နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ခြောက်သန်းခွဲကျော် ရှိလာကြောင်း ISP Myanmar ထုတ်ပြန်

RFA Burmese
2024.10.04
နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ခြောက်သန်းခွဲကျော် ရှိလာကြောင်း ISP Myanmar ထုတ်ပြန် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ကန့်ဘလူဒေသခံများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဥ်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၆.၅ သန်းကျော် ရှိလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်အထိ သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့နေရာအနှံ့မှာ တိုက်ပွဲပေါင်း ၁၇,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံရဲ့ မြို့ ခုနစ်ဆယ်ရာခိုင်နှုန်းဟာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေဟာ မြို့ ၇၄ မြို့ကို သိမ်းပိုက်ထားသလို စစ်ကောင်စီအနေနဲ့လည်း အရှုံးတွေ ကြုံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံတွေမှာ နေ့စဥ် စားဝတ်နေရေး ကျပ်တည်းမှုတွေ ကြုံနေရတယ်လို့ မြိုင်မြို့နယ် စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲတွေက ဖြစ်နေတော့ အိမ်မှာနေမရ၊ နေစရာ အိမ်ကလည်း မီးရှို့ခံရတော့ အဆင်ပြေသလ်ို နေနေကြရတာ။ နေ့စဥ် သူတို့ရှင်သန်မှုက ခက်ခဲပါတယ်”

ဒါ့အပြင် စစ်ကောင်စီဘက်က လမ်းပန်းဆက်သွယ်ရေးတချို့ကို ဖြတ်တောက်ထားတာကြောင့် ဆေးဝါးတွေ အလွယ်တကူ သယ်လို့မရတာကြောင့် အသက်အရွယ်ကြီးသူတချို့ ကျန်းမာရေးပြဿနာတွေ ပိုကြုံတွေ့နေရတယ်လို့ သူက ဆိုပါတယ်။

ဒီသုံးနှစ်ကျော်အတွင်း ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ အရပ်သားတွေကို ကာကွယ်ပေးရေးတို့မှာ ပိုပြီးခက်ခဲလာတယ်လို့လည်း ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။