အနုပညာရှင်တွေ ပြည်သူ့ဘက်က ရပ်မှာလား၊ စစ်ကောင်စီဘက်က ရပ်မှာလား

2021.11.01
အနုပညာရှင်တွေ ပြည်သူ့ဘက်က ရပ်မှာလား၊ စစ်ကောင်စီဘက်က ရပ်မှာလား ရန်ကုန်မြို့မှာ ၂၀၂၁၊ အောက်တိုဘာ ၃၁ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပွဲ တက်ရောက်လာတဲ့ အနုပညာရှင်တွေကို တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

"ကိုယ်တိုင်ရေးပန်းတိုင်" လို့ အမည်ပေးထားတဲ့ အဲဒီသီချင်းစီဒီခွေကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ သီချင်းရေးသူနဲ့ ကဗျာဆရာ စာရေးဆရာ ထိန်လင်း က ထုတ်လုပ်ဖြန့်ချိမှာ ဖြစ်ပါတယ်။

အဲဒီသီချင်းခွေမှာ သီချင်း ၁၂ ပုဒ်ပါဝင်တဲ့အနက် ကိုထိန်လင်း ရေးတဲ့ သီချင်းက ၈ ပုဒ်နဲ့ သီချင်းအားလုံးကို သီဆိုထားတဲ့ အဆိုတော် တာချိုဆု က ၄ ပုဒ် ရေးခဲ့တယ်လို့ ဆိုပါတယ်။ ဝတ်စုံ ဆိုတဲ့ သီချင်းကို သူ ရေးခဲ့တယ်လို့ ကိုထိန်လင်း က RFA ကိုပြောပါတယ်။

“နွေဦးတော်လှန်ရေးကာလမှာ မြန်မာပြည်သူလူထုတွေဟာ ဝန်ထမ်းဆိုလည်း ဝန်ထမ်းဝတ်စုံ၊ ကျောင်းသားတွေလည်း ကျောင်းသားဝတ်စုံ၊ ဆရာဆိုလည်း ဆရာဝန်ဝတ်စုံ အဲဒီမျိုး ဘဝတွေ နဂိုတုန်းက ရှိခဲ့တယ်၊ အဲဒီဘဝတွေက နေပြီးတော့ တော်လှန်ရေးကာလမှာ လူတွေဟာ တိုင်းပြည်ရဲ့ လိုအပ်ချက် အတွက် သူတို့တွေရဲ့ဘဝတွေကို ဝတ်စုံနဲ့အတူတူ ပြောင်းလဲပစ်လိုက်တာပေါ့ဗျာ၊ နောက်ထပ်ဝတ်တဲ့ ဝတ်စုံတွေက မျိုးစုံရှိမယ် CDM ဝတ်စုံတွေလည်း ရှိမယ်၊ PDF ဝတ်စုံလည်းရှိမယ်၊ တော်လှန်ရေးဝတ်စုံ မျိုးစုံကို ပြောင်းပြီး ဝတ်သွားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းပြီးဝတ်တဲ့ ဝတ်စုံနေရာမှာလည်း တိုင်းပြည်ရဲ့ အနာဂတ်တွေ တော်လှန်ရေးတွေ အကုန်လုံးပါသွားတယ် ဆိုတာလေးပေါ့”

မျိုးနဲ့မြေ ဆိုတဲ့သီချင်းကတော့ အဆိုတော် တာချိုဆု ကရေးတယ်လို့ သိရပါတယ်။ မျိုးစေ့နဲ့ မြေကြီး ၂ ခုလုံးကောင်းမှ သစ်ပင်တွေ ရှင်သန်မယ်လို့ ဆိုပါတယ်။

ကိုယ်တိုင်ရေးပန်းတိုင် သီချင်းတစ်ပိုင်းတစ်စမှာတော့ မွှေးမြတဲ့ပန်းတွေ ရဖို့အတွက် ကိုယ်တိုင်စိုက်ရမယ် ဆိုတဲ့ နှိုးဆော်သံတွေကို ကြားရမှာပါ။

