၂ဝ၂၂ ခုနှစ်အတွင်း အမျိုးသမီးတွေရဲ့ ဘဝများ
2023.01.01

၂ဝ၂၂ ခုနှစ်ဟာ စစ်ကောင်စီက သူ့ရဲ့အာဏာတည်မြဲရေးအတွက် ဖိနှိပ်မှုတွေ ပိုပြီးတိုးလာခဲ့တဲ့ နှစ်လို့ ပြောရမှာပါ။ စစ်ကောင်စီဟာ အမျိုးသမီးတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို မတရားဖမ်းဆီးထောင်ချမှုတွေ ပိုများခဲ့ပြီး သေဒဏ်အမိန့်ပေးတဲ့အထိ ရှိခဲ့ပါတယ်။
အခု ၂ဝ၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရသူတဲ့ အမျိုးသမီး ၂၅၀ နီးပါး ရှိပြီး ဖမ်းဆီးခံရသူ အမျိုးသမီး ၁ဝဝဝ ကျော်ရှိပါတယ်။ လက်ရှိအချိန်အထိ အကျဉ်းကျနေတဲ့ အမျိုးသမီး ၂၄၇ ဦး ရှိပြီး အဲဒီထဲမှာ သေဒဏ်ပေးခံရသူ - ၉ ဦး၊ တစ်သက်တစ်ကျွန်းချမှတ်ခံရသူ ၁၀ ဦးရှိပါတယ်။
ဒီလို အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်တဲ့ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုပါမကျန် ပြည်သူလူထုကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်တာ မတရားထောင်ချတာတွေ ဆက်တိုက်လုပ်နေတဲ့ကြားက အာဏာရှင်တော်လှန်ရေးမှာ အမျိုးသမီးတွေပါဝင်မှုကလည်း ၂ဝ၂၂ ခုနှစ်အတွင်းမှာ အရှိန်အဟုန်မြင့်တက်လာခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စောင့်ကြည့်တာ ဖမ်းဆီးတာတွေကြားမှာပဲ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း နဲ့ တနင်္သာရီစတဲ့ ဒေသတွေမှာ အမျိုးသမီးတွေ ဦးဆောင်ပြီး ပြောက်ကျားသပိတ်တွေ လှုပ်ရှားခဲ့ကြပါတယ်။
ဒီလို လှုပ်ရှားကြတဲ့အမျိုးသမီးတွေရှိသလို ဖိနှိပ်ချေမှုန်းမှုတွေကြားက အသက်ကိုပဓာနမထားဘဲ လက်နက်ကိုင်လမ်းစဉ်နဲ့ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ အမျိုးသမီးငယ်တွေကိုလည်း အများအပြားတွေ့မြင်ခဲ့ရပါတယ်။
“ကျွန်တော်တို့ စစ်ကျွန်ဘဝအောက်မှာ စစ်ဘဝအောက်မှာ မနေချင်ဘူး၊ မနေချင်တဲ့အတွက် တွန်းလှန်တယ်။ ပြီးတော့ ရှေ့လာမယ့် အနာဂတ်ကလေးတွေ ဘဝလှပအောင် အတွက်ပေါနော်။ တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်”
အာဏာရှင်ကို ရရာလက်နက်နဲ့ ခုခံနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မိမိတို့စုဆောင်းထားတဲ့ ချွေးနှဲစာလေးနဲ့ လှူဒါန်းပံ့ပိုးကြတဲ့ အမျိုးသမီးတွေကိုလည်း တွေ့မြင်ရပါတယ်။
