ပုစွန်မြောင်း စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်
2024.10.07
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည်တွေ စုနေတဲ့ စခန်းတစ်ခုရှိပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ထိန်းချုပ်တဲ့ နယ်မြေထဲမှာပါ။ အိမ်ခြေ ၂၂ လုံးရှိပြီး လူဦးရေ တစ်ရာကျော် နေထိုင်ပါတယ်။ သူတို့ဟာ နိုင်ငံကျော် သတင်းစာဆရာ၊ စာရေးဆရာ ဖြစ်တဲ့ လူထုဦးလှရဲ့ဇာတိမြေဖြစ်တဲ့ ပုစွန်မြောင်းကျေးရွာက ဒေသခံတွေပါ။
သူတို့ရွာမှာ စစ်ကောင်စီတပ်နဲ့ KNU/KNLA, PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတဲ့အတွက် ဒီနေရာမှာ ၂ဝ၂၃ ခုနှစ်ကတည်းက တိမ်းရှောင်နေကြရတာပါ။ အသက်ဘေးအတွက် စစ်ဘေး ရှောင်နေကြရပေမယ့် လက်ရှိနေရာမှာ သူတို့ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲတွေ ရှိနေပါတယ်။
အဲဒီဒုက္ခသည်တွေထဲက တစ်ယောက်ကတော့ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေး လေးယောက်မိခင် မုဆိုးမ ဒေါ်ယုခိုင်ပါ။ သူ့ခင်ပွန်းက လွန်ခဲ့တဲ့ သုံးလလောက်က ဒီစခန်းမှာပဲ သေဆုံးသွားပြီး သူကတော့ ကျန်ခဲ့တဲ့ကလေးတွေနဲ့ ရုန်းကန်နေရသူပါ။
“နွေပိုင်းလေးတွေတော့ အလုပ်လေးရှိတော့ အဆင်ပြေတာပေါ့။ အခုလို မိုးတွင်းအခါကျတော့လည်း အလုပ်အကိုင်က မရှိတော့ဘူးပေါ့။ ကလေးတွေလည်း ငုတ်တုတ်၊ ကိုယ်လည်း ငုတ်တုတ်ပေါ့။ ရှိတာလေးစား၊ မရှိတော့လည်း သူများဆီက လှည့်ပတ်စားပေါ့။ နွေအခါကျတော့ ပြန်လုပ်ဆပ်ပေါ့”
သူတို့ဟာ စားသောက်ရေးအပြင် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ဖို့ကလည်း ဒုက္ခသည်တွေအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ စခန်းမှာရှိတဲ့ လူတစ်ရာကျော်အတွက် အိမ်သာက ငါးလုံးပဲ ရှိပါတယ်။ မိုးရာသီ ရေဝပ်တဲ့နေရာမှာ အမြဲ စိုစိုစွတ်စွတ်နဲ့ နေကြရသလို သန့်ရှင်းမှုကလည်း အားနည်းပါတယ်။
အသက် ၄၇ နှစ်အရွယ် ဒေါ်ဖြူနုတို့ အိမ်ကတော့ စခန်းရဲ့ ရေအဝပ်ဆုံးနေရာမှာပါ။ သူတို့အိမ်ကိုရောက်ဖို့ ပေါင်လယ်လောက်ရှိတဲ့ရေထဲ ဖြတ်သွားကြရတာပါ။
