ရန်ကုန်မှာ စားအုန်းဆီအတွက် သမဝါယမစနစ် စတင်ကျင့်သုံး
2024.09.04
[Update: 4: 15 PM, Sep 4, 2024]
ရန်ကုန်မြို့မှာ စက်တင်ဘာလ ၄ ရက် ဒီနေ့ကစပြီး စားအုန်းဆီကို သမဝါယမစနစ်ပုံစံ စာအုပ်တွေနဲ့ တန်းစီ ဝယ်ယူနေရပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ သမဝါယမ စနစ်က အသင့်တော်ဆုံးဖြစ်ကြောင်း ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြောလိုက်ပြီးနောက်ပိုင်း အခုလို ဖြစ်လာတာပါ။
ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စားအုန်းဆီဝယ်ယူခွင့်စာအုပ်တွေကို တစ်အုပ် နှစ်ထောင်ကျပ်နဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေက စလုပ်ပေးခဲ့တာပါ။
"အပြိုင်အဆိုင်တောင် ရောင်းနေကြတဲ့ ပစ္စည်းတွေကို ကိုယ်ကဒီမှာ ခွဲတမ်းနဲ့ တန်းစီယူရမဲ့စနစ်တို့ ဘာတို့ဖြစ်သွားတယ်ဆိုတာ ဘယ်ခေတ်ကို ရောက်သွားလဲဆိုတာသာ ပြန်တွေးကြည့်လိုက်တော့”
ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အိမ်ရှင်မတွေကတော့ အခုလို သမဝါယမစနစ်ပုံစံနဲ့ ရောင်းနေတာဟာ ခေတ်နောက်ပြန်သွားသလိုဖြစ်နေပြီး အချိန်ကြန့်ကြာမှုနဲ့ လိုသလောက်ဝယ်မရတဲ့ အခက်အခဲတွေရှိနေတယ်လို့ RFA ကို ပြောပါတယ်။
လက်ရှိ ပြင်ပစျေးကွက်မှာ စားအုန်းဆီတစ်ပိဿာကို ၁၆,၀၀၀ ကျပ်အထိ မြင့်တက်နေတာတာပါ။
ဒါကြောင့် အခြေခံလူတန်းစားတွေကတော့ စစ်ကောင်စီရောင်းပေးတဲ့ တစ်ပိဿာကို ကျပ် ၇၀၀၀ ခန့်စျေးနဲ့ ဆီငါးဆယ်သားရဖို့ ဆီစာအုပ်နဲ့ တန်းစီဝယ်ယူနေကြရပါတယ်။
စာအုပ်နဲ့ ဝယ်တဲ့အခါ အချိန်ကြာမြင့်စွာစောင့်ရပြီး တစ်အိမ်ထောင်ကို ဆီငါးဆယ်သားပဲ ရောင်းပေးတာကြောင့် အဆင်မပြေဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လမ်းမတော်မြို့နယ်မှာ စားအုန်းဆီ တန်းစီဝယ်ယူနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
“အန်တီတို့ကကျတော့ တန်းစီရမှာ စာအုပ်နဲ့။ လုပ်ငန်းသုံးတွေ ဘာတွေဆိုရင်တော့ သားရယ် သူကပေးတယ်။ နှစ်ပိဿာ၊ သုံးပိဿာ အဲလိုပေးတယ်။ အန်တီတို့တွေက စားတဲ့သူတွေဆိုတော့လေ သူက တစ်နေ့ကိုမှ ငါးဆယ်သားပဲ။ တစ်ပိဿာပေးရင် သားရယ် လာတန်းမစီတော့ဘူး။ တစ်ပတ်နေမှပဲ တန်းစီတော့မယ်။ တချို့ဆိုရင် ခြောက်နာရီ၊ တချို့ဆိုရင် ဟို ငါးနာရီလောက်ကတည်းက လာစောင့်နေကြတာတွေ”