“သူတို့မှာ ကိုယ်ပိုင် တူမီးသေနတ်တောင် မကိုင်နိုင်ပါဘူး၊ လူအင်အားသာရှိတာ၊ ကျုပ်က ရှိတဲ့ အိမ်ထောင်မကျသေးခင်က လုပ်ကိုင်စုဆောင်းပြီး ဝယ်ဝတ်လာတဲ့ ခြယ်နားကပ်တစ်ရံကို ရောင်းပြီး တူမီးသေနတ်ဖိုးလေးမှ ရပါစေဆိုပြီး လုပ်ကိုင်ပေးရတာပေါ့ --”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်ရင်း ဒီနှစ်အတွင်းသတ်ဖြတ်ခံရသူ စုစုပေါင်း ၁၃ဝဝ နီးပါးရှိပါတယ်။ သတ်ဖြတ်ခံရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် အသက်ဆုံးရှုံးခဲ့ရတဲ့ သားတွေ၊ သမီးတွေအတွက် ပူဆွေးသောကတွေ ခံစားခဲ့ကြရတဲ့ သားသည်မိခင်တွေရဲ့ ဘဝတွေကိုလည်း အခုလို မြင်တွေ့ခဲ့ရပါ တယ်။
“ သားလေး အမေ့ရင်တွေ ကျိုးပါပြီ သားလေးရယ်………အမေဘယ်လိုနေရမလဲ”
သားတွေ၊ လင်ယောက်ျားတွေ အသတ်ခံရလို့ ဘဝတွေနစ်နာရတဲ့အမျိုးသမီးတွေထဲမှာ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာက အမေအိုလည်း ပါဝင်ပါတယ်။
“ အမေက မနိုင်လို့ လွှတ်လိုက်ရတာ။ တစ်ရက်မှ မမေ့ဘူး။ အမေ့သား သုံးယောက်လုံး ဘာအပြစ်မှမရှိဘဲ အသတ်ခံရတာ”
အဲဒီလို သားသမီးတွေ ဆုံးရှုံးရတဲ့မိခင်တွေ ရှိခဲ့သလို၊ အဖမ်းခံရတဲ့ သားသမီးတွေကို ထောင်ဝင်စာပို့ရင်း ဗုံးကွဲပြီး အသက်ဆုံးရှုံးရတဲ့သူကတော့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့်ဖြစ်ပါတယ်။
“သူ အစောကြီးတွေ့ချင်လွန်းအားကြီးလို့ အစောကြီးသွားတယ်။ ညကတောင် အိပ်လို့မပျော်ဘူးတဲ့ သူ့သားနဲ့ တွေ့ချင်လွန်းလို့ ခံစားရတာပေါ့ ကိုယ့်ညီမတစ်ယောက်လုံး ဆုံးရှုံးရတာ”
အာဏာသိမ်းစစ်ကောင်စီတပ်က သူတို့ကို ဆန့်ကျင်ခုခံမှုတွေကို ရက်ရက်စက်စက်ချေမှုန်းသလို အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေကြောင့် နေအိမ်တွေကို စွန့်ခွာထွက်ပြေးရတဲ့ ပြည်သူ ဒီနေ့အထိ ခြောက်သိန်းနှစ်သောင်းနီးပါး ရှိနေပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေက ဒုက္ခဆင်းရဲတွေကို ပိုပြီးခံစားခဲ့ကြရတာပါ။

“လေယာဉ်သံကြားတိုင်း ကြောက်ပြီး ပုန်းနေရတာပေ့ါ၊ ရွာထဲထိမနေရဲဘူး။ ညဆိုရင် တောထဲ ပြေးအိပ်ရတဲ့လူနဲ့ နေ့ခင်းပိုင်းဆိုရင် အိမ်မွေးတိရိစ္ဆာန်လေးတွေ ပြန်လာကျွေးရတာပေါ့၊ စားတာတော့ ရှိတာပဲ စားရတာပေါ့၊ ပဲရှိရင် ပဲနဲ့ပေါ့၊ ပဲပြုတ် ပြုတ်စား အဲလိုမျိုး ထမင်းနဲ့ပေါ့။ နေပူတဲ့အချိန်လည်း တအားပူတယ် မိုးရွာတဲ့အချိန် မိုးကာတွေ လေတွေကြောင့် အကုန်လုံးလန်ကုန်တယ်။ မိုးက တအားယိုတယ် အလှူရှင်က မရှိဘူးလေ၊ မိုးတအားရွာတဲ့အချိန်ဆို လုံတဲ့နေရာလေးတွေ ပြောင်းရွှေ့နေရတာ”
