ညမီးရောင်အောက်က အမျိုးသမီးအဆိုတော်များ

RFA Burmese
2025.01.07
ညမီးရောင်အောက်က အမျိုးသမီးအဆိုတော်များ အနုပညာသတင်းထောက်ကနေ အဆိုတော်အဖြစ်ပြောင်းပြီး ဘဝရပ်တည်နေသည့် မနဒီထိုက်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စားသောက်ဆိုင်စင်တင် တေးဂီတလောကမှာ အမျိုးသားတွေနဲ့အတူ အမျိုးသမီးငယ်တွေလည်း ရင်ပေါင်တန်း အလုပ်လုပ်လုပ်ကြပါတယ်။ ဒါပေမဲ့ ညဘက်မှာ လုပ်ရတဲ့အတွက် အမျိုးသမီးငယ်တွေဟာ အန္တရာယ်ပိုများတဲ့ အခြေအနေကိုရင်ဆိုင်ရင်း လုပ်ရတာမျိုးဖြစ်ပါတယ်။

အခုသီချင်းဆိုနေတဲ့ အမျိုးသမီးငယ်က အနုပညာသတင်းထောက်ကနေ အဆိုတော်အဖြစ်ပြောင်းပြီး ဘဝရပ်တည်နေတဲ့ မနဒီထိုက်ပါ။

"ကိုယ်လေးစားရတဲ့ အိပ်မက်ထဲမှာအမြဲတမ်းရှိနေခဲ့တဲ့ အဆိုတော်ကြီးတွေကိုလည်း အင်တာဗျူး လုပ်ခဲ့တယ်။ သူတို့ရဲ့ အတွေးခေါ် အသိပညာ သူတို့ပေးတဲ့ဗဟုသုတတွေကိုယူပြီးတော့ အားကျခဲ့ရပါတယ်။ ငါလည်း တစ်နေ့ကျရင် သူတို့လိုမျိုး အဆိုတော်ကြီးတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ကူးတွေ၊ အိပ်မက်တွေ ပေါက်ဖွားလာခဲ့ပါတယ်"

စားသောက်ဆိုင်စင်တင်တေးဂီတလောကမှာ အမျိုးသားတွေနဲ့အတူ အမျိုးသမီးငယ်တွေလည်း ရင်ပေါင်တန်း အလုပ်လုပ်ကြပါတယ်။ ဒါပေမဲ့ မူးယစ်ရီဝေနေတဲ့သူတွေ၊ ညအမှောင်တွေက အမျိုးသမီး အဆိုတော်တွေ အတွက်တော့ စိန်ခေါ်မှုများတဲ့အလုပ်တစ်ခု ဖြစ်နေပါတယ်။

“ဆိုင်တွေမှာလည်း မိန်းကလေးအဆိုတော်ဖြစ်တဲ့အတွက် ကာစတန်မာ (စားသုံးသူ) တွေရဲ့ နည်းနည်း ပါးပါးသွေးတိုးစမ်းချင်တာလေးတွေ ခံစားရတာရှိတယ်၊ အပြန်ကားငှားပြန်ရတယ်၊ အသွား ကားငှား သွားရတဲ့အချိန်မှာလည်း လမ်းမှာကြုံတွေ့ရတဲ့အခက်အခဲ၊ စိတ်အနှောင့်အယှက်လေးတွေရှိတယ်။ ကိုယ့်ဘာသာ အားတင်းပြီးတော့ သွားရလာရတယ်”

ညကြီးမိုးချုပ်မှ အိမ်ပြန်ရတဲ့ မိန်းကလေးအဆိုတော်တစ်ယောက်အတွက် ဝေဖန်ကဲ့ရဲ့တာတွေ ခံရပေမဲ့ မှီခိုနေတဲ့ မိသားစုအတွက် အားတင်းပြီး ဆက်ကြိုးစားနေရတယ်လို့ မနဒီထိုက်က ပြောပါတယ်။

"ကိုယ်တကယ်ဖြစ်ချင်ခဲ့တဲ့အဆိုတော်တစ်ယောက်ရဲ့ ရပ်တည်မှုနဲ့ အခုဖြစ်နေတဲ့ အဆိုတော်တစ်ယောက်ရဲ့ ရပ်တည်မှုနဲ့ အရမ်းကွာတယ်။ တစ်ခါတလေ စိတ်ဓာတ်ကျပြီးတော့ လက်လျှော့ချင်တယ်"

“ဒါတွေကိုကြောက်နေလို့မဖြစ်ဘူး။ ငါ့ခြေထောက်ပေါ်ငါ ရပ်တည်မှဖြစ်မယ်။ ငါရဲ့နောက်မှာ ငါ့ကိုမှီခိုတဲ့ မိသားစုရှိတယ်။ အဲတော့ ဒါတွေကို ငါတစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းမှဖြစ်မယ်”

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်သူဖြစ်တဲ့ မနဒီထိုက်က မွေးချင်းလေးယောက်ထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ဂီတအနုပညာကို မူလတန်းကျောင်းသူဘဝကတည်းက ဝါသနာပါခဲ့ပြီး အသက် ၁၁ နှစ် အရွယ်မှာတော့ မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲမှာ ဒုတိယဆု ရခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ အင်္ဂလိပ်စာအဓိကဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး၊ ၂၀၀၆ ကနေ ၂၀၁၃ အထိ အနုပညာသတင်းထောက်ဘဝနဲ့ ဖျော်ဖြေရေးမီဒီယာတွေမှာ အလုပ်လုပ်ခဲ့တာပါ။


