စစ်ဖြစ်ရာဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးတွေ အကူအညီ အထူးလိုအပ်နေ

RFA Burmese
2023.11.27
စစ်ဖြစ်ရာဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးတွေ အကူအညီ အထူးလိုအပ်နေ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ဖြစ်နေတဲ့ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ကျန်းမာရေးနဲ့ စားသောက်နေထိုင်ရေး ခက်ခဲနေပြီး အကူအညီအထူးလိုအပ်နေတယ်လို့ ကာယကံရှင်တွေနဲ့ အမျိုးသမီးရေး လှုပ်ရှားတဲ့အဖွဲ့တွေက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် နှစ်သန်းနီးပါးရှိလာပြီး အဲဒီထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက အများစုပါဝင်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ စာရင်းအရ သိရပါတယ်။

"မဖြစ်မနေကတော့ ဒီအချိန်မှာ တကယ့်ကို လုံလောက်တဲ့ လူသားချင်းစာနာထောက်ထားမှုကို မဖြစ်မနေ သူတို့တွေက လက်လှမ်းမီနိုင်ဖို့ လိုတယ်ပေါ့”

စစ်ဘေးဒုက္ခသည်အမျိုးသမီးတွေဟာ ပါရာစီတမော့လို ဖျားနာကိုက်ခဲပျောက်ဆေးကနေ၊ ကင်ဆာရောဂါအတွက် သောက်ရတဲ့ဆေးတွေအထိ အခက်အခဲရှိနေတဲ့အပြင် အဆင့်မီ ကျန်းမာရေး စောင့်ရှောက်မှုကို မရကြပါဘူး။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က အမျိုးသမီးတစ်ယောက်ဟာ သားအိမ်ခေါင်း ကင်ဆာရောဂါ ဆိုးရွားတဲ့အဆင့်ရောက်နေပြီဆိုတာကို လွန်ခဲ့တဲ့ ၂ လလောက်က စပြီးသိခဲ့ရပေမယ့် အခုအချိန်အထိ ဆေးမကုနိုင်ဘူးလို့ သူ့ရဲ့ ညီမက ပြောပါတယ်။

“ဆရာဝန်က အစ်မကို ပြောလိုက်တယ်။ မရတော့ဘူးတဲ့ အစ်မအခြေအနေက အတွင်းထဲက ရောဂါက ပြန့်နေပြီပေါ့နော်။ ငွေကုန်ရုံပဲ ရှိတယ်ပေါ့။ ဆရာဝန်က စကားကုန် ပြောလိုက်တာပေါ့။ သူ့ကို သေမယ့်ရက် စောင့်ကြည့်နေရသလိုပါပဲ။ ပြေးရမယ်ဆိုရင်လည်း အစ်မက ဆိုင်ကယ်လည်း ကောင်းကောင်းစီးနိုင်တာ မဟုတ်ဘူး။ အစ်မကို ပစ်လည်းမသွားရက်ဘူး။ အစ်မလည်း သနားပါတယ်ဆိုပြီး အရဲစွန့်ပြီး နေရတာပေါ့။ ဘယ်အချိန်များ စစ်ကြောင်းထိုးလာမလဲဆိုပြီး တွေးနေရတာပေါ့”

သားအိမ်ခေါင်းကင်ဆာဟာ မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်ကတည်းက အမျိုးသမီးတွေကို ခြိမ်းခြောက်နေတဲ့ရောဂါဖြစ်ပြီး ဒီရောဂါကြောင့် နှစ်တိုင်း ၄,၅၀၀ လောက် အသက်ဆုံးရှုံးနေရတယ်လို့ ကင်ဆာရောဂါတွေနဲ့ ပတ်သက်လို့ သုတေသနပြုနေတဲ့ HPV information Center ရဲ့ ၂၀၂၂ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရင်သားကင်ဆာဟာလည်း မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို ဒုတိယအခြိမ်းခြောက်ဆုံး ရောဂါဖြစ်ပြီး ကင်ဆာဖြစ်ပွားမှု စုစုပေါင်းရဲ့ ၂၄ ရာခိုင်နှုန်းကျော်ရှိနေပါတယ်။ ဆားလင်းကြီးမြို့နယ်မှာပဲ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ ရင်သားကင်ဆာဝေဒနာကို ခံစားနေရပြီး ဆေးကုဖို့ ခက်ခဲနေပါတယ်။ သူတို့ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ခဲ့လို့ သူတို့ မိသားစုမှာ အိမ်မရှိတော့တာ လေးလကျော်ရှိလာပါပြီ။ ဒါကြောင့် ဘုန်းကြီးကျောင်းမှာပဲ ခိုလှုံနေရပါတယ်။

