စစ်နဲ့အတူ တွဲပါလာတဲ့ မုဒိမ်းမှုများ

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2022.04.17
စစ်နဲ့အတူ တွဲပါလာတဲ့ မုဒိမ်းမှုများ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။
Photo: AFP

သမိုင်းတစ်လျှောက်လုံး ဘယ်နေရာ ဘယ်ကာလမှာမဆို စစ်ဖြစ်တိုင်း စစ်သားတွေက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်တာဟာ စစ်ရဲ့အနိဋ္ဌာရုံတစ်ရပ် ဖြစ်ပါတယ်။ မုဒိမ်းကျင့်မှုလို့ ပြောတဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရားမှုဟာ အကြောင်းမလှတဲ့ ဖြစ်ရပ်လို့ ကာလရှည်ကြာ သတ်မှတ်လာပေမယ့် စစ်နဲ့တွဲပါလာပါတယ်။

ဒါဟာ စစ်ထွက်ချိန်မှာ စစ်သားတွေ လိင်မှုကိစ္စနဲ့ ကာလရှည်ကြာဝေးကွာနေတာနဲ့လည်းဆိုင်ပြီး စစ်တပ်က ချမှတ်တဲ့ စည်းကမ်းတွေက မတင်းကျပ် မလုံလောက်တာလည်း ပါတယ်လို့ Encyclopedia Britannica ဗြိတိန်စွယ်စုံကျမ်းနဲ့ တွဲဖက်ထားတဲ့ အွန်လိုင်းစွယ်စုံကျမ်းက ထောက်ပြပါတယ်။

ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်သက်တမ်းအရှည်ကြာဆုံး တိုင်းပြည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်တပ်က လက်နက်အားကိုးနဲ့ ထင်တိုင်းကြဲတဲ့အခါ တိုင်းရင်းသူအမျိုးသမီးတွေ မတော်မတရားပြုကျင့်ခံရပါတယ်။ အမျိုးသမီးအဖွဲ့တွေကလည်း ဒီအကြောင်းတွေကို အချက်အလက်တွေနဲ့ အစီရင်ခံစာတွေ ထုတ်ပြန်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် တိုင်းရင်းသားဒေသတွေမှာ တရားလက်လွတ်ပြုကျင့်တဲ့ ပုံစံအတိုင်း ရန်ကုန်လို မြို့ကြီးမှာပါမရှောင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကြမ်းကြမ်းရမ်းရမ်း ပြုမူတာကို ရန်ကုန်လူထု မျက်ဝါးထင်ထင်ကြုံရပါတယ်။

ဒါဟာ အမိန့်ရလို့ စိတ်တိုင်းကျလုပ်နေတာလို့ ရန်ကုန်မြို့က အမည်မဖော်လိုသူတစ်ယောက်က ပြောပါတယ်။

ဒါပေမဲ့ လက်လုပ်လက်စားတွေများတဲ့ အရပ်မှာ ညနေစောင်းလို့ ဈေးရောင်းရာက ပြန်လာတဲ့ အမျိုးသမီးတွေကို စစ်ဆေးမေးမြန်းဖို့ စစ်ကောင်စီ လုံခြုံရေးအဖွဲ့ဝင်တွေက တစ်နေရာခေါ်ယူသွားပြီး မတရားပြုကျင့်တဲ့အမှုတွေ ရှိတယ်လို့ ဒီကိစ္စတွေကို သီးခြားစုံစမ်း အချက်အလက်စုဆောင်းနေသူ တစ်ယောက်က အလွတ်သဘော ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ပဋ္ဋိပက္ခအတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ ပုံစံတွေအမျိုးမျိုး ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတာက အမျိုးသမီးတွေ ပစ်မှတ်ထားခံရတဲ့ထဲက ဖြစ်ရပ်တစ်ခုသာ ဖြစ်ပြီး သတ်ဖြတ်ခံရ၊ နှိပ်စက်ညှဥ်းပန်းခံရတာမျိုးလို စစ်ရာဇဝတ်မှုမြောက်တဲ့ တခြားဖြစ်ရပ်တွေလည်း ရှိပါတယ်။

ဥပမာ- အခု ဧပြီလထဲမှာပဲ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ထယ်လှယ်ရွာက အဖေနဲ့ သမီး အသတ်ခံရတဲ့ အမှုဖြစ်ပါတယ်။ ၁၄ နှစ်အရွယ် သမီးဖြစ်သူဟာ လိင်ပိုင်းဆိုင်ရာလည်း မတရားပြုကျင့်ခံရ၊ မီးရှို့ပြီးလည်း အသတ်ခံရပါတယ်။ တောထဲအသွား အဖေကိုရော သမီးကိုပါ လက်ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်တာလို့ အလောင်းတွေကို မျက်မြင်တွေ့ခဲ့တဲ့ တရွာထဲသား တစ်ယောက်က ပြောပြပါတယ်။

"ကျနော်တို့လည်း ရွာထဲကို ကြောက်ကြောက်နဲ့ ဖြည်းဖြည်းချင်း ဝင်ရတယ်။ သူတို့ မီးရှို့ထားခဲ့တဲ့ အိမ်က ပြာကျနေပြီဗျ။ အိမ်ကို မီးသွားသတ်တဲ့အချိန်မှာ ရေလောင်းလိုက်တော့ ဒီလိုမျိုး အလောင်းတွေကို တွေ့တာ။ အရှင်လတ်လတ် မုဒိမ်းကျင့် မီးရှို့ပြီး သတ်ထားခဲ့တာဗျ။ နှုတ်ပိတ်ထားခဲ့တာပေါ့ဗျာ"

ဒီ ၁၄ နှစ်သမီးလို မတရားပြုကျင့်ခံရပေမယ့် အသတ်မခံရတဲ့ ယူကရိန်းအမျိုးသမီးတစ်ဦးက အသက် ၈၃ နှစ်ရှိပါတယ်။ သူဟာ အငြိမ်းစားကျောင်းဆရာမဖြစ်ပြီး သူ့ရွာကို ရုရှားတွေ မတ်လတုန်းက သိမ်းပိုက်ချိန်မှာ မတော်မတရားပြုကျင့်ခံရတဲ့အကြောင်း အမေရိကန် CBS သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဝမ်းပန်းတနည်း ကြေကြေကွဲကွဲ ပြန်ပြောပြနေတာတွေ့ရပါတယ်။

မုဒိမ်းကျင့်တဲ့ ရုရှားစစ်သားကို အမေအရွယ်လောက် မိန်းမတစ်ယောက်ကို ဒီလိုမတရားလုပ်တာမျိုး ရှင့်အမေကို အဖြစ်ခံမလားပြောတော့ ပါးစပ်ပိတ်ထားဆိုပြီး သူ့ကိုအော်တယ်လို့ ပြောပါတယ်။ မသန်မစွမ်းဖြစ်နေတဲ့ခင်ပွန်းက အိမ်မှာရှိနေရက် အိုကြီးအိုမမှ ရိုက်နှက်လည်းခံရ၊ မုဒိမ်းလည်း ပြုကျင့်ခံရတဲ့အမှု ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ၁၄ နှစ်သမီးငယ်ရော၊ ယူကရိန်းက ၈၃ နှစ်အရွယ်အမျိုးသမီးကြီးပါ စစ်ရဲ့သားကောင်၊ စစ်ရဲ့ဓားစာခံ၊ စစ်ရဲ့အနိဋ္ဌာရုံ၊ စစ်ရဲ့ပစ်မှတ် ဖြစ်ရပြီး ကျူးလွန်သူတွေကတော့ အပြစ်က ကင်းလွတ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။