ရန်ကုန်မြို့သစ်စီမံကိန်း သိမ်းမြေအချို့ ပြန်ပေး

ရန်ကုန်မြို့သစ်စီမံကိန်းနယ်မြေထဲက မြေသိမ်းခံရသူတချို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယာယီ မြေသိမ်းမိန့်နဲ့ မြေ ၂၀ % ဒီကနေ့ ပြန်လည်ပေးအပ်လိုက်ပါတယ်။

လယ်မြေအဖြစ် သိမ်းခဲ့ပေမယ့် ဒီကနေ့ ပြန်ပေးရာမှာ ဈေးနှုန်းပိုများတဲ့ မြို့ပြမြေအဖြစ် သတ်မှတ်ပေးအပ်ခဲ့တာပါ။

ကြည့်မြင်တိုင်တဘက်ကမ်းက ဝါးရုံဆိပ်ရပ်ကွက်ဒေသခံ ၁၈၀ ကျော်ဆီက သိမ်းထားတဲ့လယ်မြေ ဧက ၁,၅၁၄ ထဲက ၂၀ ရာခိုင်နှုန်းကို မြို့မြေအဖြစ် ပြန်လည်သတ်မှတ်ပြီး ဘလုတ်ညွန့်ရပ်ကွက် အနောက်မှာရှိတဲ့အကွက်အမှတ် ၁၅၉ မှာ ပြန်လည်နေရာချပေးခဲ့တာပါ။

ကြည့်မြင်တိုင် တဘက်ကမ်းက မြေဧက ၃ သောင်းကျော်မှာ အကောင်အထည်ဖော်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် တိုင်းအစိုးရအဖွဲ့က တည်ထောင်ထားတဲ့ ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ NYDC က တရုတ်နိုင်ငံ CCCC စီလေးလုံးကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ အဲဒီ တရုတ် စီလေးလုံး ကုမ္ပဏီကို ၂၀၁၇ ခုနှစ်အထိ အမည်ပျက်စာရင်းသွင်းထားခဲ့တာပါ။

တိုင်းအစိုးရအနေနဲ့ မြို့သစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေပေမယ့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ထောက်ပြကန့်ကွက်နေကြပါတယ်။

ကန့်ကွက်နေပေမယ့် အစိုးရက နောက်ဆုတ်မယ့် အရိပ်အယောင် မပြပါဘူး။

ဒေသခံတချို့ကို မြေပြန်ပေးတဲ့ အခမ်းအနား ဒီကနေ့ မနက်ပိုင်း ကြည့်မြင်တိုင်မြို့နယ် ဘလုတ်ညွန့်ကျေးရွာ၊ ခါတော်မီ ဘုန်းကြီးကျောင်းမှာ ပြုလုပ်ရာမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပါတယ်။

အခုလို မြေပြန်ပေးဖို့ စီစဉ်တာဟာ စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ငန်းစဉ်အဆင့်တစ်ခု တက်လှမ်းတာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

"ဒီဘက်အခြမ်းမှာဆိုရင် ရန်ကုန်မြို့သစ်စီမံကိန်းကို ကျွန်တော်တို့စတင်ပါမယ်၊ ပြီးရင်ဒလမြို့သစ်စီမံကိန်းကို စတင်ပါမယ်၊ ပြီးရင် ရန်ကုန်အထူးစီးပွားရေးဇုန်တွေကို ကျွန်တော်တို့စတင်သွားမှာဖြစ်ပါတယ်၊ ဒီအတွက် ဒီစီမံကိန်းတွေကို ဆောင်ရွက်ဖို့အတွက် ဒါ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီနေ့ လုပ်ငန်းစဉ်အဆင့် ကို တက်လှမ်းတာဖြစ်ပါတယ်၊ ဒီနေရာမှာ ပိုင်ဆိုင်တဲ့သူတွေကို မြေပြန်ပေးမယ်၊ ဒီမြေဟာလယ်မြေ မဟုတ်တော့ ပါဘူး၊ မြို့မြေဖြစ်သွားပြီဖြစ်ပါတယ်၊ အခုပထမအဆင့်အနေနဲ့ ပိုင်ဆိုင်မှုကို ခိုင်မာမှုရနိုင်ဖို့အတွက် ကျွန်တော်တို့ အခု မြို့မြေအဖြစ်နဲ့ ကျွန်တော်တို့စလစ်စပြီး ထုတ်ပေးလိုက်မှာဖြစ်ပါတယ်၊ ဒါဟာပိုင်ဆိုင်မှု ဒီကနေမှတဆင့် ဂရန်ကိုဆက်ပြောင်းလဲနိုင်ဖို့အတွက် ဒါကျွန်တော်တို့ ဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။"

ဝါးရုံဆိပ်ရပ်ကွက်ဒေသခံ ဦးခင်ဇော်က လယ်မြေဧက ၂၀ ကျော်အသိမ်းခံရပြီး ဈေးပိုမြင့်သွားတဲ့ မြို့မြေအဖြစ် ၄ ဧကပြန်ရလို့ဝမ်းသာနေပေမယ့် စီမံကိန်းမဖြစ်မှာကိုတော့ စိုးရိမ်နေပါတယ်။