ပြီးခဲ့တဲ့လကစပြီး စားအုန်းဆီကို စစ်ကောင်စီသတ်မှတ်တဲ့ ရည်ညွှန်းစျေးနဲ့ဝယ်ဖို့ ကိုယ်နေထိုင်တဲ့ ရပ်ကွက်ရုံး ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းမိတ္တူနဲ့ ဧည့်စာရင်းမိတ္တူတွေယူပြီး ဝယ်ယူခဲ့ရတာပါ။
ဒီနေ့မှာတော့ ဆီစာအုပ်နဲ့သာ စတင်ဝယ်ယူကြရပြီး နောက်ရက်တွေမှာလည်း ဆီစာအုပ်မပါရင် ဆီဆိုင်တွေက ရောင်းပေးတော့မှာ မဟုတ်ဘူးလို့လည်း လမ်းမတော်မြို့ခံတွေက ပြောပါတယ်။
စားအုန်းဆီဈေးကွက်ကို ထိန်းချုပ်ပြီး သမဝါယမပုံစံ ခွဲတမ်းနဲ့ ရောင်းချနေတာဟာ မှောင်ခိုစျေးကွက် ကြီးထွားလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဒါ မှောင်ခိုပစ္စည်းလည်း မဟုတ်ဘူး။ ဘာမှ ခက်ခဲတဲ့ပစ္စည်းလည်း မဟုတ်တဲ့ဟာကို နောက်ပြီး ကမ္ဘာကြီးမှာလည်း ရှားပါးနေတာ မဟုတ်ဘူး။ ကမ္ဘာကြီးမှာ ပေါသောနေတဲ့ ဓာတ်ဆီတို့၊ စားအုန်းဆီတို့ ပြောရင် ရယ်တောင် ရယ်စရာကြီး။ အပြိုင်အဆိုင်တောင် ကမ္ဘာကြီးမှာ ရောင်းနေကြတဲ့ ပစ္စည်းတွေကို ကိုယ်ကဒီမှာ ခွဲတမ်းနဲ့ တန်းစီယူရမဲ့စနစ်တို့ ဘာတို့ဖြစ်သွားတယ်ဆိုတာ ဘယ်ခေတ်ကို ရောက်သွားလဲဆိုတာသာ ပြန်တွေးကြည့်လိုက်တော့”
စစ်ကောင်စီဟာ စားအုန်းဆီတင်သွင်းမှုနဲ့ပတ်သက်လို့ ကန့်သတ်လာတာ၊ ဒေါ်လာဈေးအမြင့်နဲ့ ဝယ်ယူရတဲ့ ကုန်သည်တွေက ဈေးကွက်ပေါက်စျေးအတိုင်း ရောင်းရာမှာလည်း ဖမ်းဆီးအရေးယူတာတွေ ရှိတာကြောင့် စားအုန်းဆီတင်သွင်းမှု ထက်ဝက်ကျဆင်းသွားတယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒါ့အပြင် စားအုန်းဆီတင်သွင်းဖို့ လိုအပ်တဲ့ အမေရိကန်ဒေါ်လာကို စစ်ကောင်စီက ထိန်းချုပ်ထားတာကြောင့်လည်း စားအုန်းဆီရှားပါးမှုနဲ့ ရင်ဆိုင်လာရပြီး ဈေးတွေပါ မြင့်တက်လာတာလို့ ဆိုပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ထမင်းဆိုင်ဖွင့်ထားသူတစ်ဦးကတော့ ခွဲတမ်းရတာနည်းတာကြောင့် ပြင်ပကပဲ ဝယ်ချက်လိုက်တယ်လို့ RFA ကို ပြောပါတယ်။
“တိုးရတာလည်း အချိန်တွေပေးပြီး တိုးရတယ်။ ရတော့ ငါးဆယ်သား။ ဘာလုပ်မှာလဲ။ ငါတော့ သွားမတိုးဘူး။ အချိန်ကုန်လို့လေ။ ငါးဆယ်သားလေးနဲ့ ငါဘာလို့ သွားတိုးတော့မှာလဲ။ အဲဒီ ငါးဆယ်သား သွားတိုးနေတဲ့အချိန်မှာ ဒီမှာ ထမင်း၊ ဟင်း ငါးအိုးကျက်တယ်။ အဲဒီတော့ အပြင်မှာ ၁၅,၅၀၀ နဲ့ပဲ ဝယ်ပြီးတော့ ချက်ရောင်းလိုက်တယ်”
