ဆရာဝန်တစ်ယောက်ရဲ့ တော်လှန်ရေးခရီးကြမ်း
2024.10.26
“ကျွန်တော်က အခမဲ့ ကုပေးတာ။ အဲဒီအချိန်မှာ သာမာန် နှာစေး၊ ချောင်းဆိုး၊ ဖျားတာ နာတာလောက်တောင် ဆေးခန်းသွားရင် လေးသောင်းငါးသောင်း ကျနေတဲ့အချိန်ကိုး။ ကိုဗစ်တွေ ဖြစ်တာတွေ့ရင် အပြင် အထူးကု ဆေးခန်းတွေမှာ သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ်တောင်းနေတဲ့အချိန်ကို ကျွန်တော်က ပြည်သူတွေ အခက်အခဲကို မနေနိုင်တာနဲ့ ကိုယ်တတ်စွမ်းတဲ့ ဘက်က ငါတတ်နိုင်သလောက် ကူညီပေးမယ်ဆိုပြီး အခမဲ့ ကူညီပေးခဲ့တာပါ။ အခမဲ့ ကုသပေးခဲ့တာပါ။ အဲဒီအချိန်မှာ ဒီကောင်တွေ ကျွန်တော့်ကိုလာပြီး ဒီလိုဒီလို လုပ်လို့ဆို ဖမ်းဆီးပြီး ခံဝန်ကတိတွေ တောင်းတာပေါ့”
စစ်တပ်အာဏာမသိမ်းခင်က ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ကချင်ပြည်နယ်မှာ တိုက်နယ်ဆေးရုံ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာချင်းပါ။ ကိုဗစ် - ၁၉ ရောဂါ ပျံ့နှံ့ချိန်မှာလည်း ကိုဗစ်ကုသရေး စင်တာမှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ အာဏာသိမ်းပြီးနောက်မှာတော့ ဆေးရုံမသွားတော့ဘဲ အခမဲ့ဆေးခန်းဖွင့်ပြီး ဒေသခံတွေကို ကုသပေးခဲ့ပါတယ်။ အဲဒီအကျိုးဆက်ကြောင့် စစ်တပ်က သူ့ကို ဖမ်းဆီးပြီး ခံဝန်ထိုးခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ပြီး သူ့ဇာတိဖြစ်တဲ့ ရွှေဘိုမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။
“တော်လှန်ရေးထဲမှာ အဲဒီတုန်းက ဆန္ဒပြနေတဲ့အချိန်မှာ ပျောက်ကျားတွေ ပြနေတဲ့အချိန်မှာ ကျွန်တော် ပြတယ်။ CRPH က ရွှေဘိုကိုယ်စားပြုအနေနဲ့ ခေါ်တော့ ABSDF ကို သွားပြီး သင်တန်းတက်တယ်။ စစ်သင်တန်းတက်တဲ့အချိန်မှာ အရမ်းခက်ခဲနေတဲ့အချိန်ပါ။ ဘယ်လောက်ခက်ခဲလဲဆိုရင် အစားအသောက် အရမ်းခက်ခဲနေတဲ့အချိန်မှာ အာလူးတစ်လုံးလေးကို တစ်နပ်မှာ တစ်လုံးပဲစားရတယ်။ အသားတုလေး နှစ်လုံး၊ သုံးလုံး အဲဒါနဲ့ ကျွန်တော်တို့ သင်တန်း သုံးလကြာတက်ခဲ့ရတာ”
အဲဒီလို အခြေခံစစ်သင်တန်းတက်ပြီးနောက်မှာတော့ သူ့မြို့ကိုပြန်ပြီး မြေအောက်တော်လှန်ရေးသမားအနေနဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့သလို သူ့မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ကိုလည်း လျှို့ဝှက်ဖွဲ့စည်းခဲ့ပါတယ်။ ဆရာချင်းက ဆရာဝန်လုပ်သက် ဆယ်နှစ်ကျော်ရှိပြီး အာဏာမသိမ်းခင်က နေ့စဉ်နဲ့အမျှ လူ့အသက်တွေကို ကယ်ဖို့ပဲ ကြိုးစားနေခဲ့သူပါ။ ဒါပေမဲ့ စစ်အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာတော့ ဆန့်ကျင်ဘက်အဖြစ် အရင်တုန်းက သူစိတ်မကူးဖူးတဲ့ တိုက်ခိုက်ရေးကို သူလုပ်နေခဲ့ရပါပြီ။
“ကျွန်တော်တို့က လူ့အသက်ကို ကယ်ခဲ့တဲ့ ဆရာဆိုပေမဲ့ လူကိုပြန်သတ်ရမယ့်စိတ်ကို ဘယ်တုန်းကမှ တွေးလည်း မတွေးခဲ့ဘူး။ စိတ်ကူးလည်း မရှိခဲ့ဘူး။ ပြည်သူတွေအပေါ် ဒီလောက် ဆိုးရွား ယုတ်မာနေတဲ့ သူတွေအပေါ် လက်နက်ကိုင်သင့် ကိုင်ရမယ်ဆိုတဲ့ စိတ်ကူးနဲ့ပဲ လုပ်ရတာပေါ့”