“နေရတဲ့ တဲလေးတွေက ကြည့်ဦးလေ။ ကျဉ်းကျဉ်းလေးတွေနဲ့ စားတော့လည်း ဒီနေရာတည်းတော့လည်း ဒီနေရာ။ အဲဒါ မြုပ်သွားလို့ တုတ်တွေထိုး၊ ဝါးလုံးတွေထိုးပြီး မြှင့်တင်ထားကြတာ”
အဲဒီအကျိုးဆက်ကတော့ ကျန်းမာရေးထိခိုက်ကြရတာပါ။ အဓိကအားဖြင့် စခန်းက ကလေးတွေ ဖျားတာ နာတာ အဖြစ်များတယ်လို့ ဒေါ်ဖြူနုက ဆိုပါတယ်။
“မကောင်းဘူး ကျန်းမာရေးတွေလည်း ဒီလိုပဲ ချောင်းဆိုးရှိတယ်။ ဖျားနာတာတွေရှိတယ်။ ကိုယ်ပူတာတို့ ဘာတို့ပေါ့။ ဒီလိုပဲ ဆေးမြီးတိုလေးတွေနဲ့ပဲ။ ဆေးခန်းသွားတဲ့အခါလည်း သွားလိုက်တယ်။ မသွားနိုင်တဲ့ ကလေးတွေကျတော့လည်း ဈေးဆိုင်က ဆေးမြီးတိုနဲ့ပဲ ဟိုဆေးလေးသောက်၊ ဒီဆေးလေးသောက်နဲ့ပဲ။ ပျောက်တဲ့သူလည်းပျောက် မပျောက်တဲ့သူလည်း ပိန်ပိန်လိမ်လိမ်နဲ့ပဲ”
သူတို့စခန်းမှာ အဲဒီလို အခက်အခဲတွေ ကြုံနေရပေမဲ့ သူတို့နေရပ် ပုစွန်မြောင်းရွာကို ပြန်ဖို့ကလည်း မဖြစ်နိုင်သေးပါဘူး။ ပုစွန်မြောင်းရွာမှာ လက်ရှိစစ်ကောင်စီတပ်က တပ်စွဲထားသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ရွာမှာရှိတဲ့ အိမ်ခြေ ၁၆ဝဝ ဝန်းကျင်မှာလည်း တိုက်ပွဲကြောင့် ပျက်စီးတာ ရှိသလို စစ်ကောင်စီက အိမ်ဖျက်တဲ့သူတွေဆီ ရောင်းစားတာကြောင့် ထက်ဝက်လောက်က ပျက်စီးနေပြီလို့ ပုစွန်မြောင်းကျေးရွာသားလည်းဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက ၃၇၀၃ တပ်ရင်းရဲ့ တပ်ရေးတာဝန်ခံ ရဲဘော်သီဟက ပြောပါတယ်။
“ကျွန်တော်တို့ဆီမှာ အများပြောတဲ့ ဖရဲသီးဆိုတာရှိတယ်။ ဘယ်ထဲမှာ ရှိလဲဆို စစ်ကောင်စီ၊ ရဲတပ်ဖွဲ့ထဲမှာ ရှိသလို ပျူတွေထဲမှာလည်းရှိတာပေါ့။ ရှိတဲ့အခါကျတော့ ဘယ်သူကတော့ ဘယ်သူ့အိမ်ကို ဖျက်သွားပြီ။ အဲဒီအိမ်ကို ဘယ်မှာပုံပြီးရောင်းနေတယ်။ နောက်တစ်ခါ ဝါယာကြိုးတွေ၊ ကျွန်တော်တို့ရွာဆိုလို့ရှိရင် လေးရာ ဗို့လိုင်းဆိုရင် ကြေးတွေနဲ့ချည်းပဲ လုပ်ထားတာ။ ၈ ဂိတ်တို့ ၆ ဂိတ်တို့ အဲဒီလို ဟာမျိုးတွေနဲ့ပဲ လုပ်ထားတာ။ ကျွန်တော်တို့ရွာက သုံးမိုင်ကျော်ရှိတယ်။ အဲဒီဟာအကုန်လုံးဆွဲထားတဲ့ လေးရာဗို့တွေ အကုန်လုံးလည်း သူတို့ ဖြုတ်ယူတယ်။ ကားတွေနဲ့ကဲ့တယ်။ .... အကုန်လုံးကိုတော့ တိတိကျကျ လိုက်ကြည့်လို့ မရသေးဘူးပေါ့။ ဘာလို့လဲဆိုတော့သူတို့က ရွာသုံးနေရာမှာ ထိုင်ထားတယ်ဆိုတော့ကျတော့။ ကျွန်တော်တို့ ဒီ scout drone တွေနဲ့ ကြည့်တာကတော့ အိမ်ခြေ တစ်ဝက်ကျော်လောက် မရှိတော့ဘူးပေါ့”
