စစ်မှုထမ်းခေါ်တာကြောင့် လူငယ်တွေရဲ့ ကုန်လုပ်စွမ်းအား ဆုံးရှုံးလာ

RFA Burmese
2024.11.05
စစ်မှုထမ်းခေါ်တာကြောင့် လူငယ်တွေရဲ့ ကုန်လုပ်စွမ်းအား ဆုံးရှုံးလာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၅) သင်တန်းသားများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဥ်။
Telegram/ Pyithusitt

လူငယ်တွေ စစ်မှုထမ်းဖို့ စုဆောင်းခံနေရတာကြောင့် မိသားစု လယ်ယာလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုတွေမှာ ကုန်လုပ်စွမ်းအား ဆုံးရှုံးလာနေပြီလို့ ပြောကြပါတယ်။

စစ်မှုထမ်းအတွက် စုနေတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ ကြား လူငယ်တွေဟာ မြန်မာပြည်မှာ မိဘတွေ၊ မိသားစုတွေ အားထားရတဲ့ ကုန်လုပ်စွမ်းအားစု ဖြစ်ပါတယ်။

မိသားစု လယ်လုပ်ငန်းမှာ အားထားရတဲ့သား၊ စစ်မှုထမ်း စုဆောင်းတဲ့အထဲ ပါသွားလို့ မိသားစုစီးပွားရေး ထိခိုက်ရတဲ့အကြောင်း ပေါင်းတည်မြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။

“အရင်နှစ်က လုပ်တာထက် တစ်ဝက်လောက်ပဲ လုပ်နိုင်တော့တယ်ပေါ့။ ဒါလည်း မိန်းမတွေ သူတို့ဘာသာသူတို့ ငှားရမ်းပြီးတော့မှ လုပ်ရတာပေါ့။ ထိခိုက်တာပေါ့။ စီးပွားရေးမှာ တော်တော် ထိခိုက်သွားတယ်။ အဖေကလည်း ကျန်းမာရေး မကောင်းတော့ အိမ်ထောင်ဦးစီးသဘောမျိုး တစ်ယောက်တည်း အကုန်လုံး လုပ်ကျွေးရတဲ့အချိန် အခုလိုမျိုး စစ်မှုထမ်းခေါ်တော့ တော်တော် ဒုက္ခရောက်တာပေါ့ မိသားစုတွေ”

သူက စစ်မှုထမ်းသင်တန်းကနေ ပြန်ပြေးလာနိုင်ခဲ့ပေမဲ့ အရင်လို လွတ်လွတ်လပ်လပ် မနေရဲတော့ပါဘူး။ ဒါကြောင့် သူ့မိသားစုမှာ၊ လယ်ခြောက်ဧကကို အပြည့် မလုပ်နိုင်တော့တဲ့အတွက် အရင်က စပါးတင်းတစ်ရာခန့်ရခဲ့ရင် အခုတော့ စပါးတင်း ငါးဆယ်ခန့်ပဲ ရတော့မယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ဧပြီမှာတော့ စစ်သားစုဆောင်းခံရလို့ အဲဒီဝင်ငွေ ဆုံးရှုံးပြီး မိသားစု စားဝတ်နေရေး ထိခိုက်ခဲ့ရပါတယ်”

ထုံးဘိုမြို့က နေ့စားအလုပ်သမားတစ်ဦးကလည်း အရင်က သဲကားမောင်းလို့‌ တစ်ရက်ကို ငါးထောင်ကနေ တစ်သောင်းကြား လုပ်အားခရပြီး မိသားစုကို ရှာကျွေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီမှာတော့ စစ်သားစုဆောင်းခံရလို့ အဲဒီဝင်ငွေ ဆုံးရှုံးပြီး မိသားစု စားဝတ်နေရေး ထိခိုက်ခဲ့ရပါတယ်။