စစ်ကောင်စီတပ်ရဲ့ ရွာမီးရှို့မှုကြားက မွေးကင်းစ လေးရက်သားကလေးငယ်ကို ပွေ့ချီပြီး မီးလောင်ပြင်ကို ဖြတ် ထွက်ပြေးခဲ့ရတဲ့ သားသည်မိခင်တစ်ဦးရဲ့ ခံစားချက်ကို အခုလိုကြားခဲ့ရပါတယ်။
“ဘာမှလည်း ယူချိန်မရဘူး ကလေးပွေ့ရတာ တုန်ခါနေတာပဲ။ အမေရယ် ကလေးတစ်ယောက်ရယ် တူမလေးရယ် ဆိုတော့ ငါး ယောက်ပြေးရတာ၊ ပြေးရတာ မလွယ်ဘူး၊ စာသင်ကျောင်းကနေ မိုးချုပ်တော့ ရေတွေဆာတော့ ဘုန်းကြီးကျောင်းရောက်သွားကြတာ သေချင်လဲ သေပလေ့စေဆိုပြီး ဘုန်းကြီးကျောင်းရောက်တော့ ရေနွေးလည်း မသောက်နိုင်ပါဘူး။ ရေအေးပဲ သောက်လိုက်တာ သွေးခဲပြီး မသေတာ ကံကောင်းပဲ”
နေရာအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့သူတွေထဲမှာ အမျိုးသမီးငယ်လေး အများအပြားဟာလည်း ကလေးလုပ်သားတွေ ဖြစ်ခဲ့ကြရပါတယ်။
“ကျွန်မက နေ့စားခ လိုက်တယ်၊ တစ်ရက်ကို လေးထောင်ရတယ်၊ ညီအစ်မ နှစ်ယောက်ဆိုတော့ ရှစ်ထောင်ရတယ်။ အမေက ကလေးငယ်နဲ့ ဆိုတော့ အလုပ်မလုပ်နိုင်ဘူး။ အဖေက ဝါးခုတ်တယ်။ မောင်နှမတွေများတော့ မိသားစုများတော့ မလုပ်ရင် စားဖို့ အခက်အခဲရှိတယ်၊ ကျွန်မက အကြီးဆုံးဆိုတော့ ပိုလုပ်ရတာပေါ့”

နိုင်ငံရေးမတည်ငြိမ်မှုတွေအတွင်း အမျိုးသမီးတွေဟာ အကြမ်းဖက်မှုရဲ့သားကောင်တွေဖြစ်ခဲ့ကြရတာတွေလည်း ရှိပါတယ်။ ၂ဝ၂၂ ခုနှစ် မေလကနေ ဇူလိုင်လအထိ သုံးလအတွင်းမှာပဲ မုဒိမ်းမှုနဲ့ ကျူးလွန်ရန် ရည်ရွယ်ထားတဲ့ မုဒိမ်းမှု ၉ မှု ရှိခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေ စီးပွားရေးကျဆင်းမှုတွေနဲ့ အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ပြည်သူတွေ ခံစားနေကြရတဲ့အထဲမှာ အမျိုးသမီးတွေရဲ့ ဘဝတွေကလည်း အတော်လေး လုံခြုံမှု ကင်းမဲ့ခဲ့တာပါ။
"မျက်နှာချင်းဆိုင်က ဆိုင်ကယ်မောင်းလာပြီးတော့ ဆွဲကြိုးကို ဖြတ်သွားတာ၊ အော်ချိန်တောင် မရလိုက်ဘူးပေါ့၊ အလုခံရတဲ့ အချိန်က မနက်ပိုင်း ဈေးသွားတဲ့ အချိန်၊ လုတဲ့သူတွေက လူငယ်တွေပဲ၊ အုပ်စုဖွဲ့ပြီး လုသွားတာ၊ တကယ်ကြောက်စရာ ကောင်းပါတယ်"
ဘတ်စကားတွေပါမကျန် နေရာဒေသ အသီးသီးမှာ လုယက်မှု အကြမ်းဖက်မှုတွေ မကြာခဏဖြစ် ပေါ်နေပြီး အမျိုးသမီးတွေ သွားလာရေး မလုံခြုံမှုတွေ နဲ့ ရင်ဆိုင်ခဲ့ကြရပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ရတာတွေလဲ ရှိခဲ့ပါတယ်။