သမီးရဲ့ရင်သားကင်ဆာ ခွဲစိပ်ကုသခဖို့ ဆေးရုံပြရင် ပထမဆုံးကုန်ကျငွေ ခြောက်သိန်းကျော်ကို မတတ်နိုင်တော့တဲ့အကြောင်း သူ့မိခင်က ပြောပါတယ်။

“ဆရာရယ် ခွဲဲဖြစ်ရင်ဘယ်လောက်ကုန်မှာလဲဆိုတော့ ခြောက်သိန်းကျော်လောက် ကုန်မှာတဲ့။ ကျွန်မတို့က အဲဒီလောက်မတတ်နိုင်ဘူးလို့၊ မီးထဲပါထားတာလို့၊ ဘာမှလည်း မရဘူးလို့ အဲဒီလို ပြောလိုက်တာ။ တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်နေတာ အစ်မတို့မှာ။ အပူတွေနဲ့ချည်းပဲ။ အကုန်လုံး မီးထဲပါသွားတာ ဘာပစ္စည်းမှလည်း မရလိုက်ဘူး။ အခက်အခဲတွေကတော့ အများကြီးရှိတာပေါ့။ အဓိကကတော့ သမီးလေးနို့က အကျိတ်လေး ခွဲချင်တာပဲရှိတယ်။ ကျန်တဲ့ အခက်အခဲတွေကတော့ ဘယ်လိုပဲရှိရှိ ဘာမှမဖြစ်ပါဘူး။ ထမင်းကိုလည်း သဘောတရားက နှစ်နပ်စားရမှာကို တစ်နပ်စားရလည်း ဘာမှမဖြစ်ပါဘူး။ သမီးလေးရဲ့ အကျိတ်လေးပဲခွဲချင်တာပါ”

စစ်ဘေးဒုက္ခသည်တွေအနေနဲ့ အခုဆိုရင် CDM လှုပ်ရှားမှုမှာပါနေတဲ့ ဆရာ၊ ဆရာမတွေကိုပဲ အားကိုးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်ခရိုင်ထဲက ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်လာတဲ့အချိန်မှာ ရှောင်တိမ်းဖို့ပြင်ဆင်ရင်း ကိုယ်ဝန်ပျက်ကျသွားတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ရဖူးတယ်လို့ စစ်ဘေးဒုက္ခသည်တွေ ကူညီပေးနေတဲ့သူ တစ်ယောက်က RFA ကို ပြောပါတယ်။

အခုလို ကိုယ်ဝန်ပျက်ကျတဲ့ဖြစ်ရပ်တွေအပြင်၊ ပေါင်မပြည့်တဲ့ ကလေးတွေ မွေးလာတာ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ မွေးကင်းစကလေးတွေမှာ လုံလောက်တဲ့ အစာအဟာရနဲ့ ကျန်းမာရေး စောင့်ရှောက်မှုမရတာတွေ ဖြစ်နေပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာရှိထားတဲ့ အချက်အလက်တွေအရ ကလေး ၁,၀၀၀ မွေးတိုင်းမှာ ၄၂ ယောက်နှုန်းလောက် သေဆုံးနေတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးတစ်သိန်းမှာ ၁၇၉ ယောက်နှုန်းဟာလည်း ကိုယ်ဝန်ဆောင်တာ၊ ကလေး မီးဖွားတာတွေနဲ့ ပတ်သက်လို့ သေဆုံးနေရတယ်လို့ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့ဘဏ်က နောက်ဆုံးကောက်ခံရရှိတဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

အခုဆိုရင် ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်မှာ စစ်ဘေးကနေ လွတ်အောင်ရှောင်ရ၊ ပြေးရလွှားရနဲ့ အင်မတန်ခက်ခဲပြီး အန္တရာယ်များတယ်လို့ ကိုယ်တိုင်ခံစားတွေ့ကြုံဖူးတဲ့ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မချောစုဟန်က RFA ကို ပြောပြပါတယ်။

