတာမို့ အစိုးရဖွဲ့စည်းနိုင်ခြေများတဲ့ ပါတီတွေဟာ အခုကတည်းက အရေးပါတဲ့ အစိုးရအဖွဲ့ရာထူးနေရာတွေအတွက် သင့်တော်သူတွေကို လျာထားဖို့လိုသလို၊ သမ္မတလိုနေရာမျိုးအတွက်က လျာထားပြီးဖြစ်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက တွက်ဆကြပါတယ်။

အစိုးရပြန်ဖွဲ့နိုင်ခြေများတဲ့ NLD ပါတီက သမ္မတနဲ့ အစိုးရအဖွဲ့  ဖွဲ့စည်းရေးအတွက် ပြင်ဆင်ဆောင်ရွက်မှု လျာထားချက်တွေ ဘယ်လိုရှိပါသလဲ မေးကြည့်တော့ ပါတီရဲ့ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင် က ရွေးချယ်ထားမှုမရှိသေးကြောင်း ပြောပါတယ်။

“မရှိပါဘူး။ အခုမှ ရွေးတုန်းချယ်တုန်းပဲ ရှိသေးတယ်။ ရွေးကောက်ပွဲ ပထမအဆင့် ကိုယ်စားလှယ်ရွေးတဲ့ အဆင့်တောင် မပြီးကြသေးပါဘူး။ တို့သမ္မတကြီး ဦးဝင်းမြင့်က အခုလည်း သမ္မတပါပဲ။ လွန်ခဲ့တဲ့နှစ်တွေ ကလည်း သမ္မတပါပဲ။ နောက်ကာလမှာ ဘာဖြစ်မယ်ဆိုတာတော့ မသိပါဘူး။”

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးအတွက် ဆန္ဒရှိနေဆဲပဲလို့   သုံးသပ်ပါတယ်။

“NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ သမ္မတရာထူးက ဒေါ်အောင်ဆန်းစုကြည် အတွက်ပဲ ဖြစ်ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုက အစောကြီးထဲကရှိတာကိုးဗျ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်မချင်းကတော့ သမ္မတရဲ့အနေအထားက ဦးထင်ကျော်တို့ ဦးဝင်းမြင့်တို့ ရခဲ့တဲ့အနေအထားထက် ထပ်ပြီးတော့ တိုးတက်စရာမရှိဘူးလို့ ကျွန်တော်မြင်တယ်။ နောက်ကွယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးတာမျိုးတော့ ရှိကောင်းရှိနိုင်ပေမယ့် လက်တွေ့ထွက်ပြီးတော့ လုပ်ဆောင်တဲ့နေရာမှာတော့ ဘာမှအပြောင်းအလဲရှိမှာ မဟုတ်ဘူး။”

NLD အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ကန့်သတ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) လုံးကို မပြင်ဆင်နိုင်ခဲ့တာမို့ NLD ပါတီကသာ ဆက်ပြီးအစိုးရဖွဲ့နိုင်မယ် ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်လာစရာ မရှိသေးပါဘူး။

ဒီတော့ သမ္မတရဲ့လုပ်ပိုင်ခွင့်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်မှာ ဆက်ရှိနေဦးမှာမို့ သမ္မတရာထူးအတွက် စိတ်ဝင်စားမှုကလည်း လက်ရှိကာလမှာ အရင်အထွေထွေရွေးကောက်ပွဲ ကာလမတိုင်ခင် ကလိုမဟုတ်ဘဲ လျော့ကျနေပါတယ်။

NLD ပါတီဝင်တချို့ကတော့ NLD သာ အစိုးရပြန်ဖွဲ့နိုင်ရင် ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်း နှစ်ပြည့်တာဝန် ယူခဲ့ရတာမဟုတ်တဲ့ လက်ရှိသမ္မတဦးဝင်းမြင့်ဟာ သမ္မတ ပြန်ဖြစ်လာမယ်လို့ ယူဆကြပါတယ်။

အဲဒီလိုယူဆသူတွေထဲမှာ မိတ္ထီလာမြို့နယ် NLD ပါတီ အလုပ်မှုဆောင်ကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း(မိတ္ထီလာ)လည်း ပါဝင်ပါတယ်။