ပြည်တွင်းပဋိပက္ခနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မသမာသူတွေရဲ့ လူကုန်ကူးခံရ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေလည်း အမျိုးသမီးငယ်တွေ ကြုံကြရပါတယ်။

ကယား (ကရင်နီ) ပြည်နယ်တွင်းက အမျိုးသမီးငယ်တွေ ပြည်ပအလုပ်အကိုင်ရမယ်ဆိုပြီး လူကုန်ကူးခံနေကြရသလို ကချင်ဒေသက အမျိုးသမီးငယ်တေတွလည်း မသမာသူတွေရဲ့ သိမ်းသွင်းဖြားယောင်းမှုကို ယုံပြီး မိမိတို့ရဲ့ လိင်အသားပေးရုပ်ပုံတွေပေးပို့တဲ့ ရုပ်သံတွေ ပုံတွေ အွန်လိုင်းတွေမှာ ပျံ့နှံ့နေတာတွေလည်း တွေ့ခဲ့ရပါတယ်။ တရုတ်မြန်မာနယ်စပ် ဝ ပြည်နယ်က မြန်မာအလုပ်သမားတွေ တရုတ်နိုင်ငံသားအများစု ပါဝင်ပတ်သက်တဲ့ ငွေလိမ်ဂိုဏ်းတွေမှာ ရောင်းစားခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
“ဟိုမှာ ရောင်းစားခံရတာက ကျွန်မညီမ ဟုတ်တယ်။ အိမ်ကနေကျတော့ သူ့သူငယ်ချင်း တစ်ယောက်နဲ့ သူတို့ နှစ်ယောက် ရန်ကုန်ကို သွားလိုက်တာ။ သင်တန်းတွေဘာတွေ တက်ပြီးမှ သူတို့က စင်ကာပူ သွားမယ်ဆိုပြီးမှ ခုနစ်လပိုင်း ဆယ့်ငါးရက်နေ့မှာ ရန်ကုန်ကနေ ထွက်သွားတယ်တဲ့။ ခုနစ်လပိုင်း ဆယ့်ကိုးရက်နေ့မှာ ဝပြည်ကို ရောက်သွားတယ်။ အဲအချိန်မှ ကျွန်မတို့ သိသွားတာ။ ပြီးတော့ ဒီမှာသူနဲ့အတူသွားတဲ့ သူ့သူငယ်ချင်းက ထွက်ပြေးလွတ်မြောက်လာခဲ့တာပေါ့နော်။ သူတို့ ရောင်းစားခံရတယ် ဆိုတာ သူတို့ကိုယ်တိုင်ပြောလို့ပေါ့နော်။”
ဒီလိုဖြစ်ရပ်တွေအပြင် မိသားစုစားဝတ်နေရေးကြောင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှာ လူပွဲစားတွေအဆင့်ဆင့်ရောင်းစား တာခံရတဲ့ မြန်မာအမျိုးသမီးတွေလည်း ရှိနေပါတယ်။
“ ညီမလေးက နိုင်ငံခြားမှာပဲ အလုပ်လုပ်ချင်တယ်၊ အိမ်ကို ထောက်ပံ့ချင်တယ်”
“ ဖုန်းမသုံးဘဲ ဖုန်းသုံးတယ်စွပ်စွဲပြီး ရိုက်တယ်”
“ ရွာမှာနေတုန်းကလည်း စစ်ဘေးတစ်ခါ ရှောင်ဖူးတယ်။ အဲဒါကြောင့် ဒူဘိုင်းကို လာဖြစ်တာ”
လာမယ့် ဖေဖော်ဝါရ ၁ ရက်နေ့ဆိုရင် စစ်အာဏာသိမ်းတာ ၂ နှစ် တင်းတင်းပြည့်မြောက်တော့မှာဖြစ် ပါတယ်။ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူမှန်သမျှကို ဖိနှိပ်မှုတွေ နဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေဆဲလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့တော်လှန်ရေး အဓိဋ္ဌာန်ခိုင်မာပုံကတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေ နဲ့ သက်သေတည်နေဆဲဖြစ်ပါတယ်။