လုံခြုံရေးအရ ပြည်တွင်းမှာ နေရာဒေသ၊ ပါဝင်သူတွေ မဖော်ပြဘဲ လျှို့ဝှက် သွင်းယူခဲ့တဲ့ ဒီသီချင်းခွေကို လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ ဖြန့်ချိတဲ့အခါ အမေရိကန်ပြည်ထောင်စုမှာတော့ စီဒီတစ်ချပ်ကို ဒေါ်လာ ၂ဝ နဲ့ ရောင်းမှာဖြစ်ပြီး ရရှိငွေတွေကို နွေဦးတော်လှန်ရေးအတွက် သုံးစွဲမယ်လို့ ကိုထိန်လင်းက ပြောပါတယ်။ ကိုထိန်လင်းဟာ နှစ်ကြိမ်ဖမ်းဆီးခံခဲ့ရဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး CDM ဝန်ထမ်းတွေ အတွက် NUG အစိုးရကို ထောက်ပံ့ငွေ ကူညီရှာဖွေပေးနေသူပါ။

ဒီအတောအတွင်းမှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရုပ်ရှင်၊ ဂီတ၊ သဘင်နဲ့ စာပေနယ်ပယ်က အနုပညာရှင်တချို့ကို အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ဆုံပြီး နယ်ပယ်တခုစီအတွက် ငွေကျပ်သိန်း ၁ဝဝဝ စီ ထောက်ပံ့ပေးကမ်းခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၈၈ အရေးတော်ပုံအပြီးမှာ အနုပညာသည်တွေကို အာဏာသိမ်း စစ်တပ်ခေါင်းဆောင်တွေက အလားတူ စည်းရုံးခဲ့ပြီး စစ်တပ်အလိုတော်ရိ အနုပညာသည်တချို့ ချမ်းသာကြွယ်ဝ သွားခဲ့ကြတဲ့ အစဉ်အလာ ရှိပါတယ်။

လွတ်မြောက်နယ်မြေတစ်နေရာရောက် ကာတွန်းဆရာ မောင်မောင်ဖောင်တိန် ကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံပွဲမှာ သူတို့ ကာတွန်းဆရာတွေ မပါဘူးလို့ RFA ကို ပြောပါတယ်။

“ဒီပွဲမှာ ရန်ငါ ပြတ်သွားတဲ့ ဥစ္စာလေးကိုတော့ ဝမ်းသာတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ ကာတွန်းဆရာတွေကတော့ ပြည်သူ့ဘက်ကပဲ အမြဲတမ်းရပ်ကြတဲ့ ကာတွန်းဆရာတွေမို့လို့ ဒီဥစ္စာမှာ မပါတဲ့ဟာ ပိုပြီး ထင်ရှားသွားခဲ့တာ ဂုဏ်ယူမိပါတယ်”

အမေရိကန်ပြည်ထောင်စုကို ခိုလှုံနေထိုင်ခွင့်နဲ့ မကြာခင်က ရောက်ရှိလာခဲ့တဲ့ ကာတွန်းဆရာ လဂွမ်းအိမ် ကလည်း အနုပညာသည်ဆိုတာ ပြည်သူနဲ့ ကင်းကွာလို့မရဘူးလို့ ဝေဖန်ပါတယ်။

“ပြည်သူဘက်မှာ မရပ်တဲ့သူတွေက အရှက်မရှိတဲ့သူတွေလို့ပဲ မြင်ပါတယ်။ ရှေ့မှာလည်း အဲလိုလူတွေ ရှိပြီးသား။ အဲလိုလူတွေဟာ သမိုင်းသေသွားကြတယ် ပြည်သူကလက်မခံရင် အနုပညာသမားဆိုတာ သူတို့သမိုင်း သေသွားတယ်၊ သူတို့ ပျောက်ကွယ်သွားကြတာပါပဲ”

အခုလိုပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး ထံက ကူညီငွေ ရယူခဲ့တဲ့ အနုပညာသမားတွေနဲ့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုချက်တွေ ကို လတ်တလော မရရှိနိုင်သေးပါဘူး။ သီချင်းရေးတဲ့ ကိုထိန်လင်းကတော့ လူထုရဲ့အောင်ပွဲကို မြင်နေရပြီလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။