“ကြုံရာကျပန်းပဲ ကျွန်တော်တို့ လုပ်ကိုင်စားတာ ကျွန်တော်တို့က ဆင်းရဲတာ။ ဒါပေမဲ့ ဒီကာလကြီးမှာ ဘယ်သူက ဒီအထဲကို ဝင်ချင်ပါ့မလဲ။ လိုက်ချင်ပါ့မလဲ။ ကျွန်တော်တို့လည်း တစ်နေ့လုပ်မှ တစ်နေ့ စားရတာ။ အဲဒီလိုတွေ ပြောပြတယ်။ အဲဒါ မရဘူး”

သူလည်း စစ်သင်တန်းကနေ ထွက်ပြေးလာနိုင်ခဲ့ပါတယ်။

လယ်လုပ်ငန်းမှာ တစ်နေ့ကို ခြောက်ထောင်ကနေ ရှစ်ထောင်အထိရခဲ့တဲ့ ပေါင်းတည်မြို့နယ်က လယ်လုပ်သားတစ်ဦးကလည်း သူ စစ်မှုထမ်းခေါ်တဲ့အထဲပါသွားလို့ မိသားစုစားဝတ်နေရေး ပိုကျပ်တည်းသွားတဲ့အကြောင်း ပြောပါတယ်။

“ဘကြီးနဲ့ အမေပဲ ရှိတော့တာလေ။ ဘကြီးကလည်း ၇၀ ကျော်နေပြီ။ အမေကလည်း ၄၀ ကျော်နေပြီလေ။ အမေတစ်ယောက်တည်း ဘကြီးကို လုပ်ကိုင်ကျွေးနေရတာပေါ့။ ကျွန်တော်ကလည်း လုပ်ကိုင်မကျွေးနိုင်တော့ဘူးလေ။ ဒီဘက်ထဲ ပါလာတော့။ စားဖို့ သောက်ဖို့က ပိုပြီးတော့ ကျပ်တည်းသွားတာပေါ့”

သူလည်း စစ်သင်တန်းက ထွက်ပြေးလွတ်မြောက်လာတဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖမ်းခံရမှာစိုးလို့ ဘေးလွတ်ရာမှာ ရှောင်နေရတာကြောင့် မိသားစု စားဝတ်နေရေးအတွက် အလုပ်မလုပ်ပေးနိုင်တဲ့ အခြေအနေ ရောက်နေပါတယ်။

လူငယ်တွေ အခုလိုပြောပေမဲ့ လယ်ယာလုပ်ငန်းတွေမှာ ထိခိုက်မှုမရှိဘူးလို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက RFA ကို ပြောပါတယ်။

“သင်တန်းကာလမှာလည်း သူ့ရဲ့သတ်မှတ်တဲ့ လူဦးရေနဲ့ သတ်မှတ်တဲ့အချိုးအစားနဲ့ ချင့်ချိန်ပြီးတော့ပေါ့နော်။ အကန့်အသတ်နဲ့ ခေါ်ယူတဲ့အတွက်ကြောင့် ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ သင်တန်းတစ်ပတ်ကို ဥပမာ လူငါးရာ ပို့ရမယ်ဆို တစ်တိုင်းလုံးမှာရှိတဲ့ အနေအထားအရဆိုလို့ ရှိရင် ခင်ဗျား လူတစ်ရာမှာ တစ်ယောက်တောင် ပါဖို့ အနေအထားမရှိပါဘူး။ ဒါကြောင့်မိုလို့ ဒီလိုအနေအထားနဲ့ လယ်ယာထုတ်ကုန်တွေ၊ လုပ်ငန်းခွင်တွေမှာ ထိခိုက်မှု အနေအထားတွေ လုံးဝမရှိပါဘူး”

သင်တန်း အမှတ်စဥ်အလိုက် ပဲခူးတိုင်းမှာ လူဦးရေ ငါးရာကနေ ခုနစ်ရာခန့်ပဲ ခေါ်ယူတယ်လို့လည်း သူက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို ဒရုန်နှင့်ပတ်သက်သည့်အခြေခံသင်ခန်းစာများ သင်ကြားပို့ချနေသည်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဥ်။
ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို ဒရုန်နှင့်ပတ်သက်သည့်အခြေခံသင်ခန်းစာများ သင်ကြားပို့ချနေသည်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဥ်။

