အာဏာသိမ်းသုံးနှစ်အတွင်း မြန်မာလူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရ

RFA Burmese
2024.07.06
အာဏာသိမ်းသုံးနှစ်အတွင်း မြန်မာလူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၌ ဆန်တစ်ပြည် ငွေတစ်ရာနှင့် ရောင်းချနေသည့်ဆိုင်တွင် တန်းစီဝယ်ယူနေသူများအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံမှာ လူလတ်တန်းစားဦးရေ လျင်မြန်စွာ ပျောက်ကွယ်လာနေပြီး သုံးနှစ်အတွင်း လူလတ်တန်းစား ထက်ဝက်ခန့် ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) က ထုတ်ပြန်ပါတယ်။

စုစုပေါင်း လူဦးရေ ၅၅.၈ သန်းထဲက ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ ၄၂ သန်းဟာလည်း ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရတယ်လို့ UNDP က ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။ လူပေါင်း ၁၃ သန်းကျော်ဟာလည်း စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

တိုင်းပြည်မှာ စီးပွားရေးကျဆင်းတဲ့ဒဏ်ကို အခံစားရဆုံးက အောက်ခြေလူတန်းစားပေါ့ အောက်ခြေလူတန်းစားက အရမ်းဆင်းရဲသွားပြီ

စီးပွားရေးကျပ်တည်းမှုနဲ့အတူ ကုန်စျေးနှုန်းအဆမတန် မြင့်တက်တာတွေက ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာစေခဲ့တာ ဖြစ်ပါတယ်။

ပဲခူးမြို့က အိမ်ရှင်မတစ်ဦးက ပြည်သူတွေဟာ လက်ရှိ ကုန်စျေးနှုန်းကြီးမြင့်ပြီး ကုန်ပစ္စည်းရှားပါးပြတ်လတ်တဲ့ ဒဏ်ကို ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ ပြောပါတယ်။

“ကုန်စျေးနှုန်းတက်တယ် ၂၀၂၁ က မုန့်ဟင်းခါးတစ်ပွဲကို သုံးရာ လေးရာပဲရှိတယ်၊ အခု တစ်ထောင့်ငါးရာ ဖြစ်နေပြီ၊ သခွားသီးတစ်လုံးကို အရင်က တစ်ရာတန်က အခု ငါးရာဖြစ်နေပြီ၊ ဘဲဥဆိုရင်လဲ တစ်လုံး ငါးရာနဲ့ ခြောက်ရာကြား ဖြစ်နေပြီ၊ ဆီဆိုရင်လဲ ကျွန်တော်တို့နေတဲ့ ပဲခူးတိုင်းမှာ ဝယ်လို့တောင် မရတော့ဘူး၊ ဆီကုန်နေတယ် ပြတ်လပ်နေတယ် အကုန်ကမောက်ကမ ဖြစ်နေတယ်”

နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းနဲ့အတူ အလုပ်လက်မဲ့ပြဿနာကလည်း မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာစေခဲ့တဲ့ အချက်ထဲမှာ ပါဝင်ပါတယ်။

ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးက စီးပွားရေးအကျပ်အတည်းနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ပြည်ပထွက် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားလာကြတယ်လို့ ပြောပါတယ်။

“တူတွေ၊ တူမတွေ မလေးရှားတို့ ထိုင်းတို့ စင်ကာပူတို့မှာ အလုပ်သွားလုပ်ရတာ ရှိတယ်၊ သူတို့ဆိုရင် အရမ်းပြီးပြည့်စုံတဲ့သူတွေပေါ့နော်၊ ဒါပေမဲ့ အခြေအနေက ကျပ်တည်းလာတယ် စားဝတ်နေရေးက ကျပ်တည်းလာသလို စစ်မှုထမ်းဥပဒေကလည်း ရှိလာတယ်၊ ဘယ်မိဘကမှလည်း မထည့်ချင်ဘူး ဘယ်ကလေးကမှလည်း မလိုက်ချင်ဘူး၊ အဲဒီတော့ ကိုယ်တတ်ထားတဲ့ပညာနဲ့ ပြည်ပမှာ အလုပ်ရှာကြတယ်၊ ဒီမှာက အလုပ်အကိုင်အခွင့်အလမ်းလဲ မရှိတော့ဘူး၊ လုပ်ခလစာနဲ့ ဝင်ငွေ ထွက်ငွေ မမျှတတော့ဘူး အရင်က အိမ်ထောင်စုတစ်စုမှာ ပိုက်ဆံတစ်သောင်းက သုံးရက်စာ စားလို့ရတယ် အခုတစ်သောင်းက တစ်ရက်စာပဲ စားရတော့ ဘယ်လိုမှ ဒီမှာနေလို့မရတော့ဘူးပေါ့နော်”

