ရန်ကုန်မြို့မှာ ငါးရှဥ့်ထောင်ပြီး ဝမ်းရေးဖြေရှင်းနေသူ
2024.08.27
ရန်ကုန်မြို့က လူနေရပ်ကွက်တွေ၊ စက်မှုဇုန်တွေထဲက ရေဆိုးမြောင်းတွေမှာ ငါးရှဥ့်မြှုံးထောင်နေသူကတော့ အသက် ၄၄ နှစ်အရွယ် ဦးထွန်းထွန်းအေးပါ။ ငါးရှဥ့်မြှုံးတွေ ဖော်ရင်း သူ့ရဲ့ တစ်နေ့တာကို အစပြုလိုက်ပါတယ်။
ရလာတဲ့ ငါးရှဥ့်တွေကို သူနေထိုင်ရာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၀ ရပ်ကွက်က ငါးရှဥ့်အဝယ်ဒိုင်မှာ ရောင်းချပါတယ်။ ဒီကနေ သူ့အတွက် တစ်ရက်ကို ငွေကျပ် ၁၅၀၀၀ ဝန်းကျင် ရပါတယ်။
ငါးရှဥ့်မြှုံးထောင်လို့ရတဲ့ငွေနဲ့ မြှုံးရက်လို့ရတဲ့ ဝင်ငွေပေါင်းလိုက်ရင်တောင် တစ်နေ့ကို ကျပ် ၂၅၀၀၀ ကုန်ကျစရိတ်ရှိတဲ့ သူ့တို့မိသားစုအတွက်တော့ လောက်ငှရုံသာ ရှိပါတယ်။
သူရဲ့တစ်နေ့လုပ်အားခဟာ ကြီးမြင့်လာတဲ့ကုန်စျေးနှုန်းကို မလိုက်မီတော့တာကြောင့် အလုပ်လုပ်ရင်းကပဲ ပိုကျပ်တည်းလာတယ်လို့ ဆိုပါတယ်။
"ဒီစျေးနှုန်းနဲ့ ကိုကြီးတို့ လုပ်အားခနဲ့က မမျှဘူး။ မျှမှ မမျှတာ။ မမျှတတဲ့အခါကျတော့ တစ်နေ့လုပ် တစ်နေ့စားဖို့တောင် လည်ပတ်အောင် မနည်းရုန်းနေရတာ။ နောက်တစ်ရက် နားဖို့ဆိုတာကို မလွယ်ကူဘူး ဖြစ်နေတာ။ ဘာလို့လဲဆိုတော့ အပိုအလျှံ မရှိဘူးလေ။ လက်လုပ်လက်စားဘ၀ကတော့။ အဲဒီလိုမျိုးလေးတွေပေါ့။ တစ်နေ့လုပ်တဲ့ လုပ်အားခနဲ့ နောက်တစ်ရက်စာကို မလုံလောက်ဘူး၊ အဲလိုမျိုးပေါ့။ တစ်ခါတလေကျလို့ရှိရင်လည်းကွာ ဒီနေ့ရလာတဲ့ ပိုက်ဆံက ဒီနေ့စားလိုက်တော့လည်း နောက်နေ့မနက် ချက်ဖို့ကတော့ ငါးရှဥ့်ရောင်းပြီး ပြန်လာမှ စောင့်ပေါ့"
"တစ်နေ့လုပ်တဲ့ လုပ်အားခနဲ့ နောက်တစ်ရက်စာကို မလုံလောက်ဘူး၊ အဲလိုမျိုးပေါ့"
ဦးထွန်းထွန်းအေးဟာ နေ့လယ်ပိုင်းမှာ ငါးရှဥ့်မြှုံးတွေကို စက်ဘီးတစ်စီးနဲ့တင်ပြီး လူနေရပ်ကွက်တွေထဲကို ငါးရှဥ့်ထောင် ထွက်ပါတယ်။ အိမ်ပြန်လာရင်တော့ ဘ၀တူ ငါးရှဥ့်ထောင်သူတွေမှာထားတဲ့ ငါးရှဥ့်မြှုံးတွေကို ရောင်းချဖို့ ရက်ရပါတယ်။ ရက်ပြီးတဲ့ ငါးရှဥ့်မြှုံးတစ်လုံးကို ငွေကျပ် ၂၅၀၀ နဲ့ ရောင်းချပါတယ်။
ဦးထွန်းထွန်းအေးရဲ့ ဇနီးသည် အသက် ၃၉ နှစ်အရွယ် မဝါဝါခိုင်ကတော့ ခင်ပွန်းဖြစ်သူနဲ့ ငါးရှဥ့်မြှုံးရက်တာအပြင် ငါးရှဥ့်ထောင်ဖို့အတွက် အစာကို ကူထောင်းရပါတယ်။
လူနေရပ်ကွက်က ရေဆိုးမြောင်းတွေနဲ့ အမှိုက်ရှိတဲ့ ရေမြောင်းတွေမှာ အများဆုံး ခိုအောင်းနေကြတဲ့ ငါးရှဥ့်တွေဟာ ခရု၊ တီကောင်၊ နာနတ်သီး၊ အုန်းသီးမှုန့်နဲ့ ထမင်းတွေကို အချိုးညီပေါင်းစပ်ထားတဲ့ အစာကို ကြိုက်ကြပါတယ်။
ဆက်နွှယ်သောသတင်းများ
သတင်းစာနဲ့ဂျာနယ် ရောင်းအားကျလာတာကြောင့် အမြတ်ရဖို့ ခက်ခဲနေသူ
ခိုစာရောင်းရင်း ဘ၀ကို ရုန်းကန်နေရတဲ့ ဒေါ်ညို
သုံးနှစ်ကျော်အတွင်း ကုန်ဈေးနှုန်း သုံးဆမြင့်တက်
