လုပ်ခတိုးပေမဲ့ မြင့်တက်နေတဲ့ ကုန်စျေးနှုန်းကြောင့် အလုပ်သမားတွေ ကျပ်တည်းနေဆဲ

RFA Burmese
2024.08.15
လုပ်ခတိုးပေမဲ့ မြင့်တက်နေတဲ့ ကုန်စျေးနှုန်းကြောင့် အလုပ်သမားတွေ ကျပ်တည်းနေဆဲ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အလုပ်လုပ်ရန် လာရောက်ကြသည့် စက်ရုံဝန်ထမ်းများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို မြန်မာငွေ ခြောက်ထောင်ကျော် ပေါက်စျေးရှိနေချိန်မှာ စစ်ကောင်စီထပ်တိုးပေးလိုက်တဲ့ တစ်ရက်လုပ်အားခအရ အခြေခံအလုပ်သမားတွေရဲ့ တစ်ရက်ဝင်ငွေဟာ ၆,၈ဝဝ ကျပ်ရှိပြီး ဒါဟာ အမေရိကန် တစ်ဒေါ်လာဝန်းကျင်သာ ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရိပ်ရိပ်မြင့်တက်လာတဲ့ ကုန်စျေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှုကြောင့် လက်ရှိ တစ်ရက်လုပ်အားခ ကျပ် ၆,၈ဝဝ ဟာ အခြေခံအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အကျပ်အတည်းကို မဖြေရှင်းနိုင်ဘူးလို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

“လစဥ် အကြွေးယူပြီး အသက်ဆက်နေရတဲ့ အလုပ်သမားတွေ မနည်းပါဘူး”

လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံတစ်ရုံက အလုပ်သမား မရွှေစင်က သူတို့ရဲ့ တစ်ရက်လုပ်အားခက ဆန်တစ်ပြည်ဖိုးတောင် မရှိဘူးလို့ ပြောပါတယ်။

“သူတို့ပေးတဲ့လစာနဲ့ ကိုယ့်အဆောင်ခနဲ့ ဘာမှမကျန်ဘူး၊ အဆင်မပြေဘူး။ ဆန်တစ်ပြည် ခုနစ်ထောင် ဖြစ်နေတဲ့အချိန်ကြီးမှာ သမီးတို့ရတဲ့လစာက သုံးသိန်းလေးသိန်းနဲ့ ဘာမှလုပ်လို့မရဘူး။ လကုန်တာနဲ့၊ လစာထုတ်ပြီးတာနဲ့ ဝယ်တာခြမ်းတာနဲ့ ဘာမှမကျန်၊ ငွေပြန်ချေး၊ နောက်တစ်လပြန်လုပ်၊ အကြွေးပြန်ဆပ်၊ ပြန်ချေး၊ ဒါနဲ့ပဲ သံသရာလည်နေတာ၊ လုပ်လုပ်စားစား၊ ရရစားစား၊ ဒါတောင် မလောက်ဘူး၊ ပြောချင်တာက လစာလေး တိုးပေးစေချင်တယ်ပေါ့နော်”

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်ကာလအတွင်း အခြေခံစားသောက်ကုန် စျေးနှုန်းတွေ ငါးဆခန့်ထိုးတက်လာပေမဲ့ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာကတော့ လုံလောက်တဲ့အထိ တိုးမလာပါဘူး။


ဆက်နွှယ်သောသတင်းများ

တစ်နေ့လုပ်ခ တစ်ဒေါ်လာခွဲကြောင့် အလုပ်သမားတွေ ထမင်းလျှော့စားနေရ

အနိမ့်ဆုံး တစ်ရက်လုပ်ခ ကျပ်တစ်သောင်း ဝန်းကျင်တိုးဖို့ တောင်းဆို

အနည်းဆုံးလုပ်ခလစာ ကြေညာချက် မရှင်းလို့ အလုပ်ရှင် အလုပ်သမားကြား ပြဿနာဖြစ်နေ


၂ဝ၁၈ ခုနှစ် မေလမှာ အလုပ်သမားဝန်ကြီးဌာနက အနိမ့်ဆုံး တစ်ရက်လုပ်ခ ၄,၈ဝဝ ကျပ် သတ်မှတ်ထားရာကနေ ၂ဝ၂၃ ခုနှစ်မှာ ထောက်ပံ့ကြေး ကျပ်တစ်ထောင်နဲ့ အခုနှစ်မှာ နောက်ထပ် ထောက်ပံ့ကြေး တစ်ထောင် တိုးပေးလိုက်တာကြောင့် အလုပ်သမားတွေရဲ့ တစ်ရက်လုပ်အားခက ၆,၈ဝဝ ကျပ် ဖြစ်လာတာပါ။