ဆက်နွှယ်သောသတင်းများ

မြန်မာပြည်မှာ အမျိုးသမီးတွေ အန္တရာယ်ပိုများလာ

ဘားတွေမှာ သီချင်းဆိုရင်း ကိုယ်ပိုင်သံစဥ်တွေ ဖန်တီးနိုင်ဖို့ ကြိုးစားနေသူ

ဘေ့စ်ဂီတသမားကနေ လက်နက်ကိုင်လမ်းစဉ်ရွေးချယ်ခဲ့သူ ကေအိုင်အေ စစ်ဦးစီးချုပ်


သတင်းထောက်လုပ်ရင်း ၂၀၀၉ ခုနှစ်မှာ အတွဲခွေတွေ ထွက်ခဲ့သလို ၂၀၁၂ ခုနှစ်မှာ တစ်ကိုယ်တော် စီးရီးခွေကို ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မှန်းထားတဲ့ဘဝနဲ့ လက်ရှိဘဝ ကွဲပြားနေသေးတဲ့အပေါ်မှာတော့ စိတ်ကျေနပ်စရာ မရသေးပါဘူး။

"ကိုယ်တကယ်ဖြစ်ချင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ရဲ့ ရပ်တည်မှုနဲ့ အခုဖြစ်နေတဲ့ အဆိုတော်တစ်ယောက်ရဲ့ ရပ်တည်မှုနဲ့ အရမ်းကွာတယ်။ တစ်ခါတလေ စိတ်ဓာတ်ကျပြီးတော့ လက်လျှော့ချင်တယ်၊ ဒါပေမဲ့ ကိုယ် ဝါသနာပါတဲ့ အဆိုတော်အလုပ်နဲ့ အခုအသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ထပ်တူကျအောင် လုပ်ပြီးတော့ ရပ်တည်ရတာလဲ ကိုယ့်အတွက်က ကံကောင်းခြင်းတစ်ခုလိုပဲ မှတ်ယူပြီးတော့ပေါ့နော်၊ လိုချင်တဲ့ဘဝကို မရပေမဲ့လည်း ဆက်ပြီးကြိုးစားဖို့တော့ ဆုံးဖြတ်ထားပါတယ်"

အနုပညာသတင်းထောက်ကနေ အဆိုတော်အဖြစ်ပြောင်းပြီး ဘဝရပ်တည်နေသည့် မနဒီထိုက်ကို တွေ့ရစဉ်။ (Photo: RFA)
အနုပညာသတင်းထောက်ကနေ အဆိုတော်အဖြစ်ပြောင်းပြီး ဘဝရပ်တည်နေသည့် မနဒီထိုက်ကို တွေ့ရစဉ်။ (Photo: RFA)

သူ့လိုပဲ Underground Music သမားဖြစ်တဲ့ တေးသံရှင် - Jinn ကလည်း FM ရေဒီယိုတစ်ခုမှာ အလုပ် လုပ်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ အခုတော့ အဆိုတော်အလုပ်နဲ့ ရပ်တည်နိုင်ဖို့ မနဒီထိုက်ဆီကနေ အင်အားတွေရခဲ့တယ်လို့ ပြောပြပါတယ်။

"သူက အငယ်တွေကို အမြဲတမ်းလက်တွဲခေါ်ပေးတယ်၊ စင်ပေါ်မှာသီချင်းဆိုတာတွေ မှားတယ်၊ စိတ်ဓာတ်တွေကျပြီး ပြန်ဆင်းလာတယ်ဆိုရင် ညီမလေးဒီထက်အများကြီးလုပ်နိုင်တယ်၊ ဒီအမှားလေး က ဘာမှမဟုတ်ဘူး၊ ပြင်လိုက်ရင် ဒီထက်အများကြီးကောင်းသွားမှာ။ အဲဒီထက်သာတာတွေ အများကြီးရှိတယ်၊ စိတ်ဓာတ်မကျနဲ့။ တစ်ခုခုဆိုရင် အမြဲတမ်းအားပေးတယ်"

ပြည်တွင်းစစ်မီးတောက်နေတဲ့ အခုလိုအချိန်မှာ ဂီတဖျော်ဖြေပွဲပါတဲ့စားသောက်ဆိုင်တွေ ထိုင်ကြတာကလည်း လူတွေရဲ့အမြင်မှာ တစ်နည်းတစ်ဖုံ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီအလုပ်လုပ်နေရတဲ့အတွက် မနဒီထိုက်က ပျော်တယ်လို့ မခံစားရပါဘူးလို့ ဆိုပါတယ်။

"လူတွေ စားဝတ်နေရေးဒုက္ခတွေ မျိုးစုံကြုံနေရတဲ့အချိန်မှာ ဒီအလုပ် ပျော်လို့လုပ်တာမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအရ ရွေးချယ်ပြီးလုပ်ပါတယ်၊ စားဝတ်နေရေးအတွက်ရော၊ မိဘတွေအတွက်ရော ထောက်ပံ့တယ်၊ အသက် ၈၀ အရွယ်ရှိတဲ့ အဘိုးလည်းရှိတော့ အဘိုးကို ထောက်ပံ့ရင်းနဲ့ပဲ နဒီလည်း အဆင်ပြေပါတယ်ပေါ့နော်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။