“ကိုယ်ဝန်ကလည်း နုနယ်သေးတဲ့အချိန်ဆိုတော့ ဆိုင်ကယ်စီးလို့ မရဘူး။ abortion (ကိုယ်ဝန်ပျက်ကျ) ဖြစ်တတ်တယ်ဆိုတာမျိုးဆိုတော့။ ကိုယ်ကလည်း အဲဒီတုန်းက ကျန်းမာရေးက ထူထူထောင်ထောင်မရှိတော့ ခြေကျင်ပြေးရတဲ့ အနေအထားတွေ အများကြီးရှိတယ်ပေါ့။ ဒီဘက်မှာတော့ ကျွန်တော်တို့ထက် အခြေအနေ ဆိုးဆိုးရွားရွား ခံစားရတဲ့ ပြည်သူတွေ အများကြီးရှိတယ်။ တချို့ဆိုရင် စစ်ရှောင်ရင်းနဲ့ ကလေး မီးဖွားလိုက်ရတဲ့ အနေအထားမျိုး၊ စစ်ရှောင်ရင်းနဲ့ ဘုန်းကြီးကျောင်းထဲမှာပဲ မွေးဖွားသွားတယ်ပေါ့။ တချို့ဆိုရင် မွေးဖွားရင်းနဲ့ မိခင် ဆုံးပါးသွားတာမျိုးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးဝါးအထောက်အကူ အင်မတန်မှ နည်းပါးတာပေါ့”

စစ်ဖြစ်နေတဲ့ဒေသမှာ ပြေးရင်းလွှားရင်းက မွေးဖွားထားရပြီး အစားအသောက်အာဟာရ လုံလုံလောက်လောက်မရတဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးမကောင်းမှာကို အမြဲစိုးရိမ်နေရတယ်လို့ ကယားပြည်နယ်က မိခင်တစ်ယောက်က RFA ကို ပြောပါတယ်။

“ဒီမှာနေတာလည်း တစ်နှစ်ကျော်ပြီဆိုတော့ နေသားလည်းကျနေပြီပေါ့။ တိုက်ပွဲ ကိုယ်နေတဲ့ဘက်ကို ထပ်ရောက်လာမယ်ဆိုရင် ကိုယ်နေတဲ့ နေရာကအစ ကိုယ်က စဉ်းစားရရော ဘယ်ကိုသွားရမလဲဆိုပြီးပေါ့။ နောက် မသိဘူးရော ကိုယ်သွားနေတဲ့ နေရာမှာ ဆေးရုံ၊ ဆေးခန်းရှိလား ဆိုတာကအစ စိတ်ပူတယ်။ သူ (ကလေး) ဖြစ်မှာကို ကိုယ့်ထက်ကြောက်ရတယ်။ ငယ်တော့ ပြောလည်း မပြောတတ်လေ။ ကိုယ်ကကျတော့ နာရင်နာတယ် ပြောတတ်တယ်။ သူက မပြောတတ်ဘူး ငိုပဲ၊ ငိုတယ် ဆိုတော့လေ”

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)

သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစသားသည်မိခင်တွေဟာ တခြား လူတွေထက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးအကူအညီတွေ ပိုလိုအပ်နေတယ်လို့ WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အထွေထွေအတွင်းရေးမှူး နန်းမို့မို့က RFA ကို ပြောပါတယ်။

“ကလေးမွေးနေရင်းနဲ့ ဆုံးပါးသွားတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ ဒီလို အခြေအနေမှာ ဒီလိုအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ကိုင်တွယ်ဖို့က လိုအပ်တယ်ပေါ့။ ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုမလဲဆိုတော့ single solution (တစ်ခုတည်းသော ဖြေရှင်းချက်) ရယ်လို့ရှိမှာ မဟုတ်ဘူး။ စစ်ဘေးရှောင်တွေဆိုတာက လက်တလော လိုအပ်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှု အပြင်ကို ရေရှည်စဉ်းစားရမယ့်ဟာတွေ အများကြီးပဲ။ ဒါပေမဲ့ မဖြစ်မနေကတော့ ဒီအချိန်မှာ တကယ့်ကို လုံလောက်တဲ့ လူသားချင်းစာနာထောက်ထားမှုကို မဖြစ်မနေ သူတို့တွေက လက်လှမ်းမီနိုင်ဖို့ လိုတယ်ပေါ့”

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရုံးတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကစပြီး အခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့အထိ အမျိုးသမီး ၆၂၈ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီး သုံးထောင်ကျော် (၃,၂၃၂ ) ဦးရှိပြီလို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။