စစ်ကောင်စီရဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် အလုပ်သမားတွေအတွက် အပိုထောက်ပံ့ကြေး တစ်ရက်လုပ်အားခ တစ်ထောင်ကျပ်တိုးပေးဖို့ သြဂုတ်လ ၉ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

“ထပ်တိုးရတဲ့ ထောက်ပံ့ကြေး ကျပ်တစ်ထောင်ဟာ အလုပ်သမားတွေကြုံနေရတဲ့ စားဝတ်နေရေးကို မပြေလည်စေပါဘူး”

ဒါဟာ အနိမ့်ဆုံး တစ်ရက်လုပ်အားခ ၄,၈၀၀ ကျပ်ကို တိုးမြှင့်သတ်မှတ်ပေးတာမဟုတ်ဘဲ အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင်စီ နှစ်ကြိမ်ထပ်တိုးပေးလိုက်တာသာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ထောက်ပံ့ကြေးတစ်ထောင် တိုးပေးလိုက်တာကလည်း ကုန်စျေးနှုန်းကို ပိုတက်စေပြီး စျေးကစားသူတွေကြောင့် အခြေခံအလုပ်သမားတွေ ပိုဒုက္ခရောက်ရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

“တစ်ခုခု အမိန့်ထွက်လိုက်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲက ကုန်စျေးနှုန်းတွေတက်တာ ထိန်းမရတော့ဘူး ဖြစ်ဖြစ်သွားတာ။ အလုပ်သမားတွေအတွက်ကတော့ မျှော်လင့်ချက် တော်တော်မဲ့သွားတာပေါ့။ ဘာပြုလို့လဲဆိုတော့ အဲဒီ (တိုးပေးမယ်လို့ပြောလိုက်တဲ့) နေ့ကတင်ပဲ စျေးတွေက တက်သွားတာ။ လုံးဝကို ထင်မှတ်မထားတဲ့ အနေအထားပေါ့နော်။ ဒေါ်လာစျေး၊ အပြင်မှာ ဆန်ဆီစျေး၊ စီးတီးမတ်တို့မှာဆိုရင် ကျွန်မတို့ ထင်တောင်မထားဘူးပေါ့နော်။ အသေးအမွှားလေးကအစ အကုန်လုံးတိုးဝယ်ကြတာ။ ခြင်ဆေးခွေတို့ကအစ ဝယ်လို့မရလောက်တဲ့အထိ ဖြစ်သွားတာ။ ကြိတ်ကြိတ်တိုးပြီး ကုန်စျေးနှုန်း တက်တော့မှာပဲဆိုပြီး။ ပိုက်ဆံကို လက်ထဲမှာကိုင်ထားပြီးတော့ ဝယ်နိုင်တဲ့သူတွေက ဝယ်ပြီးလှောင်ထားမယ်ဆိုရင် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူ၊ လကုန်မှ ဝယ်ရမဲ့ လူတန်းစားတွေအတွက်ကတော့ အရမ်းဒုက္ခရောက်တာပေါ့။ ကုန်စျေးနှုန်းက အဲဒီအချိန် သူတို့ဝယ်မယ်ဆိုတဲ့အချိန်မှာ နှစ်ဆတက်သွားပြီ”

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ စက်ရုံအလုပ်သမားများအား ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ စက်ရုံအလုပ်သမားများအား ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

