ဒေသတချို့မှာ အမျိုးသမီး စစ်မှုထမ်းစာရင်း စတင်ကောက်ယူ
2024.06.26
စစ်မှုထမ်းဖို့ အမျိုးသမီးတွေစာရင်း ကောက်ယူတာမရှိသေးဘူးလို့ စစ်ကောင်စီဘက်က ငြင်းဆိုထားပေမဲ့ ဧရာဝတီနဲ့ တနင်္သာရီတိုင်းအတွင်းက မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာတော့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်း စတင်ကောက်ယူဖို့ ပြင်ဆင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ တချို့ဒေသတွေမှာဆိုရင် မဲနှိုက်ရွေးချယ်တာနဲ့ အိမ်အထိ ဆင့်ခေါ်စာ ပေးပို့တာမျိုးတွေပါ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဧရာဝတီတိုင်းက မအူပင်၊ ဟင်္သာတ၊ ပုသိမ်ခရိုင်ထဲက ရပ်ကွက်ကျေးရွာတွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဒီလဆန်းပိုင်းကတည်းက ပြင်ဆင်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုသူ ပုသိမ်ဒေသခံတစ်ဦးက "ပုသိမ်မှာရှိနေတဲ့ လေ့ကျင့်ရေး (၆) သင်တန်းကျောင်းဆိုရင်လည်း ဒီအတိုင်းပဲ အမျိုးသားသင်တန်းသား ဦးရေ မပြည့်လို့ အမျိုးသမီးတွေကို မေလ ၂၉ ရက်ကစပြီးတော့ စတင်ခေါ်ယူနေပါတယ်။ လက်ရှိလည်း လေ့ကျင့်ရေး (၆)မှာ အမျိုးသမီးတွေအတွက် အရေးပေါ်ဆိုပါစို့ သင်တန်းတက်ရောက်ရန်အတွက် အဆောင်တွေကို သီးသန့် ဆောက်လုပ်နေတယ်၊ အားချင်းပေါ့နော်။ မအူပင်ခရိုင်တို့ ဘာတို့ဆိုရင် စစ်မှုထမ်းအပတ်စဉ် (၃)မှာ စပြီး မဲနှိုက်နေပါပြီ အမျိုးသမီးတွေကို” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အတည်ပြုလိုက်တဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အသက်အရွယ်သတ်မှတ်ချက် အကျုံးဝင်တဲ့ အမျိုးသမီးတွေကို အပတ်စဉ် (၅) လောက်မှ စခေါ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ချက်ချင်းခေါ်ယူမှာမဟုတ်ကြောင်းလည်း ပြောထားပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ရပ်ကွက်ကျေးရွာအလိုက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အမျိုးသားတွေကို စစ်မှုထမ်းအတွက် နည်းမျိုးစုံနဲ့ ခေါ်ယူနေတဲ့အပြင် ဇွန်လဆန်းပိုင်းကစပြီး အမျိုးသမီးတွေကိုပါ စာရင်းကောက်ယူဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ဒေသခံတွေ ဆိုပါတယ်။
ဟင်္သာတမြို့ပေါ် ရပ်ကွက်တချို့မှာလည်း ဒီလကစပြီး အမျိုးသမီး စစ်မှုထမ်းစာရင်းကောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်လို့ ဟင်္သာတ မြို့ခံတစ်ဦးက ပြောပါတယ်။
"ဟင်္သာတခရိုင်မှာလည်း အုပ်ချုပ်ရေးရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေပြီးတော့ ဒီတစ်ပတ်မှာ အမျိုးသမီးတွေကို ခေါ်မယ်လို့ သတင်းထွက်လာတယ်။ ဒီလထဲပေါ့။ ဟင်္သာတမြို့က တာကလေးရပ်ကွက်တို့၊ လက်သမားရပ်ကွက်တို့၊ ကိုယ်နဲ့ နီးစပ်တဲ့ ဥစ္စာပေါ့။ ဒီ တာငါးဆယ်တောင်ရပ်ကွက်တို့။ လာမဲ့အသုတ်မှာ အမျိုးသမီးတွေပါ ခေါ်မယ်လို့ ဒါ ကိုယ်နီးစပ်တဲ့ ရပ်ကွက်တွေက သတင်းပြန်ကြားရတာပေါ့"
ဒီသတင်းတွေကြောင့် လူငယ်အမျိုးသမီး အများစုကတော့ ပြည်တွင်းက ဘေးလွတ်ရာနေရာတွေနဲ့ ပြည်ပနိုင်ငံတွေဆီ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာ ရှောင်တိမ်းနေကြသလို တချို့ကတော့ စားဝတ်နေရေးနဲ့ အထွေထွေအခက်အခဲတွေကြောင့် အကျပ်ရိုက်နေကြတယ်လို့ ဆိုပါတယ်။
"သူတို့ (အုပ်ချုပ်ရေးအဖွဲ့) ဆီက ခေါ်စာလာတယ်လေ။ ကြက်စားပြင်မှာ နှစ်ယောက်တဲ့၊ မိန်းကလေး နှစ်ယောက်တဲ့။ စစ်မှုထမ်းဖို့ ခေါ်စာလာပြီ"