“ကျန်းမာရေး တစ်စုံတစ်ရာ ပြဿနာမရှိဘူးဆိုရင် ဦးဝင်းမြင့် သူပဲလို့ ခန့်မှန်းလို့ရတယ်။ သူ့ထက်ပိုပြီး သင့်တော်တဲ့သူမရှိသေးဘူး ကျန်းမာရေးအရကော ဥပဒေပညာရှင်တစ်ဦးဖြစ်တယ်။ နိုင်ငံတော်အတိုင်ပင်ခံရဲ့ သစ္စာအရှိဆုံးလို့ ယူဆခံရတဲ့ ၃၊ ၄၊ ၅ ယောက်ထဲမှာ သူက ထိပ်ဆုံးကရှိနေတယ်လို့ အဲလိုသုံးသပ်ရတာပေါ့။”

တဖက်မှာလည်း သမ္မတဦးဝင်းမြင့်ဟာ သမ္မတရာထူးကို ဆက်လက်ထမ်းဆောင်မယ်ဆိုရင် ရွေးကောက်ပွဲ ဝင်ပြိုင်စရာမလိုပေမယ့်  တာမွေမြို့နယ်မှာ ရွေးကောက်ပွဲပြန်ဝင်ဖို့ အမည်စာရင်း တင်သွင်းလာတာလည်း စိတ်ဝင်စားဖွယ်ဖြစ်နေတယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးမြအေး က ပြောပါတယ်။

“နိုင်ငံတော်သမ္မတဆိုတာ ရွေးကောက်ပွဲဝင်စရာမလိုဘူးခင်ဗျ။ မဝင်ဘဲနဲ့လည်း လုပ်လို့ရတယ်လေ။ အခု နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ပြန်ပြီးတော့ ရွေးကောက်ပွဲဝင်မှာ၊ ရွေးကောက်ပွဲဝင်ပြီးမှ သမ္မတ လုပ်မယ်ဆိုလည်း ဒီနေရာကို ပြန်ပြီးမှ ကြားဖြတ်ရွေးကောက်ပွဲလုပ်ရမယ့် အခြေအနေ။ အဲဒါအတွက်ကို ဘာဖြစ်လို့ နိုင်ငံတော်သမ္မတက တာမွေမှာ ရွေးကောက်ပွဲပြန်ဝင်သလဲဆိုတာ နည်းနည်းစဉ်းစားစရာတစ်ခု ဖြစ်တယ်။ ၂၀၂၀ ပြီးနောက်ပိုင်းမှာ အစိုးရဖြစ်လာမယ့်ဟာက တော်တော်ကို စိတ်ဝင်စားစရာကောင်းတယ်။”

အခုအချိန်ဟာ နိုင်ငံရေးပါတီတွေဟာ တစ်ပါတီနဲ့ တစ်ပါတီကြား ကိုယ်စားလှယ်တွေကစလို့ အစိုးရဖွဲ့စည်းရေး အတွက် လျာထားချက်တွေကို မရိပ်မိအောင် ဆောင်ရွက်နေကြတဲ့ကာလလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်ကာလက ဒေါ်အောင်ဆန်းစုကြည်က  ကိုယ်ယုံကြည်တဲ့ မူဝါဒတွေကို ပြီးစီးအောင်ဆောင်ရွက်ဖို့ သမ္မတဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

အဲဒီအချိန်တုန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ သူရဦးရွှေမန်းကလည်း သမ္မတလုပ်လိုကြောင်း ထုတ်ပြောခဲ့သလို ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတဖြစ်လိုလားလို့ သတင်းသမားတွေက မေးမြန်းတဲ့အခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလုပ်ဘူးလို့ မငြင်းခဲ့ပါဘူး။

အခု ရွေးကောက်ပွဲမတိုင်ကာလမှာတော့ လူသိများတဲ့ ဘယ်နိုင်ရေးသမားမှ သမ္မတလုပ်လိုကြောင်း လက်ရှိအချိန်အထိ ထုတ်ပြောလာတာ မရှိသေးပါဘူး။

လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲပြီးနောက် တပ်မတော်သားအစုအဖွဲ့က တင်သွင်းမယ့် ဒုသမ္မတနေရာအတွက် လျာထားချက်ဘယ်လိုရှိပြီလဲလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုလည်း RFA က မေးကြည့်ဖြစ်ခဲ့ပါတယ်။