တစ်ရက်လုပ်ခ အမေရိကန် တစ်ဒေါ်လာသာသာပဲ ရတာကြောင့် လစဥ် အကြွေးယူပြီး အသက်ဆက်နေရတဲ့ အလုပ်သမားတွေ မနည်းဘူးလို့ မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ မတင့်တင့်ဝေက ပြောပါတယ်။

“ရရှိနေတဲ့လုပ်အားခနဲ့ ညီမျှမှုမရှိဘဲနဲ့ ကုန်စျေးနှုန်းတွေက ငါးဆလောက် မြှင့်တက်နေတယ်ပေါ့နော်။ စားဝတ်နေရေး လုံလောက်ဖို့အတွက်ကို အလုပ်ရှင်ကနေပြီးတော့ အဓမ္မ ဖိအားပေးခေါ်တဲ့ အိုတီတွေကိုလည်း ဆင်းနေရတယ်။ အဲဒီလို အိုတီတွေ မတရားဆင်းနေရတာတောင်မှ စားဝတ်နေရေးအတွက် လုံလောက်မှုမရှိလို့ နီးစပ်ရာနေရာက ငွေကြေးကို အတိုးများများနဲ့ ချေးငှားနေတဲ့သူတွေဆီကနေ ငွေကိုချေးပြီးတော့မှ သူတို့မိသားစုရဲ့ ဝမ်းရေးအတွက် အသက်မသေရုံ စားသောက်ဖို့အတွက်ကို ဘဝကိုရုန်းကန်ပြီးတော့ ခက်ခဲများစွာကို ရင်ဆိုင်နေရတာ တွေ့နေရပါတယ်”

အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ Action Labor Rights အဖွဲ့က တာဝန်ရှိသူတစ်ဦးကလည်း ထပ်တိုးရတဲ့ ထောက်ပံ့ကြေး ကျပ်တစ်ထောင်ဟာ အလုပ်သမားတွေကြုံနေရတဲ့ စားဝတ်နေရေးကို မပြေလည်စေဘူးလို့ ပြောပါတယ်။

ကုန်စျေးနှုန်းတက်တဲ့ဟာ မြင်နေရတာပဲလေ။ ကြောက်စရာဖြစ်နေတဲ့ဥစ္စာက တက်တဲ့နှုန်းက မြန်တာ၊ အခုလိုတိုးပေးတဲ့ဟာက ရေတိုဖြေရှင်းတဲ့ပုံစံပဲ ဖြစ်နေမှာပဲ၊ ရေရှည်ဖြေရှင်းတဲ့နည်းလမ်း မဟုတ်တဲ့အတွက် ဒီပြဿနာတွေက ဆက်ပြီတော့ ရှိနေဦးမှာပဲ။ အလုပ်သမားတွေဘက်ကလည်း သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေကိုပြည့်မီတဲ့ လုပ်ခလစာရဖို့ဆိုတဲ့ကိစ္စဟာမျိုးကလည်း အမြဲတမ်း ဖြစ်နေမဲ့သဘောမျိုး တွေ့ရတယ်။

အထည်ချုပ်စက်ရုံတစ်ရုံမှာ လေးနှစ်ခန့်လုပ်ခဲ့တဲ့ မငုဝါကတော့ သူ့မိသားစုအတွက် စက်ရုံကရတဲ့လစာနဲ့ မလုံလောက်တာကြောင့် စက်ရုံကနေ အလုပ်ထွက်ပြီး အပြင်မှာ ရရာအလုပ် လုပ်နေရပါတယ်။

“အထည်ချုပ်စက်ရုံမှာဆိုရင် တစ်ရက်စာပိုက်ဆံဟာ တစ်ဒေါ်လာစာတောင် မရှိဘူး။ အဲဒီစက်ရုံမှာ လေးနှစ်လုံးလုံးသာ လုပ်လာတာ လစာကမတိုးဘူး။ ဆက်သာလုပ်နေမယ်ဆိုရင် ငတ်ဖို့နဲ့ ဘဝပျက်ဖို့ပဲ ရှိတော့တယ်။ ဒါကြောင့် အပြင်မှာ တစ်ပိုင်တစ်နိုင် အလုပ်လေး၊ ကိုယ်ပိုင်အလုပ်လေးကို လုပ်နေရတာပါ”