ဒါဟာ စစ်ကောင်စီရဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု အမှားတွေကြောင့် စီးပွားရေးကျဆင်းရသလို ဖြေရှင်းနည်းတွေကလည်း မမှန်မကန်တာကြောင့်လို့ နိုင်ငံရေး၊ စီးပွားရေးလေ့လာသူတွေက ပြောကြပါတယ်။

အထူးသဖြင့် စစ်ကောင်စီရဲ့ ငွေကြေးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုတွေက မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု ကြီးကြီးမားမားဖြစ်ခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“စီးပွားရေးကျဆင်းမှုက ငွေကြေးဖောင်းပွမှုအားဖြင့်လည်း သိရတယ်၊ တစ်ဖက်မှာလည်း ဝင်ငွေက နဂိုရှိထားတဲ့ အာဏာမသိမ်းခင်ကထက် ပိုတိုးလာသလားဆိုတာထက် ဝင်ငွေက ပိုလျော့သွားတာတွေ့ရတယ်၊ များသောအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ပျောက်သွားတယ်၊ စီးပွားရေးအခွင့်အလမ်းတွေ ပျောက်သွားတယ်၊ ရောင်းအားဝယ်အားတွေ ကျသွားတာတွေ့ရတယ်။ စီမံခန့်ခွဲတဲ့ အလွဲတွေပေါ့နော်၊ ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲတဲ့ကိစ္စတွေ၊ ဘဏ်တွေပေါ်မှာ အယုံအကြည်ကျသွားတဲ့ကိစ္စတွေ အထူးသဖြင့် ဗဟိုဘဏ်က လုပ်ဆောင်မှုအရ မြန်မာ့ငွေကြေး Exchange Rate ကို Control လုပ်လိုက်တဲ့ကိစ္စတွေ၊ အဲဒါတွေက သက်ရောက်မှု အများကြီးရှိသွားတယ်ဆိုတာ ကျွန်တော်တို့တွေ့လိုက်ရတယ်”

ရန်ကုန်မြို့တွင်းမှ ငွေလဲကောင်တာတစ်ခုမှ မြန်မာကျပ်ငွေ၊ ဒေါ်လာနှင့် ထိုင်းဘတ်ငွေများအား ၂ဝ၂၁ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ်။ (Photo: Reuters)
ရန်ကုန်မြို့တွင်းမှ ငွေလဲကောင်တာတစ်ခုမှ မြန်မာကျပ်ငွေ၊ ဒေါ်လာနှင့် ထိုင်းဘတ်ငွေများအား ၂ဝ၂၁ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ်။ (Photo: Reuters)