အလားတူ တနင်္သာရီတိုင်းမှာလည်း အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ယူဖို့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြင်ဆင်နေပါတယ်။ မြိတ်မြို့နယ်မှာဆိုရင် စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ရာအိမ်မှူးတွေကိုတစ်ဆင့် နှုတ်မိန့်နဲ့ ကောက်ခိုင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ထားဝယ်မြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အမျိုးသမီးနှစ်ဦးကို စစ်မှုထမ်းဖို့အတွက် နေအိမ်အထိ ဆင့်ခေါ်စာပို့ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထားဝယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ (အုပ်ချုပ်ရေးအဖွဲ့) ဆီက ခေါ်စာလာတယ်လေ။ ကြက်စားပြင်မှာ နှစ်ယောက်တဲ့၊ မိန်းကလေး နှစ်ယောက်တဲ့။ စစ်မှုထမ်းဖို့ ခေါ်စာလာပြီ။ ကျွန်တော့်အိမ်ဘက်ဘေးက ကောင်လေးတစ်ယောက်ကတော့ ကားမည်းလေးနဲ့ လာပေးတယ်လို့ ပြောတာ။ အဲဒီအိမ်မှာ မိန်းကလေးက မရှိတော့ဘူး။ မရှိဘူး မိန်းကလေးက အစကတည်းက မရှိတာ။ စစ်မှုထမ်းရမှာလို့ စခေါ်ကတည်းက မရှိဘူး။ သူတို့သွားနေတာ ယိုးဒယား (ထိုင်းနိုင်ငံ) သွားတာ။ တချို့ရပ်ကွက်တွေဆိုရင် လူငယ်တွေ မရှိတော့ဘူး"
လက်ရှိမှာလည်း သူနေထိုင်တဲ့ ရပ်ကွက်နဲ့ အနီးပတ်ဝန်းကျင်တစ်ဝိုက်မှာလည်း စစ်မှုထမ်းအတွက် အမျိုးသမီးလူဦးရေစာရင်း ကောက်ယူဖို့ ပြင်ဆင်နေတဲ့သတင်းတွေ ကြားနေရတယ်လို့ အဲဒီထားဝယ်ဒေသခံက ပြောပါတယ်။
အမျိုးသမီးတွေကို စစ်မှုထမ်းအတွက် စာရင်းစကောက်ယူဖို့ ညွှန်ကြားထားခြင်း ရှိ၊ မရှိ သိနိုင်ဖို့ စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး အပါအဝင် တနင်္သာရီနဲ့ ဧရာဝတီတိုင်းက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဖုန်းတွေကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ် ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ သားသမီးရှိတဲ့ အမျိုးသမီးတွေကိုတော့ စစ်မှုထမ်းခွင့်ကနေ ကင်းလွတ်ခွင့်ပြုထားပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေတဲ့ ဗိုလ်ကြီး ကောင်းသူဝင်းကတော့ စစ်မှုထမ်းအတွက်ခေါ်ယူမဲ့ အမျိုးသမီးတွေကို ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ပေးတာထက် ရုံးပိုင်းဆိုင်ရာနဲ့ လက်ရုံးတပ်ဖွဲ့တွေမှာ တာဝန်ပေးနိုင်ခြေရှိတယ်လို့ ပြောပါတယ်။
"သက်ဆိုင်ရာ နောက်တပ်ကနေ လုပ်လို့ရတဲ့ အနေအထားမျိုးတွေ များသောအားဖြင့် လုပ်မယ်ပေါ့နော်။ ရှေ့တန်းထွက်တိုက်တဲ့ဟာတို့ ဒီလိုမျိုး အနေအထားမျိုးတွေကတော့ သိပ်ချက်ချင်းကြီးတော့ တန်းဖြစ်မလာနိုင်သေးဘူးပေါ့။ မြို့လုံခြုံရေးဘာညာ အဲလိုဟာတွေမှာဆိုရင်တော့ သုံးရင်တော့သုံးတယ်။ ဒါပေမဲ့ အရမ်းနည်းတယ်ပေါ့နော်။ အရမ်းကို နည်းနိုင်တဲ့ အနေအထားမျိုး ဖြစ်လိမ့်မယ်"
စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) ဖွင့်လှစ်ခဲ့ပြီး အခု အပတ်စဉ် (၃) အတွက် စုဆောင်းထားတဲ့ အမျိုးသားစစ်မှုထမ်းတွေအားလုံး ဇွန်လ ၂၂ ရက်နေ့ပဲ သက်ဆိုင်ရာသင်တန်းကျောင်းတွေကို ရောက်ရှိနေပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) အတွက် နိုင်ငံတစ်ဝန်းက လူငယ် အမျိုးသား ကိုးထောင်လောက် စုဆောင်းခံထားရပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကာလကို နှစ်နှစ်သတ်မှတ်ထားပြီး ကျွမ်းကျင်ပညာရှင်ကို သုံးနှစ်နဲ့ နိုင်ငံတော်အရေးပေါ်ကာလမှာ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူဟာ တာဝန်မထမ်းဆောင်ဘဲ ငြင်းဆန်ရင် ထောင်ဒဏ် သုံးနှစ်နဲ့ ငွေဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဥပဒေပါ ပြစ်မှုတစ်ခုခု ကျူးလွန်ရာမှာ အားပေးကူညီသူတွေကိုတော့ ထောင်ဒဏ် တစ်နှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။