"မဖြစ်ရင်တော့စိုးရိမ်တာပေါ့၊ မဖြစ်ရင်တော့ တို့အလကားကောင်တွေပဲဖြစ်သွားမှာပေါ့၊ ဖြစ်မယ်ဆိုရင်တော့ တို့တန်ဖိုးရှိတဲ့ လယ်သမားတွေဖြစ်ကုန်ကြမှာပေါ့၊ ဘာလို့ဆိုလယ်က ဘယ်လိုမှလုပ်လို့မရ၊ ဒါပေမဲ့ ဟိုဘက် တခြမ်းမှာ မြို့သစ်မတည်တဲ့ဘက်တွေမှာ တစ်ချို့ကနည်းနည်းရောင်းပြီး သွားဝယ်ကြတယ်၊ သူတို့က လယ်လုပ်ရမယ့်သူက လယ်လုပ်ရမယ့်သူတွေရှိတာကိုး၊ မလုပ်ဖြစ်ရင်တော့ စိုးရိမ်တာပေါ့ ကိုးယိုးကား ယားတွေဖြစ်ကုန်မှာပေါ့။"

လယ်မြေဧက ၃၀ အစား မြို့မြေအဖြစ် ၃ ဧကပြန်ရခဲ့တဲ့ နောက်ထပ် ဝါးရုံဆိပ်ဒေသခံ ဒေါ်ခင်နွဲ့က မြို့သစ်စီမံကိန်းဖြစ်မယ်လို့ ယုံကြည်နေတဲ့အတွက် အခုပြန်ရတဲ့ မြေနေရာတွေကိုပဲ ရောင်းချပြီး ရှိတာလုပ်ကိုင်စားမယ်လို့ဆိုပါတယ်။

"ဘာလုပ်ကိုင်စားရမလဲဆိုတော့ ဒီလိုပေါ့၊ ရတဲ့ဟာတွေရောင်းချပြီးတော့ ရင်းနှီးစာေးပါ့၊ ဒါပဲရှိတာပဲ၊ ဒီလိုပဲ မြို့သစ်စီမံကိန်း ဖြစ်မယ်လို့ပဲသိထားတာပေါ့လေ၊ တို့ကတော့ ဘယ်သိမလဲ လယ်သမားတွေဆိုတော့လေ မြို့သစ်စီမံကိန်းဖြစ်မယ်လို့ပဲ အောင်မြင်ဖို့ပဲစောင့်နေကြတာပေါ့လေ၊ ဒီလိုပေါ့ အများနဲ့ပဲဟာ အစိုးရကလည်း အများနဲ့ပဲလေ မတတ်နိုင်ဘူးလေ ဟုတ်တယ်မလား၊ သူတို့လည်းဖြစ်အောင်တော့ လုပ်နေကြတာပါပဲ။"

ရန်ကုန်တိုင်းဒေသကြီးမှာ အကောင်အထည်ဖော်မယ့် စီမံကိန်းဧရိယာတွေထဲမှာပါဝင်လို့ အသိမ်းခံရတဲ့ မြေနေရာတွေကို မြေနေရာအစားပြန်ပေးနေသလို အစားပြန်ပေးစရာနေမရှိတဲ့ ဧရိယာတွေအတွက်လည်း မြေယာလျှော်ကြေးတွေ ပြန်လည်ပေးအပ်နေတယ်လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကျပ်ငွေ ၇ ဘီလျံကျော် မြေယာလျော်ကြေးတွေပေးအပ်ခဲ့လို နောက်ထပ် ကျပ်ငွေ ၃၀ ဘီလျံကျော်ထပ်လျော်ဖို့ ပြင်ဆင်နေပြီး လာမယ့် ဧပြီလမှာတော့ ကျပ်ငွေ ဘီလျံ ၂၀၀ အထိလျော်ပေးဖို့ရှိတယ်လို့ ဦးဖြိုးမင်းသိန်းကဆိုပါတယ်။

ဒီလိုအကောင်အထည်ဖော်နေတာတွေအပေါ် ဘလုတ်ညွန့်ရပ်ကွက်မှာနေထိုင်တဲ့ မမွန်မွန်ရီက သေသေချာချာ သိပါသလား

