AA ခေါင်းဆောင်ရဲ့ စွပ်စွဲချက်ကို သမ္မတရုံး အပြင်းအထန်တုံ့ပြန်

သီဟထွန်း
2020.09.04

ရက္ခိုင့်တပ်တော် AA အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးကို ပြောနေပြီး၊ လက်တွေ့မှာတော့ ဗုံးထောင်ဖောက်ခွဲနေတာကြောင့် အပြောနဲ့အလုပ် မညီဘူးလို့  သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက စက်တင်ဘာလ ၄ ရက်နေ့ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း တုန့်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ အခုလို ကပ်ရောဂါကူးစက်မှု မြင့်တက်နေချိန်မှာ AA အဖွဲ့အနေနဲ့၂၀၀၄ ခုနှစ် ဆူနာမီလှိုင်းဒဏ် ခံခဲ့ရတဲ့ အင်ဒိုနီးရှားက အာချေးသူပုန်တွေရဲ့ နမူနာကို ယူသင့်တယ်၊ ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် ဆွေးနွေးပွဲစကားဝိုင်းကို ရောက်အောင်လာသင့်တယ်လို့ ဦးဇော်ဌေးက ဖိတ်ခေါ်ပါတယ်။

"အင်ဒိုနီးရှား ဥပမာပေါ့နော်။ ဒီ...အာချေး ( Free Aceh Movement – GAM ) လိုမျိုး ဒါကို သင်ခန်းစာ ယူသင့်တယ်။ သင်ခန်းစာ ယူပြီးတော့ နံပါတ်တစ်- စစ်ရှိန်လျှော့၊ နံပါတ်နှစ်- အဲဒီ ဝါဒဖြန့်ချိရေးတွေ လူမျိုးရေးတွေ လူထုကြားမှာပေါ့နော် ရှုပ်ထွေးအောင် မပြောနဲ့ ၊ နံပတ်သုံးက အမှန်တကယ်ငြိမ်းချမ်းရေးကို လိုလားသလား၊ အမှန်တကယ် ပြည်နယ် အခွင့်အရေးကို လိုလားသလား၊ အမှန်တကယ် တိုင်းရင်းသား အခွင့်အရေးကို လိုလားသလား ၊ လိုလားရင် ဆွေးနွေးရေး စားပွဲဝိုင်းကို လာခဲ့၊ AA တစ်ဖွဲ့တည်းလည်း ကျွန်တော်တို့ တွေ့မယ် အဲဒါလည်း ကျွန်တော်တို့ ပြောထားပြီးသား။ တကယ်ငြိမ်းချမ်းရေးကို လိုလားရင် အဲဒီအတိုင်းလုပ်၊ မဟုတ်ရင်တော့ ဒီဝါဒဖြန့်ချိရေး ထုတ်ပြန်ချက်တွေလုပ် ဟို တလွဲတချော်တွေ လုပ်နေတာပေါ့နော်၊ အဲဒါလေးတော့ မီဒီယာကတဆင့် ကျွန်တော် ပြောချင်တယ်။"

AA အဖွဲ့ဟာ တပ်မတော်လို စနစ်တကျ ဖွဲ့စည်းထားတဲ့အဖွဲ့ မဟုတ်တာကြောင့် အောက်ခြေမှာလုပ်နေတဲ့ အကြမ်းဖက်မှုတွေကို ထိပ်ပိုင်းခေါင်းဆောင်တွေ သိရဲ့လားလို့လည်း  ဦးဇော်ဌေးက မေးခွန်းထုတ်ခဲ့ပါတယ်။

AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကတော့  ရခိုင့်တပ်တော်ရဲ့ စည်းကမ်းရှိမှုနဲ့တိုက်ရည်ခိုက်ရည်ကို ရခိုင်စစ်မြေပြင်မှာ ရောက်နေတဲ့ မြန်မာ့တပ်မတော်သားတွေအသိဆုံးဖြစ်တယ်၊ ဦးဇော်ဌေးရဲ့ ပြောဆိုချက်တွေက ထင်မြင်ယူဆချက်တွေပဲ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