“အရင်တုန်းကလည်း ဒုတိယသမ္မတရွေးဖို့  ကြိုပြီးရွေးထားတာမရှိဘူး။ လုပ်ထားတာလည်းမရှိဘူး။ ဒုသမ္မတရွေးဖို့ဆိုရင် ပြည်သူ့လွှတ်တော်က ဒုသမ္မတ တစ်ယောက်အမည်စာရင်း တင်သွင်းရတယ်။ အမျိုးသားလွှတ်တော်ကလည်း တင်သွင်းရတယ်။ သူတို့လုပ်တာနဲ့ မရှေးမနှောင်းမှာပဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ခေါ်ယူပြီးဆောင်ရွက်တာဖြစ်ပါတယ်။ အဲလုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆောင်ရွက်မှာဖြစ်ပါတယ်။”

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောခဲ့တာပါ။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တွေက တင်သွင်းတဲ့ ဒုတိယသမ္မတတွေထဲကနေ ပြည်ထောင်စုလွှတ်တော်က သမ္မတကို ရွေးချယ်ခန့်အပ်တာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရသက်တမ်းမှာတော့ တပ်မတော်က ဒုတိယသမ္မတအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဦးမြင့်ဆွေကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

အစိုးရဖွဲ့စည်းဆောင်ရွက်ခဲ့ဖူးပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ USDP ကလည်း ပါတီအနိုင်ရခဲ့မယ်ဆိုရင်ခန့်ထားဖို့ သမ္မတရာထူးအတွက် အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။

USDP သာ အစိုးရဖွဲ့နိုင်ခဲ့ရင် သမ္မတတင်မယ့်ပုဂ္ဂိုလ်ဟာ ပြည်သူတွေစိတ်ကျေနပ်စေမယ့်သူ ဖြစ်စေရမယ်လို့ ပါတီရဲ့ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ပြောပါတယ်။

"ကျွန်တော်တို့ပါတီက ရွေးချယ်မယ့်သမ္မတဆိုတဲ့ ပုဂ္ဂိုလ်က ကိုယ်ကျင့်တရား၊ အတွေ့အကြုံ၊ အသက်အရွယ်၊ လုပ်ရည်ကိုင်ရည်၊ ဒါတွေပေါ်မှာ အများကြီး အခြေခံစဉ်းစားထားတယ်။ သမ္မတ တာဝန်ထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ကျွန်တော်တို့ ပါတီထဲမှာ အများကြီးရှိပါတယ်။ ပြည်သူတွေလက်ခံနိုင်တဲ့ ခေါင်းဆောင်မျိုးတွေပဲ ဖြစ်လာဖို့ ကျွန်တော်တို့ အာမခံပါတယ်။ ပြည်ခိုင်ဖြိုးအနိုင်ရလို့ သမ္မတဖြစ်လာမယ့်ပုဂ္ဂိုလ်က ပြည်သူတွေ စိတ်ကျေနပ်စေရမယ်။"

ပြီးခဲ့တဲ့ ၂၀၁၆ မေလမှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ်လွှတ်တော်မှာတော့ ဒုတိယသမ္မတတွေအဖြစ် NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အတွက် ဦးဟင်နရီဗန်ထီးယူ၊ USDP က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ အတွက် NLD က ဦးထင်ကျော်နဲ့ USDP က ဒေါက်တာစိုင်းမောက်ခမ်းတို့ကို အမည်စာရင်းတင်သွင်းခဲ့ ကြပါတယ်။

လွှတ်တော်တွင်း ကိုယ်စားလှယ်အများစုအနိုင်ရခဲ့တဲ့ NLD က တင်သွင်းခဲ့တဲ့ ဦးထင်ကျော်က သမ္မတဖြစ်လာသလို ဦးဟင်နရီဗန်ထီးယူက ဒုသမ္မတ (၂) နဲ့ တပ်မတော်က အမည်စာရင်းတင်သွင်းခဲ့တဲ့ ဦးမြင့်ဆွေက ဒုသမ္မတ (၁) ဖြစ်လာခဲ့တာဖြစ်ပါတယ်။

NLD နဲ့ တပ်မတော်ကြားဆောင်ရွက်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးလည်းရှိတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ပြီးနောက်မှာတော့ အနိုင်ရပါတီကတင်သွင်းတဲ့ ဒုသမ္မတက သမ္မတဖြစ်မလား တပ်မတော်က တင်သွင်းတဲ့ ဒုတိယသမ္မတကပဲ သမ္မတဖြစ်လာမလားဆိုတာကတော့ စိတ်ဝင်စားဖွယ်ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။