စက်ရုံအလုပ်သမားတွေဟာ နားရက်အတိအကျမရှိဘဲ လိုအပ်သလို နေ့ည အချိန်ပိုလုပ်ကိုင်ပေးနေရပါတယ်။ ဒါ့အပြင် ခွင့်ယူတဲ့အလုပ်သမားနဲ့ လစာတိုးတောင်းတဲ့ အလုပ်သမားတွေဟာလည်း ဥပဒေမဲ့ အလုပ်ထုတ်ခံနေတာတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။ ဒါပေမဲ့ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝရရေး၊ ခေတ်ကာလနဲ့ကိုက်ညီတဲ့ လုပ်ခလစာရရှိရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို တောင်းဆိုဖို့ အစိုးရတစ်ရပ်မရှိသလို ဒီအရေးတွေကို ဖြေရှင်းပေးနိုင်မဲ့ယန္တရားတွေလည်း ပျက်စီးနေပြီလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေနဲ့ စက်ရုံလုပ်သားတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေး လေ့လာသူတစ်ဦးကတော့ အခုချိန်ဟာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်စလုံးအတွက် ခက်ခဲတဲ့ကာလဖြစ်တယ်လို့ ပြောပါတယ်။

“စီးပွားရေးလုပ်ငန်းရှင်ကလည်း အလုပ်သမားတွေ ရတဲ့လစာနဲ့မလောက်ဘူးဆိုတာကို သိတယ်၊ နားလည်း နားလည်တယ်။ ဒါပေမဲ့ သူတို့ကိုတိုးပေးရအောင် အလုပ်ရှင်ဘက်က ဝင်ငွေကလည်း အရင်လို ကောင်းတာမဟုတ်ဘူး။ အခုလောလောဆယ် သွင်းကုန်၊ ပို့ကုန်တွေမှာ အခက်ခဲတွေရှိတယ်။ သူတို့ကိုယ်တိုင်လည်းရတဲ့ ပိုက်ဆံတွေက သတ်မှတ်ထားတဲ့နှုန်းနဲ့လည်းရမယ်။ အဲဒီတော့ အလုပ်ရှင်တွေကလည်း အရမ်းကို အဆင်ပြေနေတာ မဟုတ်ဘူး။ ဒါကြောင့် မြန်မာပြည်မှာ အခုကစပြီး အလုပ်အကိုင် အခွင့်အလမ်းတွေက တော်တော်လေးကို ရှားသွားပြီ”

အလုပ်ရှင်တွေဘက်က လုံလောက်တဲ့လစာ တိုးမပေးနိုင်တဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ ကျွမ်းကျင်အလုပ်သမားတွေ ရှားပါးလာတဲ့ အကျပ်အတည်းကိုလည်း ရင်ဆိုင်နေရတယ်လို့ သူက ဆိုပါတယ်။ ပြည်ပထွက်ဖို့ အခွင့်အလမ်းမရှိတဲ့ အခြေခံလုပ်သားတွေကတော့ ဒီအကျပ်အတည်းတွေကြားမှာ ရုန်းထွက်နေကြဆဲဖြစ်တယ်လို့ ဆက်ပြောပါတယ်။

အလုပ်သမားတွေရဲ့ လုပ်ခလစာနှုန်းထား မလုံလောက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းနဲ့ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချု ဦးအောင်ဌေးဝင်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ် (UNDP) ရဲ့ ဇွန်လထုတ် အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူဦးရေ ၅၅ ဒသမ ၈ သန်းထဲက ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပါတယ်။ လူပေါင်း ၁၃ သန်းကျော်ဟာလည်း စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်က အလုပ်သမားတစ်ဦးရဲ့ အခြေခံလုပ်ခလစာဟာ အမေရိကန် ဒေါ်လာ ၁၆၀ ခန့်ရှိခဲ့ပေမဲ့ အခုလက်ရှိ ၂၀၂၄ ခုနှစ် သြဂုတ်လမှာ အခြေခံလုပ်ခလစာက အလုပ်သမားတစ်ဦးကို ဒေါ်လာ ၃၀ ကျော်သာ ရရှိတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။