ခိုစာရောင်းရင်း ဘ၀ကို ရုန်းကန်နေရတဲ့ ဒေါ်ညို
2024.08.07
“အရောင်းအဝယ်တွေက မကောင်းဘူး။ ဒီမှာ လူကလည်း မရှိဘူး။ ဒီနေ့ဆိုရင် ဘယ်လောက်လဲ။ ခုနစ်ထောင်ပဲ ရတယ်။ ပဲအရင်းတောင် မရဘူး။ ပဲအရင်းတင် ရှစ်ထောင်လောက်ရှိတယ်”
ရန်ကုန်မြို့က လမ်းမကြီးတွေမှာ လူအသွားအလာနည်းလာပြီး ကုသိုလ်ဖြစ် ခိုစာကျွေးသူ အရင်ကလောက် မရှိတော့တာကြောင့် အရင်းမကျေဘဲ အိမ်ပြန်ရတဲ့နေ့တွေ များလာတဲ့အတွက် ဒေါ်ညိုတစ်ယောက် ရင်မောနေပါတယ်။
"ကိုယ့်ဝမ်း ကိုယ် ရှာစားနေရတာ။ သားသမီးတွေလည်း အားကိုးလို့ မရပါဘူး။ သူတို့လည်း သူတို့မိသားစုနဲ့ သူတို့ဆိုတော့ မကြည့်နိုင်ဘူး"
အသက် ၇၃ နှစ်အရွယ် ဒေါ်ညိုဟာ ရန်ကုန်တိုင်း ဒလမြို့နယ်ကနေ လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်းနဲ့ ကိုင်းတန်းလမ်းထောင့်မှာ နေ့စဉ် ခိုစာရောင်းနေသူပါ။ ခင်ပွန်းသည်ဆုံးသွားတဲ့ လွန်ခဲ့တဲ့ ၁၈နှစ်ကတည်းက ခိုစာရောင်းပြီး ဝမ်းရေးအတွက် ရုန်းကန်နေတာပါ။ ခိုလေးတွေအတွက် အစာထည့်ထားတဲ့ ပန်းကန် သုံးချပ်ကို ငွေကျပ်တစ်ထောင်နဲ့ ရောင်းပါတယ်။
ဆက်နွှယ်သောသတင်းများ
အာဏာသိမ်းသုံးနှစ်အတွင်း မြန်မာလူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရ
ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူတွေဘဝ ပိုကျပ်တည်းလာ
စစ်တပ်အာဏာမသိမ်းခဲ့ရင် မြန်မာ့စီးပွားရေး ဘယ်လိုဖြစ်မလဲ
အရင်ကတော့ ခိုစာကို တစ်နေ့ လေးပြည်လောက်အထိ ရောင်းခဲ့ရပေမဲ့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ ၂၀၂၀ နောက်ပိုင်း ဒေါ်ညိုအတွက် တစ်နေ့ကို ခိုစာ တစ်ပြည်ကုန်ဖို့ ခက်ခဲလာပါတယ်။
ဒေါ်ညိုရောင်းတဲ့ ခိုစာကို နေ့စဉ်လိုလို ကုသိုလ်ဖြစ် ကျွေးမွေးနေသူကတော့ အသက် ၂၉ နှစ်အရွယ် ကိုဇော်မျိုးအောင်ပါ။ သူကတော့ ဒေါ်ညို ခိုစာရောင်းတဲ့အနီးမှာ ထမင်းဆိုင် ဖွင့်ထားသူပါ။
“အဘွားသိမ်းတာတွေ သွားကြည့်လိုက်ရင် အဘွားရဲ့ပုံးထဲမှာ ဒီခိုစာတွေ အပြည့်တွေ ဖြစ်နေတာမျိုးတွေ ကြုံတွေ့ရတယ်”
ဒေါ်ညိုမှာ သားသမီးလေးဦး ရှိပေမဲ့ အခုတော့ ချွေးမဖြစ်သူနဲ့အတူ ဒလမြို့က ဝန်ထမ်းအိမ်ရာမှာ အတူနေရင်း စားဝတ်နေရေးအတွက် ရုန်းကန်နေတာပါ။
“သေရင်တောင် ရပ်ကွက်ကရှိရင် ရပ်ကွက်ချလိမ့်မယ်။ ဘယ်ကလာ ကိုယ်ရတာ ကိုယ်ယူလေ။ ကိုယ့်ဝမ်း ကိုယ် ရှာစားနေရတာ။ သားသမီးတွေလည်း အားကိုးလို့ မရပါဘူး။ သူတို့လည်း သူတို့မိသားစုနဲ့ သူတို့ဆိုတော့ မကြည့်နိုင်ဘူး။ ကိုယ်လည်း မသွားဘူး”
အရင်လို အရောင်းအဝယ်မကောင်းတော့တဲ့ ဒေါ်ညိုဟာ နေ့ပြန်တိုးနဲ့ ငွေချေးပြီး ခိုစာရောင်းချရာကနေ အကြွေး သုံးသိန်း တင်နေတာပါ။ စျေးမရောင်းကောင်းတဲ့အခါ စိုးရိမ်သောကတွေ တစ်ပွေ့တစ်ပိုက်နဲ့ နေ့စဉ် အတိုး ကျပ် သုံးထောင် ပေးနိုင်ဖို့ သူ့မှာ ပိုပြီး ပူပန်နေရပါတော့တယ်။
“သူများအကြွေးတွေ ကျေလို့ရှိရင် ကိုယ့်တစ်ဝမ်းတစ်ခါးက ဒါလေးရောင်းတာနဲ့တင် လုံလောက်တယ်။ စားလို့လည်း ရတယ်။ ဒါပဲ ဦးနှောက်ထဲမှာ ဘာမှမရှိဘူး။ ကိုယ်နည်းနည်းပါးပါး လှူမယ်၊ တန်းမယ်။ ကိုယ်တတ်နိုင်သလောက်လေး။ ဒါလောက်ပါပဲ။ ဘာမှလည်း ကြီးကြီးမားမားလည်း မရှိဘူး။ အဓိကက သူများအကြွေးကျေဖို့ပဲ”
ဒလမြို့ကနေ ရန်ကုန်မြစ်ကို နေ့စဉ် သမ္ဗန်စီးပြီး နံနက် ၆ နာရီအရောက် ခိုစာလာရောင်းတဲ့ ဒေါ်ညိုဟာ နေ့လယ်ရောက်ရင် လမ်းမတော်မြို့နယ်ကနေ ဒလမြို့ကို သမ္ဗန်စီးပြီး ပြန်လေ့ရှိပါတယ်။
မိုးရွာတဲ့နေ့တွေမှာတော့ ခိုငှက်လေးတွေလည်း မလာတော့သလို လူလည်းပါးလို့ သူ့အတွက် အိမ်ပြန်ချိန်တွေ စောလို့နေပါတော့တယ်။