ပညာရေးအတွက် ချေးငွေအပေါ် တပ်မတော်ဝေဖန်

သီဟထွန်း၊ သက်စုအောင်
2019.11.08
students-myitkyina-622.jpg ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆင်းချိန်ကို တွေ့ရစဉ်
Photo: RFA

ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်းကို အကောင်အထည်ဖော်ဖို့ ကမ္ဘာ့ဘဏ်ကနေ ကန်ဒေါ်လာသန်း ၁၀၀ ချေးငွေရယူမယ့်အပေါ် NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ တိုင်းရင်သားပါတီတွေက ထောက်ပြဆွေးနွေးခဲ့ပါတယ်။

မြို့နယ်ပေါင်း ၁၁၅ မြို့နယ်၊ အခြေခံပညာကျောင်းပေါင်း တစ်သောင်းငါးထောင်ကျော်က ကျောင်းသူ၊ ကျောင်းသား သုံးသန့်ခန့်အတွက် ထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ ပညာရေး ဝန်ကြီးဌာနက တင်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆွေးနွေးတဲ့ ကိုယ်စားလှယ် အားလုံးက ချေးငွေရယူတာကို မကန့်ကွက်ပေမယ့် စီမံခန့်ခွဲတဲ့အပိုင်းမှာ လိုအပ်ချက်တွေရှိမှာကို ဦးစားပေးထောက်ပြခဲ့ကြတာပါ။

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး နိုင်မြင့်က နိုင်ငံခြားချေးငွေတွေကို ရယူတဲ့အခါ အကြွေးပင်လယ်မှာ တိုင်းပြည်မနစ်မြုပ်စေဖို့နဲ့ ဘုရင်ကအကြွေးယူ တိုင်းသူပြည်သားတွေက ပြန်ဆပ်လို့မဆုံးဆိုတဲ့ ပုံစံမျိုးမဖြစ်အောင် သတိပြုဖို့ ပြောပါတယ်။

၁၀ စုနှစ်တစ်ခုအတွင်း ဆက်တိုက် ဘတ်ဂျက်လိုငွေပြနေတဲ့၊ လိုငွေဖြည့်တင်းရေး မူဝါဒခိုင်မာမှုမရှိတဲ့ နိုင်ငံအနေနဲ့ နိုင်ငံခြားချေးငွေကို သတိထား ရယူသင့်ကြောင်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားချေးငွေ ကျပ် ( ၂၂၁၃ ) ဘီလီယံအထိ အများဆုံး ချေးငွေစံချိန်တင်ခဲ့တာကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း သတိပေးပါတယ်။

ချေးငွေရယူရေးအပေါ် မူအားဖြင့် သဘောတူပေမယ့် လက်တွေ့သုံးစွဲတဲ့အခါ သတိပြုဖို့ ဝေဖန်ထောက်ပြတာလို့ ဗိုလ်မှူး နိုင်မြင့် က ဆိုပါတယ်။

NLD ပါတီဝင် တနင်္သာရီတိုင်းဒေသကြီးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက တချို့စာသင်ကျောင်းတွေမှာ ကျောင်းသားလူငယ်တွေအကြား မူးယစ်ဆေးဝါး ပျံ့နှံ့နေတဲ့ အန္တရာယ်ကို ကာကွယ်နိုင်ရေး ပညာရေးကဏ္ဍမှာ ထည့်သွင်းစဉ်းစားဖို့ ပြောပါတယ်။

ဒီချေးငွေကို ပြန်ဆပ်ဖို့ ဆိုင်းငံ့ကာလ ငါးနှစ် ပြန်ဆပ်ရမယ့်ကာလက ၂၅ နှစ်၊ စုစုပေါင်း နှစ် ၃၀ ဖြစ်ပါတယ်။ အတိုးက တစ်နှစ်ကို ၁.၂၅ ရာခိုင်နှုန်း၊ ဝန်ဆောင်ခအနေနဲ့ ဝ.၇၅ ရာခိုင်နှုန်းရှိလို့ သင့်တင့်မျှတတယ်လို့ NLD လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောပါတယ်။

၂၀၁၉ ခုနှစ် ပညာရေး မူဝါဒအစီရင်ခံစာအရ အခြေခံပညာကျောင်းတွေမှာ ဆရာ၊ ဆရာမ သုံးသိန်း ခုနှစ်သောင်းကျော်ရှိပြီး၊ ကျောင်းဆရာ လစ်လပ်မှုက တစ်သိန်းလေးသောင်းကျော်ရှိပါတယ်။

အခြေခံပညာမပြီးဆုံးဘဲ မူလတန်းနဲ့ အလယ်တန်းအဆင့်နဲ့ ကျောင်းထွက်ရတဲ့ ကျောင်းသား အရေအတွက်ဟာ ၂၀၁၈နဲ့ ၂၀၁၉ မှာ နှစ်သန်းခန့်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ANP ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းမောင်က တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ကျောင်းထွက်ရတဲ့ ကျောင်းသားအရေအတွက် ပိုများလာတယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကျောင်းကုန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းပေါင်း လေးသောင်းခုနှစ်ထောင်ကျော်မှာ တစ်သောင်းခွဲကျော်သာ ဒီစနစ်ရဲ့ အကျိုးကိုခံစားရမှာဖြစ်လို့ အားလုံးကို လွှမ်းခြုံမှုမရှိဘူးလို့ ပြောပါတယ်။

အစိုးရက ဆောင်ရွယ်မယ့် လူတိုင်းအကျုံးဝင် ပညာရေး အစီအစဉ်အရ ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေကိုလည်း ပညာသင်ကြားနိုင်အောင် ဆောက်ရွက်မယ်လု့ိ သိရပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တချို့ကတော့ အဲလိုလုပ်ဖို့ အစီအစဉ်ရှိရင် ကျောင်းပညာက ကလေးတွေ ပညာရေးအတွက် ကူညီဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကြံပြုကြပါတယ်။

NLD ပါတီက တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးကတော့ ဒေသအခြေအနေကိုသိတဲ့ တိုင်းရင်းသား အမတ်တွေနဲ့ပါ တိုင်ပင်ဆွေးနွေးဖို့ ပြောပါတယ်။  

သမ္မတက ပေးပို့ထားတဲ့ လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း ဆောင်ရွက်ချက် စီမံကိန်းနဲ့ ပတ်သက်လို့ နိုဝင်ဘာလ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။