CDM စစ်ဗိုလ်နဲ့ ရဲအုပ်တွေ ဦးဆောင်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.04.19
CDM စစ်ဗိုလ်နဲ့ ရဲအုပ်တွေ ဦးဆောင်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ လွတ်မြောက်နယ်မြေတစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည့် မိုးကြိုးပြောက်ကျားအဖွဲ့ တပ်ဖွဲ့ဝင်တချို့။
Thunder Guerrilla Force

CDM စစ်ဗိုလ်တွေနဲ့ ရဲအုပ်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ မိုးကြိုးပြောက်ကျားလက်နက်ကိုင်တပ်ဖွဲ့ မနေ့က သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

ဒီတပ်ဖွဲ့ကို စစ်အာဏာသိမ်းပြီးနောက် ခြောက်လအကြာ ၂ဝ၂၁ ခုနှစ် ဩဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့တာပါ။

ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို(PMSAB) လက်အောက်ခံအဖွဲ့ဖြစ်ပြီး တိုင်းရင်းသားဒေသတစ်နေရာမှာ စစ်ရေးလှုပ်ရှားနေပါတယ်။

ဒီတပ်ဖွဲ့ထဲမှာ နေပြည်တော်ကနေ CDM လုပ်ခဲ့တဲ့ ရဲအုပ်ခွန်အောင်ကိုကိုလည်း ပါပါတယ်။

"ကျွန်တော်တို့ကို မိုးကြိုးပြောက်ကျားစဖွဲ့ကတည်းက အဓိကအဖွဲ့ခေါင်းဆောင်တွေက CDM အရာရှိတွေ၊ တပ်ရဲ CDM တွေ၊ မြို့ပြပြောက်ကျား အဖွဲ့တွေ၊ ဒေသခံတော်လှန်ရေးအင်အားစုတွေ ပေါင်းစပ်ပြီး စနစ်တကျဖွဲ့ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ "

"ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့ အလယ်ပိုင်းဒေသတွေမှာ စစ်ဆင်ရေးတွေ အများကြီးဆောင်ရွက်ခဲ့တယ်။ ကျွန်တော်တို့ကို အဓိက ပံ့ပိုးနေတာကတော့ တိုင်းရင်းသား EROs တွေက အဓိကပံ့ပိုးပေးနေတာပါ။ ပြီးတော့ ပြည်သူလူထုကလည်း ပံ့ပိုးပေးပါတယ်"

တပ်ရင်း ၁ဝ၁၊ ၂ဝ၂၊ ၃ဝ၃၊ ၄ဝ၄ ဆိုပြီး တပ်ရင်းလေးခု တည်ထောင်ထားနိုင်ပြီလို့လည်း ဆိုပါတယ်။

"ကျွန်တော်တို့ စစ်ကောင်စီကိုတိုက်မယ်ဆိုရင် တပ်အသွင်မဖြစ်မနေဖြစ်ဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့အတိုင်း အမိန့်နာခံမှုကောင်းအောင် စည်းကမ်းကောင်းအောင် ကျွန်တော်တို့ စနစ်တကျလေ့ကျင့်ပေးတယ်။ သတ်မှတ်စံနှုန်းပြည့်အောင် ကြံ့ခိုင်မှုအတွက် လေ့ကျင့်ပေးပါတယ်"

"အခု လက်ရှိစစ်ကောင်စီမှာ တာဝန်ထမ်းဆောင်နေသူတွေနဲ့ ကျွန်တော်တို့ PDF ရဲဘော်တွေပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေပဲဖြစ်ဖြစ် စိတ်ဓာတ်ပိုင်းဆိုင်ရာ မိုးနဲ့မြေကွာခြားသွားပြီ၊ ကျင့်ဝတ်ပိုင်းမှာရော လိုက်နာဆောင်ရွက်တာ တိတိကျကျလုပ်ဖို့ လမ်းညွှန်သင်ပြပေးထားပါတယ်။"

ပင်လုံစာချုပ်ပါ ကတိကဝတ်တွေအတိုင်း တိုင်းရင်းသားပြည်နယ်တွေပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးဟာ ဒီအဖွဲ့ရဲ့ အဓိက နိုင်ငံရေးရည်မှန်းချက်ဖြစ်ပါတယ်။

cdm2.jpg
Photo: Thunder Guerrilla Force

သင်တန်းဆင်းတဲ့သူတွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အဓိက စစ်ရေးလှုပ်ရှားတာဖြစ်ပါတယ်။ သင်တန်းဆင်းဦးရေ ဘယ်လောက်ရှိပြီလဲ ဆိုတာကိုတော့ လုံခြုံရေးကြောင့် ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

မိုးကြိုးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် ANB ကတော့ သင်တန်းသားဦးရေများလာတာနဲ့အမျှ လိုအပ်ချက်တွေလည်း ရှိလာတယ်လို့ဆိုပါတယ်။

"အင်အားများလာလေ လက်နက်လိုအပ်ချက်တွေရှိလာလေပဲ။ အဲဒီလက်နက်ဖြည့်တင်းဖို့ ငွေကြေးလိုအပ်ချက်လည်းရှိလာတယ်။ ငွေရှိမှ လက်နက်ဝယ်လို့ရမယ်။ သင်တန်းတစ်ခုပြီးတစ်ခု ဆင်းတော့ အင်အားများလာပြီး လက်နက်လိုလာတယ်"

မိုးကြိုးပြောက်ကျားတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မိတ်ဖက်အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်နေကြတဲ့ အဖွဲ့တွေအားလုံး ပေါင်းစည်းဖို့လိုတယ်လို့လည်း ရဲဘော် ANB ကပြောပါတယ်။

"ကျွန်တော်တို့ဘက်ကတော့ စစ်ရေးအရှိန်မြှင့်ဖို့ပဲ၊ ကျွန်တော်တို့ လုပ်နိုင်တာ တောက်လျှောက်လုပ်မယ်။ အရေးကြီးဆုံး ဦးတည်ချက်က တပ်ပေါင်းစု ဖြစ်ဖို့ပဲ။ နီးစပ်ရာအဖွဲ့တွေက စုပေါင်းဖို့လိုအပ်တယ်။ တပ်ပေါင်းစုဖြစ်လာတဲ့နေ့က ကျွန်တော်တို့ တော်လှန်ရေးမြိုင်သွားတဲ့နေ့ပဲ"

Sequence 1281.00_04_16_21.Still001.jpg
Photo: Thunder Guerrilla Force

မိုးကြိုးပြောက်ကျားတပ်ဖွဲ့ဝင်တွေ သင်တန်းဆင်းလာတဲ့ လူသစ်တွေရှိနေသလို တစ်ဖက်မှာလည်း ဆုံးရှုံးရတာတွေရှိပါတယ်။ ဒီဧပြီလ အစောပိုင်းမှာ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ၂ဝ၂ တပ်ရင်းလက်အောက်ခံ တပ်ခွဲတွေကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့လို့ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။