ဆက်နွှယ်သောသတင်းများ
နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ခြောက်သန်းခွဲကျော် ရှိလာကြောင်း ISP Myanmar ထုတ်ပြန်
ဒီပဲယင်းက စစ်ဘေးဒုက္ခသည်တွေ တစ်ရက်ကို ထမင်းတစ်နပ်သာ စားနေရ
သံတွဲက စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီလိုအပ်နေ
အဲဒီ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ ပုစွန်မြောင်းကျေးရွာအစပ်ကို RFA က ရောက်ခဲ့ချိန်မှာ ပျက်စီးနေတဲ့ အိမ်တွေတွေ့ရသလို စစ်ကောင်စီ တပ်စွဲခဲ့တဲ့ ဘုန်းကြီးကျောင်းမှာလည်း လျှပ်စစ်မီးကြိုးတွေကိုဖြုတ်ပြီး အထဲက ကြေးနန်းကြိုးတွေ ထုတ်ယူထားတာတွေ့ရပါတယ်။
အဲဒီလို ပျက်စီးသွားတဲ့ အိမ်တွေထဲမှာ ဒေါ်ဖြူနုရဲ့ အိမ်လည်း ပါသွားပါတယ်။ အဲဒီအိမ်ကို သူ လွယ်လွယ်ကူကူ ဆောက်ခဲ့တာတော့ မဟုတ်ပါဘူး။
“နှစ်ထပ်အိမ်ဆောက်ထားတာ။ မပြီးသေးဘူး။ အပေါ်လည်း မပြီးသေးဘူး။ အောက်လည်း မပြီးသေးဘူး။ ဘယ်နှနှစ်လောက်စုရလဲဆိုတော့ သစ်လေးရတော့ သစ်လေးဝယ်ထားလိုက်ပေါ့။ တိုင်လေးရရင် တိုင်လေး ဝယ်ထားလိုက်။ သုံးလုံးရရင် သုံးလုံးဝယ်တယ်။ လေးလုံးရရင် လေးလုံးဝယ်တယ်။ လေးငါးခြောက်နှစ်လောက် စုပြီးလုပ်တာတောင်မှ အကြွေးသွားတင်တယ်။ အဲဒါတောင် မပြီးသေးဘူး။ နှမျောတာပေါ့။ အစက ကြားခါစဆိုရင် လက်နက်ကြီးကျတယ်လို့ ကြားခါစဆိုရင် ရူးတောင်မှ ရူချင်တဲ့စိတ်ဖြစ်တယ်။ ဘာလို့လဲဆို စုထားတာက နည်းနည်း နည်းနည်း စုထားရတာ”
အဲဒီလို ပျက်စီးဆုံးရှုံးမှုတွေ၊ အခက်အခဲတွေ ရှိနေပေမဲ့ ဒေါ်ဖြူနုအပါအဝင် စစ်ဘေးဒုက္ခသည်စခန်းက လူတွေကတော့ သူတို့နေရပ်ဖြစ်တဲ့ ပုစွန်မြောင်းကျေးရွာကို ပြန်ချင်နေကြပါတယ်။
“ကိုယ့်ရွာပဲ ကိုယ်ပြန်ချင်တာပေါ့။ ဒီမှာ ခံစားချက် ဘယ်ကရှိမှာလဲ။ ကိုယ့်ရွာ ကိုယ့်ဓလေ့ပဲ ပျော်လည်းပျော်တယ်။ နေလည်း နေရတာ။ ဒီမှာကတော့ မဖြစ်သာလို့ နေရတာပဲ။ ခေတ်အခါကြီး အောင်ပါစေ ကိုယ့်ရွာ မြန်မြန်ပြန်ရပါစေပဲ ဆုတောင်းတယ်”