"ပြောသံကတော့ အမတို့ငယ်ငယ်လေးကတည်းက ကြားတာဆိုတော့ တစ်သက်ရှိပြီဆိုပါတော့၊ အခုလက်ရှိတော့ အမတို့ကတော့ သူတို့က အသံတွေတော့ကြားတယ် အကောင်အထည်ဖော်ခြင်း မဖော်ခြင်းကတော့ အမတို့ တိတိကျကျမသိသေးဘူး၊ ဟိုအသံတွေကတော့ အမြဲတိုင်း ဒီအသံတွေကတော့ အမြဲကြားတယ်ပေါ့၊ ဒီလိုနွေဦး ရာသီပေါက်လာပြီဆိုတော့ ဒီအသံတွေကတော့ အမြဲကြားတယ် အမတို့၊ လုပ်ချင်တယ်ပေါ့ ဘာလို့ဆို ရန်ကုန်မြို့ နဲ့ အနီးစပ်ဆုံးဖြစ်သည့်အတွက် အမတို့ရန်ကုန်မြို့ရဲ့ လူတန်းစားထဲမှာ ပါဝင်ချင်တယ်၊ အခုကျတော့အမတို့က တဘက်ကမ်းဆိုပြီးတော့ ကျောင်းတွေဘာတွေသွားတက်ရင် အမတို့သားသမီးတွေ အနှိမ်ခံရတယ်၊ အပြောခံရ တယ်၊ မိုးတွင်းဆိုရင် အမတို့ သမ္မာန်နဲ့သွားတဲ့အခါကြရင် အသက်အန္တရာယ်တွေရှိတယ်။"

အရင်က မြို့သစ်ကနေရရှိလာမယ့် အကျိုးအမြတ်တွေနဲ့ လက်ရှိရန်ကုန်မြို့ကြီးရဲ့ အခြေခံလိုအပ်ချက် Infrastructure တွေကို ဖြည့်ဆည်းပေးမယ်လို့ ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ရန်ကုန်မြို့ရဲ့ အခြေခံလိုအပ်ချက် Infrastructure တွေကို အရင်ဆုံး ဖြည့်ဆည်းပေးဖို့ ပိုအရေးကြီးတယ်လို့ ဝေဖန်မှုတွေရှိနေတဲ့ကြားကပဲ ဝန်ကြီးချုပ်ကတော့ မြို့သစ်စီမံကိန်းကြီးပေါ်ပေါက်လာဖို့နဲ့ မြို့သစ်ကို လာရောက်လည်ပတ်တဲ့အခါ မြို့ဟောင်းကို အမွေအနှစ်တွေလေ့လာစရာအဖြစ်ပဲ ထားစေချင်နေ ပါတယ်။

"မြို့ဟောင်းကိုတော့ မြို့ပြအမွေအနှစ်တွေကိုထိန်းသိမ်းပြီး ကျွန်တော်တို့ ရန်ကုန်မြို့ကိုရောက်လာကြပီဆိုရင် အားလုံးဟာ ရန်ကုန်မြို့ဟောင်းကိုလေ့လာလို့ရမယ် မြို့ပြအမွေအနှစ်တွေကို၊ ဒါကျွန်တော်တို့ အပြာရောင် ကမ္ဗည်းပြားတွေကို ကပ်ထားတဲ့ မြို့ပြအမွအနှစ်အဆောက်အဦတွေရှိပါတယ်၊ မြို့တော်ခန်းမ၊ ကျွန်တော်တို့ ဆူးလေဘုရားဘေးမှာရှိတဲ့ တိုးရစ်ဘားမားအဆောက်အဦကြီး၊ အတွင်းဝန်များရုံး ဒီလိုမြို့ပြအမွေအနှစ်တွေ ကမ်းနားလမ်းတကျောမှာရှိနေတဲ့ မြို့ပြအမွေအနှစ်တွေ လေ့လာနိုင်မယ်၊ ပြီးရင် ရန်ကုန်မြို့ရဲ့မြစ် အနောက် ဘက်အခြမ်းမှာရှိတဲ့ မြို့သစ်ကြီးရဲ့ဖွံ့ဖြိုးတိုးတက်နေတဲ့ စီးပွားရေးဆိုင်ရာအဆောက်အအုံတွေနဲ့ တိုးတက်နေ မှုတွေကို လာပြီးရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းတွေကို ကျွန်တော်တို့ ဖန်တီးပေးသွားမှာဖြစ်ပါတယ်။"

ဒေသခံလူဦးရေ ၂ သန်းကို အလုပ်အကိုင်ဖန်တီးပေမယ်ဆိုတဲ့ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ (သန်းထောင့်ငါးရာ) ခန့် ကုန်ကျမယ့် ဒီစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် သြဂုတ်လမှာ မြို့တော်ဝန်ဟောင်း ဦးလှမြင့်က တင်ပြခဲ့တာဖြစ်ပြီး ကုမ္ပဏီ ၃ခုကို လုပ်ပိုင်ခွင့်ချပေးခဲ့ပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ဝိုင်းကန့်ကွက်ခဲ့လို့ ရပ်နားခဲ့ရပါတယ်။

ဒါပေမဲ့ လက်ရှိအာဏာရ NLD အစိုးရလက်ထက်မှာ စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ဖို့ ကြည့်မြင်တိုင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ကို ပြန်လည်တင်သွင်းခဲ့ရာမှာတော့ အဆိုကို ဆွေးနွေးဖို့ လက်ခံခဲ့တာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြသည်)