နောက်ထပ် ကုန်လုပ်စွမ်းအားစု ဆုံးရှုံးနေတာက ပြည်ပအလုပ်အကိုင်တွေမှာပါ။ စစ်မှုထမ်းအတွက် လူငယ်တွေကို မစုဆောင်းခင်က ပြည်ပမှာ အလုပ်လုပ်ဖို့ လေဆိပ်ကနေ သွားနေတဲ့သူ တစ်နေ့ကို တစ်ထောင်ခန့် ရှိခဲ့ပြီး အခုတော့ တစ်နေ့ကို နှစ်ရာခန့်ပဲ ရှိတော့တယ်လို့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကတစ်ဆင့် သိရပါတယ်။

“လုပ်သားအင်အား တော်တော်သိသိသာသာကို အပြင်မရောက်ဘူး ဖြစ်သွားတယ်။ နည်းနည်းပါးပါးပဲ ထွက်သွားရတာကို။ လေကြောင်းလိုင်းတွေဆို လေယာဥ်လိုက်ပါစီးတာ တော်တော်နည်းသွားပြီလေ။ အဲဒီလိုမျိုး ရိုက်ခတ်တာရှိတယ်”


ဆက်နွှယ်သောသတင်းများ

စစ်မှုထမ်းဥပဒေကို မလိုက်နာနိုင်ကြောင်း လူငယ်အချို့ တုံ့ပြန်

စစ်မှုထမ်းသင်တန်းက အသက်စွန့် ထွက်ပြေးသူတချို့ရှိနေ

စစ်မှုထမ်းဥပဒေကြောင့် လူငယ်တစ်သိန်းထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးဖို့ ကြိုးစား


တရားဝင် အလုပ်အကိုင်နဲ့ ပြည်ပထွက်မဲ့ လူငယ်တွေမှာလည်း စစ်မှုထမ်းရမဲ့ အသက်အရွယ်ထဲမှာ ရှိနေရင် ပြည်ပအလုပ်သမား သက်သေခံကတ်ပြား(OWIC) လုပ်လို့မရတာကြောင့် မထွက်ရတဲ့ အခြေအနေတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

“စင်ကာပူဘက်က လူတွေဆိုရင် မြန်မာပြည်ဘက်က စစ်မှုထမ်းစနစ်ကြောင့် ခေါ်နေတာရော ပြီးတော့ ဒီစစ်မှုထမ်းခေါ်တဲ့အတွက်ရော OWIC ကို အသက်ကန့်သတ်ချက်နဲ့ ပိတ်တယ်ဗျာ။ OWIC က လုပ်မရတဲ့အခါကျတော့ အဲဒီတော့ သူတို့က မြန်မာတွေကို စိတ်မဝင်စားတော့ဘဲနဲ့ ထိုင်း၊ ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားတို့ အဲဒီလို လူတွေကို စိတ်ဝင်စားလာတယ်။ အဲဒီလိုမျိုး ဖြစ်လာတယ်”

ပြည်တွင်းမှာ အလုပ်အကိုင် အတည်တကျရှိပြီးသား လူငယ်တွေလည်း စစ်မှုထမ်းထဲပါမှာ စိုးတဲ့အတွက် မူလအလုပ်အကိုင်တွေ စွန့်လွှတ်ပြီး ပြည်ပကိုရတဲ့နည်းနဲ့ ထွက်နေလို့ ပြည်တွင်းမှာ ကုန်လုပ်စွမ်းအား ထိခိုက်လာသလို မိဘတွေလည်း စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေရပါတယ်။

“တချို့ဆိုလို့ရှိရင် ဒီမှာ အလုပ်အဆင်ပြေတာ။ စိုးရိမ်စိတ်နဲ့ အပြင် ထွက်သွားကြရတယ်။ မိသားစုနဲ့ အကုန်လုံး ခွဲကြရတယ်ပေါ့နော်။ အလုပ်အကိုင်တွေလည်း စွန့်လွှတ်ရတယ်။ အဲဒါမျိုးတွေ ရှိတယ်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။