အစိုးရက AA ကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားလို့ မြောက်ပိုင်းလေးဖွဲ့ဘက်က အတွဲလိုက်ဆွေးနွေးဖို့ လုပ်ထားတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အကျိုးရှိမရှိ ပြန်သုံးသပ်ဖို့ လိုနေပြီလို့သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ AA ပြောခွင့်ရ ဦးခိုင်သုခကတော့ ငြိမ်းချမ်းရေးကို တကယ်လိုချင်လို့ ဆွေးနွေးမယ်ဆိုရင် တနိုင်ငံလုံး အပစ်ရပ်ရေး ကြေညာဖို့လိုတယ်၊ နိုင်ငံရေး အမြတ်ထုတ်ပြီး အကြမ်းဘက်အဖွဲ့လို့ AA ကိုကြေညာထားတာကိုလည်း ပြန်ရုပ်သိမ်းပေးဖို့လိုတယ်၊ ရခိုင်ပြည်သူတွေကို မြန်မာ့တပ်မတော်က မတရား လုပ်ဆောင်နေတာတွေကို ရပ်တန့်ဖို့လိုမယ်၊ အဲဒါမှ တဘက်နဲ့တဘက် ယုံကြည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးလို့ ရနိုင်မယ်လို့ RFA ကို ပြောပါတယ်။

၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ မေးမြန်းစဉ်။
၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ မေးမြန်းစဉ်။


နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ ရခိုင်မှာ အခုလို ကပ်ရောဂါ မြင့်တက်နေချိန်မှာ စစ်ရှိန်မြှင့်မယ်ဆိုရင် မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တာမို့ မြှင့်တဲ့ဘက်က တာဝန်ယူရလိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တစ်ဘက်နဲ့တစ်ဘက် ပစ်တင်ဝေဖန်နေမဲ့အစား ဆွေးနွေးပွဲစကားဝိုင်းဆီ အမှန်တကယ် ရောက်အောင် လာသင့်တယ်လို့ တိုက်တွန်းပါတယ်။

"ကျွန်တော့်အမြင် ပြောရလို့ရှိရင် Bilateral (နှစ်ဖက်အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေး)  ဖြစ်အောင် လုပ်ကြဖို့ပဲ။ နောက်ပြီးတော့ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မူ စစ်ရှိန်တွေ လုံးဝလျှော့ချဖို့ပဲ။ အခုဒီကာလ ကိုဗစ်ကာလ အတွင်းမှာ စစ်ရေးလှုပ်ရှားမူတွေ တစုံတရာ ဖြစ်လာလို့ရှိရင် ဖြစ်လာတဲ့အဖွဲ့က တာဝန်ယူသင့်တယ်ဗျ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အနေနဲ့တော့ ဒီအချိန်မှာ တရားမျှတစွာ ကိစ္စတွေကို စဉ်းစားဖို့ လိုတယ်။ အဲဒီတော့ ပြောချင်တဲ့ အဓိပ္ပာယ်က Bilateral ဆွေးနွေးပွဲ ကနေတဆင့် စစ်ရှိန်တွေ ‌လျှော့ချနိုင်အောင် အဲဒီ အစည်းအဝေးတွေကို တပ်မတော်ရော AA ဘက်ကရော လက်ခံသင့်တဲ့အချိန် ရောက်နေပြီ သဘောပေါက်သင့်တဲ့ အနေအထားကို ရောက်နေပြီလို့ ပြောချင်ပါတယ်။"

အခုဆိုရင် ရခိုင်ပြည်နယ်တစ်ခုလုံး ကပ်ရောဂါကူးစက်မှု မြင့်တက်နေလို့  မြို့နယ်အားလုံးမှာရှိတဲ့ ဆေးရုံ အားလုံးမှာသာမက စာသင်ကျောင်းတွေနဲ့ သင်တန်းကျောင်းတွေမှာပါ ကန့်သတ်စောင့်ကြည့်ရေး စခန်းတွေနဲ့ အထူးကုသ ကြပ်မတ်ဆောင်တွေကို အရေးပေါ် တိုးချဲ့ပြီး ပြင်ဆင်ထားရတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

အစိုးရက ပြည်ထောင်စုစိတ်ဓာတ်နဲ့ ကပ်ရောဂါ ကုသတားဆီးရေးကို ဦးစားပေး လုပ်ဆောင်နေပေမယ့်၊ ရခိုင်လူထုရဲ့ ပူးပေါင်းပါဝင်မှုက ငါးရာခိုင်နှုန်းသာရှိပြီး၊ အစိုးရဝန်ထမ်းတွေက ၉၅ ရာခိုင်နှုန်း တာဝန်ယူ လုပ်ဆောင်နေရတယ်လို့လည်း ပြောပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေရော အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေပါ ရောဂါပိုး ကူးစက်ခံနေရလို့ ရခိုင်လူထုအနေနဲ့ ကပ်ရောဂါ တားဆီးရေးမှာ ပူးပေါင်းကြဖို့လည်း နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ဦးဇော်ဌေးက တိုက်တွန်းသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။