သူ့မြို့မှာ မြေအောက်တော်လှန်ရေး လုပ်နေတဲ့ ဆရာချင်းတို့ရဲ့ ကွန်ယက်ထဲက တချို့ကို စစ်ကောင်စီက ဖမ်းမိသွားတဲ့ နောက်မှာတော့ ဆရာချင်းတစ်ယောက် သူ့မြို့ကို နောက်တစ်ခါ စွန့်ခွာပြီး တောခိုခဲ့ပါတော့တယ်။ အချိန်က ၂၀၂၁ ခုနှစ် သြဂုတ်လလောက်ပါ။ သူနေတဲ့ စစ်ကိုင်းတိုင်းကနေ အဲဒီအချိန်က စစ်ကောင်စီကို တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖော်ဆောင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်တဲ့ နယ်မြေကို သူရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ခိုက်ရေးသမားအနေနဲ့မဟုတ်ဘဲ မြေပြင်လိုအပ်ချက်အရ တပ်ရင်းဆရာဝန်အနေနဲ့ ရှေ့တန်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆေးကုပေးသလို စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံတွေကိုလည်း အခမဲ့ ဆေးကုပေးနေတာပါ။
“အခုလက်ရှိမှာ အခုနောက်ဆုံးတိုက်ပွဲအတွေ့အကြုံကတော့ ဖာပွန်မှာပေါ့။ ဖာပွန်မြို့သိမ်းမှာတော့ ကျွန်တော်ပါ ပါတယ်။ သူတို့ ပေါင်ငါးရာတွေ ချတဲ့အချိန်မှာ ကျွန်တော်တို့က လမ်းဖြတ်တဲ့တံတားတွေ ရှိတယ်လေ။ အဲ့နားတွေမှာ ဝင်နေကြတယ်။ ဝင်နေကြတဲ့အခါ ဘယ်လိုခေါ်မလဲ သူတို့ damage တွေက အရမ်းပြင်းတဲ့အခါကျ ကျွန်တော်တို့က အဝေးမှာ ဆိုပေမဲ့ လေထဲမှာ အကုန်လုံးမြောက်တက်သွားကြတာပုံစံမျိုး။ အကျမှာ ပြန်နာကြတယ် အဲဒီလိုမျိုးပုံစံပေါ့။”
ဆက်နွှယ်သောသတင်းများ
အနုပညာနဲ့ တော်လှန်ရေး လုပ်နေကြသူများ
ထောက်ပို့လုပ်နေတဲ့ သင်္ဘောသားတစ်ယောက်
ငြိမ်းချမ်းချင်လို့ စစ်တိုက်သူ
အခုတော့ ဆရာချင်းတစ်ယောက် ပဲခူးတိုင်းဒေသကြီးက ရှေ့တန်းတစ်နေရာမှာ တာဝန်ထမ်းဆောင်နေပါတယ်။ တော်လှန်ရေးမှာ ပါဝင်နေတဲ့အတွက် သူ ပေးဆပ်ထားရတာတွေ မသေးလှပါဘူး။ တော်လှန်ရေးကာလအတွင်းမှာ အလုပ်အကိုင်၊ ပိုင်ဆိုင်တဲ့ အိုးအိမ်စတဲ့ ရုပ်ဝတ္ထုတွေအပြင် ဖခင်နဲ့ ညီဖြစ်သူကိုပါ ဆုံးရှုံးထားရပါတယ်။ ဆရာချင်းရဲ့ လက်ကျန်မိသားစုဝင်တွေဖြစ်တဲ့ ညီမ နှစ်ယောက်ကလည်း ဒုက္ခသည်စခန်းမှာ စစ်ဘေးရှောင်နေရပါတယ်။
“အခုဆိုရင် ကျွန်တော့်မှာ ဘယ်လိုခေါ်မလဲ နေစရာ အိမ်ဆိုတာလည်း မရှိတော့ဘူး။ ဒီကောင်တွေ လာရှို့သွားတယ်။ အုတ်တံတိုင်းနဲ့ ခြံစည်းရိုးနဲ့ ခြံတံခါးပေါက်ပဲကျန်တော့တယ်။ ကျန်တာ အိမ်သာ တစ်လုံးကျန်မယ်။ ကျန်တာ ဘာမှ မရှိတော့ဘူး။ အဖေက အစောကတည်းက နှလုံးသမား။ ကျန်းမာရေးသိပ်မကောင်းဘူး။ ကျွန်တော် တောခို နိုင်ငံရေးလုပ်သွားတဲ့ စိတ်တွေလည်းပါတယ်။ နောက်ပြီးကျတော့ ကျွန်တော့် ညီတစ်ယောက်ရဲ့ စိတ်တွေလည်းပါတာပေါ့။ ကျွန်တော့်ညီကကျ ယူဂျီဆိုတော့ စစ်ကောင်စီက မိသွားတာပေါ့။ ယူဂျီဆိုတော့ ပြန်လာတာ ပစ္စည်းနဲ့ အကုန်မိသွားတာ။ စစ်ကြောရေးမှာပဲ ဆုံးသွားတယ်”
အဲဒီလို ဆုံးရှုံးမှုတွေက ဆရာချင်းအတွက် ရဲဘော်ရဲဘက်တွေကို စွန့်ခွာပြီး တော်လှန်ရေးကို ကျောခိုင်းသွားအောင် မလုပ်နိုင်ပါဘူး။
“တော်လှန်ရေးအပေါ် ခံယူချက်ကတော့ ကျွန်တော်တို့ ပြီးဆုံးအောင် ဆက်လျှောက်မယ်။ ကိုယ့်ညီအစ်ကိုတွေ ရဲဘော်ရဲဘက် ညီအစ်ကိုတွေနဲ့အတူ။ ပြီးမှပဲ ကျွန်တော်အိမ်ပြန်မယ်။ ကျွန်တော့်ကြောင့် သူတို့တွေ ဘဝပျက်သွားတာကိုလည်း သူတို့တွေ စိတ်မနာနိုင်ဘဲနဲ့ ကျွန်တော့်အပေါ်နားလည်မှုအပြည့်ပေးခဲ့တဲ့ မိသားစုကို ကျေးဇူးတင်တယ်။ အခုကျွန်တော် ဒီခရီးကို ဒီလမ်းကို ဆုံးအောင်လျှောက်မယ်”