နိုင်ငံတွင်း ပဋိပက္ခတွေ တိုးလာနေပြီး စီးပွားရေးပြဿနာ ဆိုးဝါးလာတာနဲ့အတူ လူလတ်တန်းစားပမာဏ ကျဆင်းလာတာလို့ UNDP က ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာ UNDP ရဲ့ ခန့်မှန်းချက်ထက် ပိုများနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“အခုက လူလတ်တန်းစားတွေမှာ လုပ်ငန်းကိုင်ငန်း လုပ်စရာ ပြစရာ ဘာမှ မရှိတော့ဘူး၊ ဘယ်နယ်ပယ်ပဲ ကြည့်လိုက်ကြည့်လိုက် လုပ်ပိုင်ခွင့် လုပ်နိုင်တဲ့အခြေအနေ မရှိတော့ဘူး၊ လုပ်ငန်းတွေအတွက် အခြေခံလိုအပ်တဲ့ သွင်းကုန်ပစ္စည်းတွေ စျေးအဆမတန် ကြီးနေတယ်၊ လျှပ်စစ်မီးက တစ်နေ့ကို ပျမ်းမျှ လေးနာရီလောက်ပဲ ရတယ်၊ ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပကုမ္ပဏီတွေ ထွက်ခွာသွားကြတယ်၊ ဝင်ငွေရှိတဲ့ လုပ်ငန်းတွေအားလုံး နယ်ပယ်တွေအားလုံး ဘာအလုပ်မှ မရှိကြတော့ဘူး အဲဒီလိုအခြေအနေတွေ ကြုံနေကြရတယ်၊ UNDP ရဲ့ ကိန်းဂဏန်းဟာ ပျမ်းမျှသာဖြစ်ပြီး အခိုင်အမာအခြေအနေက အဲဒီထက်ပိုဆိုးမယ်လို့ ကျွန်တော်မျှော်လင့်ထားတယ်”

မြန်မာနိုင်ငံရဲ့လက်ရှိ စီးပွားရေးအကျပ်အတည်းကြောင့် အောက်ခြေလူတန်းစားတွေ ထိခိုက်နေရပြီး UNDP ထုတ်ပြန်ချက်ထက် ပိုဆိုးရွားတဲ့အခြေအနေရောက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးကလည်း ပြောပါတယ်။

“အရင်တုန်းက အာဏာမသိမ်းခင်က မြန်မာနိုင်ငံရဲ့လူဦးရေ လေးပုံ တစ်ပုံဟာ ဆင်းရဲမွဲတေမှုရှိတယ်၊ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အကြာမှာ တစ်ဝက်ပြန်ဖြစ်သွားတယ်၊ အဲဒီအခြေအနေကနေ ခြောက်လအကြာမှာ တိုင်းပြည်အခြေအနေက ဘယ်လောက်တောင်ဖြစ်သလဲဆိုတော့ အဓိကက ကုန်စျေးနှုန်းပေါ့၊ စားသောက်ကုန်ပစ္စည်းက အကုန်ရှားပါး ပြတ်လပ်တာဆိုတော့ ၇၅ ရာခိုင်နှုန်းဆိုတာက နည်းချင် နည်းနေဦးမယ်၊ ဒီဇင်ဘာမှာ ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရ ကုန်စျေးနှုန်းက ၂၀ ရာခိုင်နှုန်းကျော်ကျော်ရှိရာက ဆန်စျေး၊ ဆီစျေး အကုန်စျေး နှစ်ဆကျော် သုံးဆ တက်သွားတယ်ဆိုတော့ တိုင်းပြည်မှာ စီးပွားရေးကျဆင်းတဲ့ဒဏ်ကို အခံစားရဆုံးက အောက်ခြေလူတန်းစားပေါ့၊ အောက်ခြေလူတန်းစားက အရမ်းဆင်းရဲသွားပြီ”

ရန်ကုန်မြို့၊ ရပ်ကွက်တစ်ခုမှာ စားအုန်းဆီ တန်းစီဝယ်နေကြသူများကို ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့၊ ရပ်ကွက်တစ်ခုမှာ စားအုန်းဆီ တန်းစီဝယ်နေကြသူများကို ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း တွေ့ရစဉ်။ (Photo: RFA)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာတာ၊ လုပ်သားရှားပါးမှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းတာတွေကြောင့် စီးပွားရေးလုပ်ဖို့လည်း ပိုမိုခက်ခဲလာတယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ဆိုထားပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်အစမှာ မြန်မာနိုင်ငံလူဦးရေ ၃၂ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးတဲ့အခြေအနေကို ရောက်လာနေကြောင်း ကျန်သုံးပုံ တစ်ပုံဟာလည်း ဆင်းရဲမှုအခြေအနေ ကျရောက်နိုင်တယ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။