အာဏာသိမ်းပြီးနောက် အနာဂတ်ပျောက်ဆုံးနေတဲ့ လူငယ်များ
2024.06.18
စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် လူငယ်တချို့ဟာ ပြည်တွင်းကအလုပ်ကို စွန့်လွှတ်ခဲ့ရပြီး ပြည်ပကိုရောက်လာပေမဲ့ ဘဝက ထင်သလောက် မလွယ်ကူလှပါဘူး။
လုံခြုံရေးအရ ကိုလင်းလို့ အမည်လွှဲထားတဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးက ထိုင်းနိုင်ငံမှာ တရားမဝင်နေရတဲ့ အခြေအနေကနေ ဘဝကိုပြန်စဖို့ ကြိုးစားနေရပါတယ်။
“ကျွန်တော် အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပရော်ဖက်ရှင်နယ်ကျကျ အသက်မွေးမယ်လို့ တွေးထားတာ။ ဒါပေမဲ့ အာဏာသိမ်းမှုဖြစ်ပြီးနောက် ဒါတွေကိုစွန့်လွှတ်ခဲ့ရပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်တာဖြစ်တဲ့အတွက် အလုပ်လုပ်လို့မရဘူး။ ကျွန်တော် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေက အဖြောင့်အတိုင်း မသွားတော့ဘူး။ တစ်ဝက်တစ်ပျက်တွေ ဖြစ်ကုန်တယ်။ အခုအချိန်အထိကို ပြန်ပြီးတည်လို့မရဘူး”
အရင်က ဘဝရည်မှန်းချက်တွေ ရှိကြတဲ့လူငယ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ သူတို့ရဲ့ရည်မှန်းချက်တွေ ပျောက်ဆုံးသွားသလို သူတို့ရဲ့ဘဝတွေလည်း တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတယ်။
“ကိုယ်ပိုင်လွတ်လပ်မှုနဲ့ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းချင်တဲ့အတွက် ဒီလမ်းကိုလျှောက်နေတာပါ”
အာဏာမသိမ်းခင်က Graphic Designer အလုပ်နဲ့အသက်မွေးနေတဲ့ ကိုအောင်မင်းမြတ်ဟာလည်း တစ်ချိန်မှာ ဝန်ဆောင်မှုပေးတဲ့ အေဂျင်စီတစ်ခုဖွင့်ဖို့ ရည်ရွယ်ထားတဲ့သူပါ။
အာဏာသိမ်းလိုက်ပြီးနောက်မှာတော့ သူ့ရဲ့ရည်ရွယ်ချက်၊ အိပ်မက်တွေ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
“သုံးနှစ်ကာလအတွင်းမှာ ဘယ်လိုမှ ရပ်တည်လို့မရတဲ့ အခြေအနေတွေ ရှိခဲ့တယ်။ ဘယ်လိုမှ ရှေ့ဆက်လို့မရတဲ့ အခြေအနေတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ ရအောင်တော့ ရှေ့ဆက်ခဲ့တယ်။ အခုကျတော့ မိဘနဲ့လည်း ဝေးတယ်။ အိမ်နဲ့လည်း ဝေးတယ်။ အကုန်လုံးနဲ့ ဝေးတယ်ဆိုတော့ ဘာမှမရှိတော့ဘူး။ ဘဝက သုညပါပဲ”
နိုင်ငံခြားမှာ ပညာတော်သင်ဘဝနဲ့ ကျောင်းတက်ဖို့ရည်မှန်းခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် မအိဇင်ဟာ စစ်တပ်အာဏာမသိမ်းခင်က သူနာပြုဆရာမတစ်ဦးပါ။
အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ သူ့ရည်မှန်းချက်တွေကို စွန့်လွှတ်လိုက်ပြီး တော်လှန်ရေးတပ်ထဲ ဝင်လိုက်ပါတော့တယ်။
“ဒီအချိန်မှာ ကိုယ့်အိပ်မက်တွေကို စွန့်လွှတ်ပြီးတော့ တိုင်းပြည်အတွက်ပဲ အိပ်မက်ကို ပြောင်းလိုက်ရတယ်။ အဓိက အခု လူငယ်တွေ မျှော်မှန်းတာကတော့ အာဏာရှင်ဟူသမျှ အမြစ်ပြုတ်ဖို့ ဆိုတဲ့ရည်မှန်းချက်နဲ့ပဲ။ ငါတို့မျိုးဆက်မှာပဲ ခံတော့မယ်။ နောက်မျိုးဆက်တော့ ဒီလိုမဖြစ်စေရဘူး ဆိုတဲ့စိတ်နဲ့ ဒါက အဓိကပန်းတိုင်ဖြစ်သွားတယ်။ ဘဝရည်မှန်းချက်ကိုတော့ လောလောဆယ် မေ့ထားတယ်”
အရင်က မိသားစုနဲ့ မပူမပင် နေထိုင်နေခဲ့ရတဲ့ လူငယ်တွေဟာ အခုတော့ တောထဲမှာ အစားအသောက် အနေအထိုင် အခက်အခဲတွေနဲ့ကြုံရတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကိုလည်း ကြံ့ကြံ့ခံ ရင်ဆိုင်နေရတာပါ။
မအိဇင်လိုပဲ လက်နက်ကိုင်တော်လှန်ရေးမှာပါနေတဲ့ ကိုနိုင်လင်းထွန်းဟာ အရင်က မြေတူးစက်မောင်းတဲ့သူတစ်ဦးပါ။ ကိုယ်ပိုင်လွတ်လပ်မှုနဲ့ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းချင်တဲ့အတွက် ဒီလမ်းကို လျှောက်နေတာလို့ ပြောပြပါတယ်ရှင်။
“အာဏာသိမ်းပြီးနောက် ကျွန်တော်တို့ရဲ့အလုပ်တွေ ရည်မှန်းချက်တွေ အကုန်ပျက်စီးသွားတယ်။ ဒါတွေကို ကျွန်တော်တို့အခုအချိန်မှာ တော်လှန်ပြီးတော့ စွန့်လွှတ်ထားတဲ့သဘောပဲ။ ကိုယ်ပိုင်လွတ်လပ်မှုနဲ့ ဒီမိုကရေစီ နည်းလမ်းကျကျစနစ်ကို လိုအပ်တယ်။ ဒါမျိုးမှာပဲ လျှောက်လှမ်းချင်တယ်။ ဒီလိုဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ပါဝင်တော်လှန်တယ်။ တိုက်ထုတ်တယ်။ ဆိုတော့ မိသားစုနဲ့တော့ ဝေးတာပေါ့”