ခင်ပွန်းနဲ့ သားရဲ့ ဝင်ငွေနဲ့ ရပ်တည်နေရတဲ့ သူတို့မိသားစုအတွက် ပိုလျှံငွေမရှိဘဲ နေ့စဉ် စားဝတ်နေရေး ပူပန်နေရတယ်လို့ မဝါဝါခိုင်က ပြောပါတယ်။
"ဆီတောင် ဘူးလိုက် ဝယ်မစားနိုင်ဘူး၊ တစ်ဆယ်သား။ ဆန်ဆိုလည်း တစ်နေ့မှ တစ်ပြည်ပဲ ဝယ်စားနိုင်တယ်။ ပြီးတော့ ဟင်းချက်စရာလေးနဲ့ ဘာမှမရှိဘူးပေါ့ ကိုယ့်မှာလိုတာ။ အခု ယောက်ျားရတာလေးနဲ့ လုပ်အားခလေး ရလာရင် ပြေးဝယ်လိုက်တယ်။ ပြေးပြီး ချက်လိုက်တယ်။ ယောက်ျားက ဒီနေ့ အလုပ်မသွားဘူး၊ မရှိဘူး၊ နေမကောင်းဘူးဆို ကိုယ့်မှာ အခက်အခဲတွေ တအားကြုံတာပေါ့နော်။ ကြုံပေမဲ့လည်း ဒီလိုပဲ လှည့်ပတ်ပြီးတော့ သူများဆီက ချေးငှားပြီး စားရတာပေါ့ မကြီးတို့မှာ"
ဦးထွန်းထွန်းအေးမှာ သားသမီးသုံးဦး ရှိပါတယ်။ ဆယ်တန်းတက်နေတဲ့ သမီးအကြီးဆုံးနဲ့ ခြောက်တန်း ကျောင်းသားဖြစ်တဲ့ သားအလတ်ကိုတော့ ကိုဗစ်ကပ် စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစပြီး စီးပွားရေး ကျပ်တည်းလာလို့ ကျောင်းထုတ်ခဲ့ရပါတယ်။ အခုတော့ စားဝတ်နေရေး ခက်ခဲလာတာကြောင့် သားဖြစ်သူပါ ဖခင်နဲ့အတူ ငါးရှဥ့်ထောင်နေတာပါ။ အငယ်ဆုံးသားလေးကတော့ မူလတန်းတက်နေဆဲ ဖြစ်ပါတယ်။
ဦးထွန်းထွန်းအေးဟာ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေမှာ ယာဉ်အကူ လုပ်ခဲ့သလို ပန်းရံဆရာလည်း လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပုံမှန်ဝင်ငွေ မရှိတာကြောင့် လွန်ခဲ့တဲ့ ခြောက်နှစ် ကစပြီး ငါးရှဥ့်ထောင်တဲ့အလုပ်ကိုသာ စွဲစွဲမြဲမြဲ လုပ်ကိုင်နေတာပါ။
ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ သံလျင်၊ ကျောက်တန်း၊ ခရမ်းနဲ့ သုံးခွမြို့နယ်တွေအထိ စက်ဘီးတစ်စီးနဲ့ ငါးရှဥ့်ထောင်ရင်း စားဝတ်နေရေး ဖြေရှင်းနေတာ အခုဆိုရင် ဆယ်နှစ်ကျော်ပါပြီ။
လက်ရှိ သူတို့မိသားစုနေတဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ဆယ်ပေဝန်းကျင် မြေကွက်တစ်ခုကို ငွေနှစ်သိန်းကျော်နဲ့ဝယ်ယူပြီး နေလာတာ ဆယ်နှစ်ရှိပါပြီ။ ဒီရပ်ကွက်မှာ သူတို့လို ငါးရှဥ့်ထောင်တဲ့သူ သုံးဆယ်ဝန်းကျင် ရှိပါတယ်။ သူကတော့ ကိုယ်ပိုင်အိမ်လေးတစ်လုံးရဖို့ မျှော်လင့်ချက်နဲ့ ရန်ကုန်မြို့ရဲ့ လူနေရပ်ကွက်တွေကြားမှာ ငါးရှဥ့်ထောင်ပြီး ဘ၀ကို ဆက်လက်ရုန်းကန်နေဆဲ ဖြစ်ပါတယ်။
"သူများတကာ ချမ်းသာသလို မချမ်းသာချင်ဘူး။ စိတ်ကောင်း နှလုံးကောင်းနဲ့ ကိုယ့်ဟာကိုယ်ပေါ့ကွာ၊ ကိုယ်ပိုင်အိမ်လေးပေါ့။ ခြံလေးဆိုရင်လည်း သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် မဟုတ်တောင် ပေနှစ်ဆယ် ပေခြောက်ဆယ်လောက်လေး ဒီလိုပေါ့။ ဟိုပေါ့ အရမ်းကို ပြေလည်တဲ့ ရပ်ကွက်လေးမဟုတ်တာတောင်မှပေါ့၊ သူလိုကိုယ်လိုနေနိုင်တဲ့ ရပ်ကွက်မျိုးလေးမှာ နေရတယ်ဆို ကျေနပ်ပြီ"