ဆက်နွှယ်သောသတင်းများ
သမဝါယမ စနစ်ဟောင်းကို ပြန်အသက်သွင်းဖို့ စစ်ခေါင်းဆောင် စီစဉ်
အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စားအုန်းဆီဈေး ငါးဆအထိ မြင့်တက်လာ
စစ်တပ်အာဏာမသိမ်းခဲ့ရင် မြန်မာ့စီးပွားရေး ဘယ်လိုဖြစ်မလဲ
စစ်ကောင်စီကတော့ စားအုန်းဆီရည်ညွှန်းစျေးကို စက်တင်ဘာလ ၂ ရက်ကနေ စက်တင်ဘာလ ၈ ရက်နေ့အထိ တစ်ပိဿာ ၆၄၉၀ ကျပ် သတ်မှတ်ထားပါတယ်။
ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ ရပ်ကွက် (၁၂) ခုမှာလည်း ဆီစာအုပ်တွေကို အုပ်ချုပ်ရေးမှူးရုံးတွေကနေ ထုတ်ပေးထားပြီး သုံးရက်ခြား တစ်ခါ ရောင်းပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဗိုလ်တထောင်မြို့မှာ စားသုံးဆီဆိုင်ဖွင့်ထားသူကတော့ စားသုံးဆီတင်သွင်းမှု ထက်ဝက်လျော့လာတာကြောင့် စျေးနှုန်းကြီးလာပြီး စာအုပ်နဲ့ထုတ်ရတဲ့ အရင်သမဝါယမပုံစံဖြစ်လာတာလို့ RFA ကို ပြောပါတယ်။
“ဈေးမှာက စာအုပ်ရှိရင် လာထုတ်တယ် စာအုပ်ပြပြီးတော့။ အဲဒီရောင်းတဲ့သူက လူဦးရေကြည့်ပြီးမှ ငါးဆယ်သား၊ တစ်ပိဿာ အဲဒီလို ပေးလိုက်တာပေါ့။ အရင် သမဝါယမစနစ်ဆိုရင် အကုန်ရတာပေါ့နော်။ ဆန်ရော၊ ဆီရော၊ ဘာညာ ဆပ်ပြာ။ သူက မဟုတ်ဘူး။ ဆီတစ်မျိုးတည်းပဲလေ။ ဒါပေမဲ့ သိပ်ပြီးတော့ မကွာလှပါဘူး။ သူတို့ ဆီလက်မှတ်ပြပြီး ထုတ်ယူတာနဲ့။ ဒါပေမဲ့ ဒီမှာကျတော့ နည်းနည်းသာတာပေါ့ အစ်ကိုရာ။ တစ်ရက်ခြား၊ နှစ်ရက်ခြား ထုတ်လို့ရတယ်”
မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတစ်ဦးကလည်း မြန်မာနိုင်ငံမှာ စားအုန်းဆီကို ဆီစာအုပ်ပါမှ ရောင်းချပေးနေတဲ့ လက်ရှိစနစ်ဟာ သမဝါယမစနစ်ပုံစံမျိုးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း စားသုံးသူရေးရာဦးစီးဌာနမှူးရုံးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်တွေအရ မြန်မာနိုင်ငံကို ပြည်ပကနေ စားအုန်းဆီ တင်သွင်းမှုဟာ ၂၀၂၁ ခုနှစ်မှာ တန်ချိန် ၃ ဒသမ ၁ သိန်းကျော်ရှိခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာ တန်ချိန် ၂ ဒသမ ၃ သိန်းကျော်သာ ရှိတော့တာပါ။